မင်းနိုင်သူ| စက်တင်ဘာ ၂၇၊ ၂၀၁၀
ဘုရင့်နောင်၊ အနော်ရထာနှင့် အလောင်းမင်းတရား မင်းသုံးပါးတို့ တည်ရှိရာအရပ်တွင် နေလုံးက မြင့်တက်လာသည်။ နေထွက်နေပြီ။ ထို့နောက်တွင်တော့ ဘုရားရုပ်ပွားတော် တဆူ။ မြင်ကွင်းကို ဆက်ချဲ့ကြည့်လိုက်သောအခါ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ရုပ်တုများနှင့် သာသနာပွဲခေါ် အုန်း၊ ငှက်ပျောနှင့် ထီးဖြူထိုးစိုက်ထားသည့် ဇလုံကြီး သုံးလုံး။
Showing posts with label သတင်း. Show all posts

September 27, 2010
NLD ၂၂ နှစ်ပြည့် ကျင်းပ
![]() |
| ဦးတင်ဦး အိမ်၌ ကျင်းပသော NLD ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဦးဝင်းတင် အမှာစကား ပြောကြားနေစဉ်။ (ဓာတ်ပုံ - Reuters) |
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားကို ပါတီ ဒု ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ယနေ့ကျင်းပကြောင်း သတင်းရရှိသည်။
မြန်မာ့အရေး အလေးထားရန် အိန္ဒိယကို တိုက်တွန်း
| နယူးဒေလီမြို့တွင် ကျင်းပသော မြန်မာ့အရေး အလုပ်ရုံ ဆွေးနွေးပွဲ။ (ဓာတ်ပုံ - ဧရာဝတီ) |
မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အိမ်နီးချင်း အိန္ဒိယနိုင်ငံအနေဖြင့် မှန်ကန်သော တုံ့ပြန် တိုက်တွန်းမှုများ ပြုလုပ်သင့်ကြောင်း အိန္ဒိယရှိ မြန်မာ့အရေးလှုပ်ရှားသူများက ပြောဆိုလိုက်သည်။
မွန်သံဃာတပါးကို ထောင်ဒဏ် ၁၅ နှစ်ချ
![]() |
| ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း သံဃာနှင့် ရန်ကုန်လူထု (photo - robertamsterdam.com) |
ဝန်ထမ်းများထံမှ ကြိုတင်မဲစာရင်း ကောက်ယူ
နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် တက်ရောက်နေသော သင်တန်းသား ဝန်ထမ်းများထံမှ သက်ဆိုင်ရာ ဌာနအလိုက် ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။
AFC ဖလား ဘောလုံးပြိုင်ပွဲ ရတနာပုံ ဗိုလ်စွဲ
![]() |
| AFC ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ရတနာပုံ ဘောလုံးကလပ်အသင်းနှင့် ဒိုဒွိုင်း - ဘစ်ရှက် အသင်းတို့ အကြိတ်အနယ် ကစားနေကြစဉ် (ဓာတ်ပုံ - ရတနာပုံ FC ဝက်ဘ်ဆိုက်) |
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုခြင်းသည် နိုင်ငံရေး လှည့်စားမှုဟု ပြောဆို
စိုင်းဇွမ်ဆိုင်း၊ SATURDAY September 25, 2010
ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ပြုလိုက်ခြင်းသည် ပြည်သူလူထုကို နိုင်ငံရေးအရ လှည့်စား လိုက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုသည်။

ဟင်္သာတတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး
ဇာနည်မာန်၊ စက်တင်ဘာ ၂၅၊ ၂၀၁၀
ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် တက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ယမန်နေ့ညက သေဆုံးသူ ကို အာဏာပိုင်များက ယနေ့သဂြုင်္ိဟ် စေခဲ့ပြီး ဆူပူမှုဖြစ်မည်စိုး၍ လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သတင်းရရှိ သည်။

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း
ရန်ပိုင်၊ စက်တင်ဘာ ၂၄၊ ၂၀၁၀
ပဲခူးတိုင်း သာယာဝတီမြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့်အတွက် တစည ပါတီက အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က သာယာဝတီမြို့နယ် မြောက် ၀ါးလေးရုံရွာရှိ “တစည” ပါတီဝင် ၁၆ ဦး၏ ပါတီဝင်ကတ်ပြားများကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးစန်းဝင်းက သိမ်းယူပြီး ပါတီပြောင်းခိုင်းသည့်အတွက် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သာယာဝတီ မြို့နယ် တစည ပါတီ စည်းရုံးရေးမှူး ဦးလှကြိုင်က ဧရာဝတီသို့ ပြောသည်။
“မင်းတို့ ကြံ့ခိုင်ရေးကလွဲရင် တခြားဘယ်ပါတီမှ မ၀င်ရဘူး၊ “တစညပါတီ” နိုင်လည်း ရှုံးမှာပဲ၊ ငါတို့ ကြံ့ဖွံ့ နိုင်ရင် “တစည” ဘာဖြစ် သွားမလဲ သိလား”ဟု ဦးစန်းဝင်းက ပြောကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တစည ပါတီဝင်များသည် ၎င်းတို့ ပါတီဝင်ကတ်များကို ပြန်လည်တောင်းခံသော်လည်း ဦးစန်းဝင်းက သာယာဝတီမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ပြန်မပေးနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု သိရသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီ ၏ အနိုင်အထက် ပြုကျင့်မှုများပိုမို များပြားလာ သည့်အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အပြင် သုံးဆယ်မြို့ ရဲစခန်းတွင်ပါ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးလှကြိုင်က ဆက်လက်ပြောသည်။
သာယာဝတီခရိုင် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကလည်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အကြောင်းကြားထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ယခုကိစ္စမှာ မိမိတို့ ကော်မရှင်မှ အရေးယူ၍ မရသည့်အတွက် ရဲစခန်းတွင်သာ အမှုဖွင့်တိုင်ကြားပါဟု တစည ပါတီကို ပြောကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။
“တစည”ပါတီသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲပြီး ၁၉၈၈ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်း ပါတီတွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးထွန်းရီ၊ ဦးသန်းတင်၊ ဦးချစ်လှိုင်စသည့် ဗိုလ် ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။
သာယာဝတီမြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်းစည်းရုံးရေးမှူး ဦးဝင်းသန်းကလည်း“ တခြား ပါတီတွေ စည်းရုံးရေး ဆင်းရင်၊ ဟောပြောပွဲလုပ်ရင် နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ အသံချဲ့စက် ငှားမရအောင် လုပ်တယ်၊ လူထုမလာ ရဲအောင် ရဲသတင်းဖွဲ့က ဗီဒီယိုရိုက်ပြီး အနှောင့်အယှက် ပေးတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီသည် ကျန်သည့် ပါတီများစည်းရုံးရေး မဆင်းနိုင်အောင် ပြုလုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုသော လက်ရှိအာဏာရရှိနေသူများ ပါဝင်နေသည့် ပါတီ အနေဖြင့် ထိုသို့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
သာယာဝတီခရိုင်တွင် ကြံ့ဖွံ့ပါတီ ၊ တစည ပါတီ၊ ဒီမိုကရက်တစ် ပါတီ( မြန်မာ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

January 5, 2009
ဝဒေသ အမည်ပြောင်းပြီ
ဇာနည်ဝင်း | ဇန်နဝါရီ ၅၊ ၂၀၀၈
အပစ် အခတ် ရပ်စဲရေး အဖွဲ့တခု ဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီက ၎င်းတို့၏ ဒေသကို “မြန်မာ နိုင်ငံတော် ၀ ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေး ဒေသ” ဟု စတင်သုံးစွဲ နေပြီဖြစ်ကြောင်း တရုတ်မြန်မာနယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။
ရုံးသုံးတံဆိပ်တုံးများကို အစားထိုးပြင်ဆင်ပြီးဖြစ်ကြောင်း၊ ယခုလ ၁ ရက်နေ့ကစပြီး စတင်သုံးစွဲခဲ့ကြောင်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပြသည်။
“သဘောက ဘာကို ဖော်ပြသလဲ ဆိုတော့ သူတို့ကလည်း ပြည်နယ်တခုဆိုတဲ့ သဘောပေါ့” ဟု ဦးအောင်ကျော်ဇော်က သုံးသပ်ပြသည်။
ဝပြည် သွေးစည်းညီညွတ်ရေးပါတီတွင် စစ်သည်အင်အား နှစ်သောင်း ၀န်းကျင်ရှိမည်ဟု ယူဆရသည့် ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဟုခေါ်သော လက်နက်ကိုင်အဖွဲ့ကြီးတခု ရှိသည်။
ဝ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ အထူးဒေသ အမှတ် - ၂ အဖြစ် စစ်အစိုးရ သတ်မှတ်ပေးသော ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားခဲ့သည်။
ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ” တွင်လည်း ၀ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း အဖြစ် ထည့်သွင်း ပြဌာန်းထားပြီးဖြစ်သည်။
အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ်အရှေ့ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ်မြန်မာနယ်စပ်တွင် တည်ရှိသည်။
ပြည်ပရောက် အတိုက်အခံများ ရေးဆွဲထားသည့် အခြေခံဥပဒေ မူကြမ်းတခုတွင်လည်း ၀ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးကို သဘောတူထားသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ဆိုသည်။
စစ်အစိုးရက ဤအပြောင်းအလဲကို သဘောတူပါက စစ်အစိုးရတပ်များနှင့် ၀ တပ်ဖွဲ့များ စစ်ရေးအရ ရန်စောင်နေမှုများ လျော့ကျသွားနိုင်သည်ဟု ဦးခွန်ဆိုင်းက သုံးသပ်သည်။
“သူတို့မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ပြည်နယ် ထူထောင်နိုင်တယ်လို့ ဒီ ရှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းထဲမှာ ပြဌာန်းထားပါတယ်” ဟု ဦးခွန်ဆိုင်းက ရှင်းပြသည်။
“အဆုံးသတ်အနေနဲ့ ပြောမယ်ဆိုရင် အကောင်းဘက်ကိုပဲ သွားမှာပါ။ သူက သူလိုချင်တဲ့ အခွင့်အရေးတွေ တောင်းနေတာပဲ။ ရသင့် ရထိုက်တာပဲ။ သို့သော်လည်းပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေက သူတို့လည်း နားလည်တာပါပဲ။ သူ့ရဲ့ အိမ်နီးနားချင်းတွေအားလုံး သဘောတူညီတဲ့ အခြေအနေ ဖြစ်ရမှာပေါ့။ အဲဒီလိုမဖြစ်ဘူးဆိုရင် သူ ရေရှည် ဘယ်လို တည်တံ့နေနိုင်မလဲ” ဟု ရှမ်းပြည်နယ်ရေးရာသတင်းများကို အထူးပြု လေ့လာရေးသားသူ ဦးခွန်ဆိုင်းက သုံးသပ်လိုက်သည်။

ဂျာနယ်၊ မဂ္ဂဇင်းအစောင် ၃၀ ကျော် လိုင်စင်သိမ်းခံရ
အေးချမ်းမြေ့ | ဇန်နဝါရီ ၅၊ ၂၀၀၉
ငွေကြေး အခက် အခဲကြောင့် ဆက်လက် သက်တမ်း တိုးနိုင်ခြင်း မရှိသည့် ပြည်တွင်း အပတ်စဉ် ဂျာနယ် ၁၁ စောင်နှင့် မဂ္ဂဇင်း အစောင် ၂၀ တို့ကို မြန်မာ နိုင်ငံ စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနက ထုတ်ဝေခွင့် ဖျက်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဂျာနယ်မဂ္ဂဇင်းများထဲတွင် Trend ရေစီးကြောင်း ဂျာနယ်၊ ဂီတကမ္ဘာ ဂျာနယ်၊ မဟာ ဂျာနယ်၊ စာအုပ်လောကမဂ္ဂဇင်း၊ သက်တန့်ရောင်စဉ် ဂျာနယ် အစရှိသဖြင့် နာမည် အနည်းငယ်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များ ပါဝင်သည်။
“ထုတ်ဝေခွင့်တွေ တင်လို့ရတယ်ဆိုတုန်းက အသည်းအသန်တင်ကြပြီး တကယ်တမ်းကျတော့ မလုပ်နိုင်ကြ တော့ဘူး။ သက်တမ်းတိုးဖို့ဆိုတာက တနှစ်တနှစ် သိန်းနဲ့ချီပြီးသွင်းရတာ။ ဂျာနယ်မဂ္ဂဇင်းလုပ်တယ်ဆိုတာ နောက်ခံဘက်ဂရောင်း တောင့်မှ။ မဟုတ်ရင် ခွက်ခွက်လန်အောင် ရှုံးတာပဲ” ဟု ပြည်တွင်း မဂ္ဂဇင်းတစောင်မှ အယ်ဒီတာတဦးက ပြောသည်။
မဂ္ဂဇင်း၊ ဂျာနယ်များကို ထုတ်ဝေခွင့်ချပေးပြီးသည်နှင့် တပြိုင်နက် တနှစ်တခါ သက်တမ်းတိုးရန် လိုအပ်ပြီး သက်တမ်းမတိုးနိုင်သည့် မဂ္ဂဇင်း၊ ဂျာနယ်များကို လိုင်စင်ပိတ်သိမ်းခြင်းဖြစ်သည်။
ယခုလိုင်စင်ပိတ်သိမ်း ခံရသည့် ဂျာနယ်နှင့် မဂ္ဂဇင်း ၃၁ စောင်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ကတည်းက သက်တမ်း ဆက်လက် တိုးနိုင်ခြင်း မရှိတော့သဖြင့် ပိတ်ခံရခြင်းဖြစ်ကြောင်း ယနေ့ဖြန့်ချိသည့် ရန်ကုန်အခြေစိုက် The Voice အပတ်စဉ်ဂျာနယ် တွင် ရေးသားထားသည်။
လက်ရှိမြန်မာပြည်တွင်းရှိ မဂ္ဂဇင်းနှင့် ဂျာနယ်ဈေးကွက်ကို အောင်မြင်သည့် မီဒီယာအုပ်စုကြီးများက သိမ်းပိုက်ထားခြင်းဖြစ်ပြီး လူအင်အား၊ ငွေအင်အားနှင့် အစိုးရ နောက်ခံအင်အား ကောင်းကောင်းရှိမှသာ အောင်မြင်သော မဂ္ဂဇင်း၊ ဂျာနယ်တစောင်ဖြစ်နိုင်ကြောင်းနှင့် ဖျက်သိမ်းခံရသော ဂျာနယ်များ၊ မဂ္ဂဇင်းများမှာ နောက်ခံ ငွေအင်အား၊ လူအင်အား တောင့်တင်းခြင်း မရှိဘဲ တဦးတည်းပုံစံဖြင့် တိုးဝင်လုပ်ကိုင်သူများ ဖြစ်ကြောင်း မဂ္ဂဇင်းအယ်ဒီတာက ရှင်းပြသည်။
ယခုအခါ စီးပွားရေးအရ အောင်မြင်ရပ်တည်နိုင်သည့် မီဒီယာအုပ်စုများမှာ စုစုပေါင်း လည်ပတ်နေသည့် ဂျာနယ်၊ မဂ္ဂဇင်း ၂၀၀ ကျော်တွင် ၁၀ ခုအောက်သာရှိတော့သည်။ ၎င်းတို့ထဲတွင် မြန်မာတိုင်းမ်စ်၊ ဝီးကလီးအလဲဗင်း၊ ရန်ကုန်မီဒီယာ၊ လစ်ဗင်းကာလာ၊ ကုမုဒြာ၊ ရွှေအမြုတေ စသည့် မီဒီယာအုပ်စုများ ပါဝင်သည်။
“စီးပွားဖြစ် ဂျာနယ်ကြီးတွေဆိုရင် တပတ်လောက် နားလိုက်ရတာနဲ့ ငွေတွေ အများကြီး ဆုံးရှုံးရတာ။ ဒီတော့ အဆင်ပြေအောင်၊ ဂျာနယ်အနားမခံရအောင်လည်း လုပ်ရတယ်။ ပေါ်လစီဆောင်းပါး အတွက် စာမျက်နှာ ပေးရတာလောက်က ဘာမှ မဟုတ်သေးဘူး၊ မထည့်စေချင်တာ မထည့်မိဖို့၊ ဖြုတ်ခိုင်းတာ ဖြုတ်ဖို့ အထူးသတိထားရတယ်” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
၂၀၀၈ ခုနှစ်အတွင်းက ဦးဝင်းတင်အကြောင်းကို ဖော်ပြခဲ့၍ ၂ လပိတ်ခံရသော အက်ရှင်တိုင်းမ် ဂျာနယ်ဆိုလျှင် ပိတ်ရက်ကာလ ကျော်သွား၍ ထုတ်ဝေခွင့်ပြန်လည်ရရှိသည့်တိုင်အောင် ဆက်လက် ထုတ်ဝေခြင်း မပြုနိုင်တော့ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့်အသိုင်းအဝန်းမှ ကြားသိရသည်။
“အရင်ကတည်းက စီးပွားရေးအရ သိပ်တွက်ခြေကိုက်တာမဟုတ်ဘူး။ ၂ လပိတ်ခံလိုက်ရတော့ တော်တော် လေးထိသွားတယ်။ နောက်ပြီး ဆက်ထွက်ရင်လည်း ဂျာနယ်ကို စိစစ်ရေးက ပိုပိုပြီးကြပ်မှာဆိုတော့ နောက်က တခြားစီးပွားရေးတွေပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် ဆက်မထုတ်တော့တာလို့ ကြားပါတယ်” ဟု အက်ရှင်တိုင်းမ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ တဦးကပြောသည်။

ရန်ကုန် လုံခြုံရေး အထူးတင်းကျပ်
အောင်သက်ဝိုင်း | ဇန်နဝါရီ ၅၊ ၂၀၀၉
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချူပ် ချထားခြင်းမှ ပြန်လည် လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ် ၉ ဦးတို့ လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ရန်ကုန်မြို့တွင် လုံခြုံရေး အထူးပြန်လည် တင်းကျပ် ထားကြောင်း ကြားသိရသည်။
စစ်အစိုးရသည် လူထုဆန္ဒပြမှုများ ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် လူသွား လူလာ များပြားသည့် အဓိက အချက်အချာကျ လမ်းဆုံ လမ်းခွများ အပါအ၀င် ရန်ကုန် မြို့တော်၏ နေရာဒေသ အတော် များများတွင် လုံထိန်းရဲများ ထူထပ်စွာ ချထားကြောင် လုံထိန်းရဲများ ချထားပြီး တပ်မ ၇၇ မှ စစ်သားများ တင်ဆောင် ထားသည့် စစ်ကား တချို့လည်း ရန်ကုန် လမ်းမကြီး များပေါ်တွင် လှည့်လည် သွားလာနေကြောင်း သိရသည်။
“အရင်ကတည်းက လုံခြုံရေးက တင်းကျပ်နေတာ။ အခု လုံထိန်းရဲ အရေအတွက် ပိုများလာတယ်။ ပိုပြီး တော့လည်း နေရာစိပ် လာတယ်။ ရန်ကုန် - ပြည် ကားလမ်းမကြီး အပါအ၀င် မြို့ထဲလာတဲ့ ကားလမ်းမကြီးတွေ တလျှောက် ပေ ၂၀ ကျော်ခြားနေရာတိုင်း လုံထိန်းရဲ သုံးယောက်ဆီ လက်နက် အပြည့်အစုံနဲ့ ချထားတယ်။ မြို့ထဲကို လိုင်းကားနဲ့သွားရင် လမ်းတလျှောက် လုံထိန်းရဲတွေချည်းပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
ရန်ကုန် ကားလမ်းမကြီးများ တလျှောက်တွင်သာမက မြို့ထဲရှိ အသုံးမပြုတော့သော အစိုးရရုံး အဆောက်အအုံများအတွင်းတွင်လည်း လုံထိန်း တပ်ရင်းများ တိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဝန်ကြီးများရုံး၊ ဂရင်းမီးရထားဟိုတယ်၊ ပြည်သူ့လွှတ်တော် အဆောက်အအုံနှင့် အသုံးမပြုတော့သည့် တခြား အစိုးရ၀န်ကြီးဌာန ရုံးများတွင်လည်း လုံထိန်းရဲ ကင်းပုန်းတွေ ချထားသည်ဟု ၎င်းကဆက်ပြောသည်။
“၀န်ကြီးများရုံးထဲမှာ ဆိုရင် အချုပ်ကား၊ မီးသတ်ကားတွေနဲ့ ဒိုင်းတွေ၊ သံဆူးကြိုးတွေတင်ထားတဲ့ အပြာရောင် ရဲကားတွေ ရပ်ထားတယ်။ လွှတ်တော်အဆောက်အအုံ အနောက်ဘက်မှာလည်း လုံထိန်းရဲကားတွေ အများကြီးပဲ” ဟု ရန်ကုန်မြို့ခံတဦးက ရှင်းပြသည်။
စစ်အစိုးရအနေဖြင့် လက်ရှိတိုးမြှင့်ချထားသော လုံခြုံရေးအခြေအနေသည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ပြုလုပ်ခဲ့သော လုံခြုံရေးပုံစံကဲ့သို့ပင် ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“ရွှေတိဂုံဘုရား ပတ်ဝန်းကျင်က ဓမ္မာရုံတွေနဲ့ ဘုရားပတ်ဝန်းကျင်မှာလည်း ရဲနဲ့စစ်သားတွေက ကင်းပုန်းတွေ ၀ပ်နေတုန်းပဲ။ ဘုရားပေါ်မှာလည်း အရပ်ဝတ်ရဲ၊ ထောက်လှမ်းရေး၊ စွမ်းအားရှင် အကုန်ရှိတယ်။ ၂၀၀၇
စက်တင်ဘာတုန်းကလို ပုံစံလိုမျိုးပဲ” ဟု ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ရှိ ပန်း၊ ဆီမီး အရောင်းဆိုင် ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။
“ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မကသာ နိုင်စမြဲပါ။အခုအချိန်မှာ အဓမ္မသားတွေ ဘုရားမြေပါမကျန် သေနတ်ကိုင် စောင့်ကြပ်နေကြတာက သူတို့မှာ အကြောက်တရား ကြီးနေတာကို ပြနေသလိုပဲ” ဟု ဗဟန်းမြို့နယ်မှ
စမ္မာစရိယဖြေဆိုမည့် သက်တော် ၃၀ ကျော်အရွယ် စာသင်သားသံဃာတဦးက မိန့်ကြားသည်။
စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဟန့်တားမည့် မည်သည့် အတားအဆီး၊ အနှောင့်အယှက် မှန်သမျှကို မဆို တွန်းလှန်ဖယ်ရှားသွားမည်ဟု မကြာခဏဆိုသလို ကြုံးဝါးလျှက်ရှိသည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က NLD လူငယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကိုထွန်းထွန်းဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုပြည့်ပြည့်အောင်၊ ကိုဝင်းမြင့်မောင်၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုဖြိုးဝေ၊ ကိုရဲနည်စိုး၊ မထက်ထက်ဦးဝေတို့ ၉ ဦးသည် ပင်နီတိုက်ပုံများဝတ်ဆင်လျှက် အင်္ဂလိပ်ဘာသာဖြင့်
ရေးထားသည့်`ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေး´ ဆိုသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ စာတန်းကို ကိုင်ဆောင်ပြီး NLD ရုံးချုပ်တည်ရှိရာ ရွှေဂုံတိုင်မှ ရန်ကုန် - ပြည်လမ်းအတိုင်း ငြိမ်းချမ်းစွာ လမ်းလျှောက်လာစဉ် ပြည်သူ့လွှတ်တော် အဆောက်အအုံအနီး၌ လုံထိန်းရဲများက ရိုက်နှက်ဖမ်းဆီးပြီး ရဲကားများဖြင့် ခေါ်ဆောင် သွားခဲ့သည်။
ထိုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့က လူငယ်များအား မြှောက်ပင့်ပေးသော ကြောင့် ဖြစ်ရသည်ဟု ယနေ့ထုတ် ဝီးကလီးအလဲဗင်း အပတ်စဉ်ဂျာနယ်ပါ စစ်အစိုးရပေါ်လစီဆောင်းပါးတွင် ရေးသားထားသည်ကို တွေ့ရသည်။

December 30, 2008
ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ စည်ကားစွာကျင်းပ
ကြည်ဝေ | ဒီဇင်ဘာ ၃၀၊ ၂၀၀၈
ကရင် အင်္ကျီ အနီရောင်လေး ၀တ်ထားသော အသက် ၄ နှစ်အရွယ် စောဂေးမူးသည် စင်မြင့် ပေါ်တွင် ခပ်မတ်မတ် ရပ်ကာ ထောင်သောင်းမက များပြားလှသော လူအုပ်ကြီးဆီသို့ တချက်လှမ်းကြည့်လိုက်ပြီး သူမှတ်မိနေသမျှ သော ကရင်အက္ခရာများကို ကရင်သံဖြင့် ပီပီသသ စတင် ရွတ်ဆိုလေတော့သည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ကရင်ကျမ်းစာသင် ကျောင်း၌ကျင်းပသော ယခုနှစ် ကရင်နှစ်သစ်ကူးပွဲတွင် ပြုလုပ်သည့် ကရင်စာရွတ်ပွဲကိုလာကြည့်ကြသော ကရင်တိုင်းရင်းသားပရိသတ်က စောဂေးမူးလေး၏ ပီသသော စာရွတ်သံနှင့် မကြောက်မရွံ့ဟန်ပန်တို့ကို သဘောကျစွာဖြင့် လက်ခုပ်တဖြောင်းဖြောင်း တီးလျှက်ရှိသည်။
စောဂေးမူးလေးအလှည့်ပြီးလျှင် သူ့အလှည့်ြ့ဖစ်သည်ဟု ဆိုကာ ကရင်အင်္ကျီအဖြူရောင်လေးနှင့် ခုန်ဆွ ခုန်ဆွ ဖြစ်နေသူ အသက် ၃ နှစ်အရွယ် စောတော်ထီးကလည်း ခုပင် သူ့ထက်သာအောင် ရွတ်ဆိုလိုက်ချင်စိတ်ဖြင့် ပိုပြီးတက်ကြွလာကာ စင်ပေါ်တက်ပြီး စာရွတ်ရန် ဟန်တပြင်ပြင်နှင့် အဆင်သင့်ဖြစ်လျှက်ရှိလေပြီ။
ကရင်ရိုးရာအင်္ကျီလေးများ ၀တ်ထားကြသော အသက် ၃နှစ် မှ ၁၀ နှစ် ၀န်းကျင်အရွယ် ကရင်ကလေး ငယ် များ သည် စာရွတ်ပြိုင်ရန်အတွက် အဆင်သင့်ဖြစ်လျှက်ရှိကြသလို၊ သူတို့၏ မိဘများသည်လည်း လူအုပ်များကြားမှာ လည်တဆန့်ဆန့်နှင့် စောင့်စားနားထောင်ရင် တပြုံးပြုံးနှင့် ၀မ်းသာပီတိဖြစ်နေကြသည်ကို တွေ့မြင်ရသည်။
"ခုလို ကလေးတွေ ကရင်စာဖတ်သံကို တနှစ်မှ တကြိမ်ပဲ ကြားရတော့တယ်၊ ကရင်ကျောင်းတွေပိတ်လိုက် ကတည်းက ကရင်စာတွေပျောက်ကုန်တော့တာပဲ၊ အရင်ကလို ကလေးတွေ ကရင်စာ သင်ခွင့်ရရင် ဘယ် လောက်ကောင်းမလဲ လို့ တောင့်တမိတယ်" ဟု စောဂေးမူး၏ အဘွားဖြစ်သူ အသက် ၇၃ နှစ်အရွယ် ကရင်အမျိုးသမီးကြီးသည် ဝေ့ကျလာသော မျက်ရည်စက်များကို ငုံ့သုတ်ရင်းပြောဆိုသည်။
ကရင်စာပေမှာ ဖတ်စာနှင့်ပင် အထက်တန်းအဆင့်ထိ သင်ကြားနိုင်ပြီး မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဦးနေ၀င်းအစိုးရ လက်ထက်အထိပင် ကရင်ရွာများတွင် ကရင်ကျောင်းများ ဖွင့်ခွင့်ရှိခဲ့ကြောင်း၊ အဆိုပါ ကရင် ကျောင်းများမှာ အစိုးရ အသိအမှတ်ပြု ကရင်ဖတ်စာအုပ်များ ထုတ်ဝေခဲ့ပြီး ကရင်စာများသင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
စစ်အစိုးရလက်ထက်ရောက်မှ ကရင်ကျောင်းများပိတ်ခဲ့ရပြီး ကရင်ဖတ်စာထုတ်ဝေခွင့်လည်း ပျောက်ဆုံးခဲ့ရကာ မဆလ လက်ထက်မှထုတ်ဝေခဲ့သော ကရင်ဖတ်စာအုပ်အဟောင်းများကိုသာ မိတ္တူကူးလေ့လာကြရကြောင်း စောဂေးမူး၏ အဘွားက ပြောပြသည်။
ယခုကဲ့သို့ စာရွတ်ပြိုင်ပွဲပြုလုပ်ခြင်းအားဖြင့် ကရင်မိသားစုများအနေနှင့် သူတို့ငယ်စဉ်က သင်ကြားခဲ့ရသော ကရင် စာအုပ်ဟောင်းများကို ရှာဖွေထုတ်ယူလာကြကာ သားသမီးများကို သင်ကြားပေးရန်အတွက် သတိပြန်ရ လာ စေခဲ့ကြောင်း စောတော်ထီး၏ ဖခင်ဖြစ်သူကလည်း ပြောဆိုသည်။
ကရင် သက္ကရာဇ် ၂၇၄၇ မှ ၂၇၄၈ သို့ ကူးပြောင်းသည့် ယခုနှစ် ကရင်နှစ်သစ်ကူးပွဲအပါအ၀င် နှစ်စဉ်နှစ်တိုင်း ကရင်စာရွတ်ပြိုင်ပွဲ၊ ကရင် ဖက်ရှင်ရှိုးပြိုင်ပွဲ၊ ကရင်ဒုံးပြိုင် ပွဲ၊ ကရင် ရိုးရာလက်ဝှေ့ ပြိုင်ပွဲ စသဖြင့် ပြိုင်ပွဲ အမျိုးမျိုး နှင့် စာပေနှင့် ယဉ်ကျေးမှု ပြခန်းများ ထည့်သွင်းခြင်းအားဖြင့် ကရင်ရိုးရာနှင့်ယဉ်ကျေးမှုကို တနည်းအားဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက ပြောသည်။
နှစ်စဉ်ကျင်းပလျက်ရှိသော ကရင်နှစ်သစ်ကူးပွဲကျင်းပရန်အတွက် စစ်အစိုးရထံသို့ ၂ လ အလိုကတည်းက ကြို တင် ခွင့်တောင်းခြင်း၊ ပြခန်းများ၊ ပြိုင်ပွဲများပြုလုပ်မည့်အကြောင်း အသေးစိတ်စာရေးတင်ရခြင်းများပြုလုပ်ခဲ့ရ ကြောင်း၊ ပြခန်းများမပြမီ အကြိုနေ့တွင် သက်ဆိုင်ရာမှ လာရောက်စစ်ဆေးကာ တချို့ဓာတ်ပုံများနှင့် စာစောင် များ၊ ပြခန်းထဲမှ စာတန်းတချို့တို့ကို ပြခန်းမပြမီ ၂ နာရီအလိုတွင် လာရောက်ဖြုတ်ခိုင်းသောကြောင့် ဖြုတ်ပေးခဲ့ ရ မှုများရှိသည်ဟုလည်း ၎င်းကဆိုသည်။
"ယဉ်ကျေးမှုပြခန်းမှာ စောဘဦးကြီးတို့လို ကရင်ခေါင်းဆောင်တွေရဲ့ ပုံတွေ၊ ကေအန်ယူ ခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ သူတို့ အကြောင်းတွေကိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းကနေ ဒီနေ့အထိ ချိတ်ခွင့်မပေးဘူး၊ အထူး သဖြင့် ကေအန်ယူနဲ့ပတ်သက်တာ ဘာမှ ပြခွင့်မရဘူး"ဟု အဆိုပါ အဖွဲ့ဝင်က ဆိုသည်။
တနှစ်တကြိမ် ထုတ်ဝေနေကြ ကရင့်ကြေးမုံမဂ္ဂဇင်းတွင်လည်း ယခုနှစ်တွင် ပိုမိုတင်းကျပ်လာခဲ့ရာ ကရင်သမိုင်း ကြောင်းကိုပေါ်လွင်စေသော ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု စသည့်စာပေများကို သက်ဆိုင်ရာမှ တိုင်းရင်းသား ညီညွှတ်ရေးကို ပျက်ပြားစေသည်ဟု အကြောင်းပြချက်ဖြင့် ဖြုတ်ပယ်ခိုင်းခြင်းများပြုလုပ်လာသည်ကို တွေ့မြင်ရ သည်။
"ဒါကတော့ minority right လူနည်းစု တိုင်းရင်းသားအခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ၊ စာပေကို သင်ခွင့် မပေးဘူး၊ သမိုင်းကို သိခွင့်မပေးဘူးလို့ပြောလိုက်တဲ့ သဘောပဲ" ဟု ကရင်ခေါင်းဆောင်တဦးက သုံးသပ်သည်။
ထိုကဲ့သို့ကန့်သတ်မှုများကြားမှာပင် ယခုနှစ်ပြခန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြခန်းကို စတင် တိုးချဲ့ ပြသနိုင်ခဲ့ကြောင်း၊ ထိုပြခန်းများမှာလည်း လူဝင်များသော ပြခန်းများဖြစ်သည်ကို တွေ့မြင်ရ ကြောင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်က ပြောဆို သည်။
"နာဂစ်မှာ ခံလိုက်ရပြီးကတည်းက လူတွေကြားထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာက အရေးကြီး တယ် ဆိုတာ အားလုံးကို သတိပေးလိုက်သလို ဖြစ်ကုန်ကြတယ်၊ ကရင်တွေတော်တော်များများ ၀င်လာပြီး ကြည့်ကြတယ်၊မေးမြန်းကြတယ်" ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြခန်းမှ တာဝန်ရှိသူ တဦးကရှင်းပြ သည်။
နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းနေထိုင်လျက်ရှိသော ကရင်ရွာများမှာ ၉၇ ရာနှုန်း ခန့်အထိ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ကရင်နှစ်သစ်ကူးပွဲကို ရန်ကုန်မြို့အတွင်း အင်းစိန် ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်းနှင့် အလုံမြို့နယ်တို့တွင် ဒီဇင်ဘာ ၂၇ ရက်နေ့မှ စကာ ၂၉ ရက်အထိ သုံးရက်တိတိ ကျင်းပခဲ့သည်။

ထူးမခြားနား နယူးရီးယား
အေးချမ်းမြေ့ | ဒီဇင်ဘာ ၃၀၊ ၂၀၀၈
၂၀၀၉ ခုနှစ်သို့ အဝင် နှစ်သစ်ကူးခါနီး အချိန်တွင် ရန်ကုန်မြို့နေ သာမန် လူတန်းစားများ အနေနှင့် မည်သည့် ပျော်ပွဲ ရွှင်ပွဲကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။
ရန်ကုန်မြို့၌ ဆီဒိုးနား ဟိုတယ်နှင့် မျှော်စင်ကျွန်း စင်မြင့်ဖျော်ဖြေပွဲများမှအပ မည်သည့် နေရာတွင်မှ ပွဲလမ်းသဘင် အသံများကို မကြားရဟု ရန်ကုန်မြို့ခံများက ပြောသည်။
ဆီဒိုးနားဟိုတယ်တွင် နှစ်စဉ်ပြုလုပ်နေကျ နိုင်ငံတကာ ရုပ်ရှင်ကား တကားကားနှင့် ပုံစံတူဝတ်ဆင်ကာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲသည့် အစီအစဉ်ရှိသည်ဟုသိရသည်။ ယခင်နှစ်က ဂျိန်းစ်ဘွန်းရုပ်ရှင်နှင့် ပုံစံတူ ဝတ်ဆင်ခဲ့ကြပြီး ယခုနှစ်တွင် အင်ဒီယာနာဂျုံး ပုံစံတူ ဝတ်ဆင်ကြမည်ဟု သိရသည်။
ဆီဒိုးနားဟိုတယ်မှ အပ တခြားသော ဟိုတယ်ကြီးများတွင် ထူးထူးခြားခြား အစီအစဉ်များမရှိဘဲ ဆီဒိုးနား ဟိုတယ်မှ နှစ်သစ်ကူး အစီအစဉ်သည်လည်း သာမန်လူများနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိဟု ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုပွဲအတွက် ဝင်ကြေးမှာ ကျပ် ၂၀၀၀၀ နှင့် အထက်ဖြစ်သောကြောင့် သာမန် မိသားစုတစု တပတ်စာ စားစရိတ်ခန့်ရှိသည်။
ယခင်နှစ်များကကဲ့သို့ ကမ်းခြေ ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ၊ ဟိုတယ်ကြီးများတွင် ဘူဖေး အစီအစဉ်များ မကြားရဟု ရန်ကုန်မြို့ခံ သတင်းသမား တဦးကပြောသည်။ မျှော်စင်ကျွန်းတွင်လည်း အထူးတလည် မဟုတ်ဘဲ သာမန် နေ့ရက်များကဲ့သို့ စင်မြင့်ပွဲ အငယ်စားများသာ ရှိမည်ဟု ဆိုသည်။
နှစ်သစ်ကူး အစီအစဉ်အဖြစ် နာမည်ကြီး တေးဂီတဝိုင်းများပင်လျှင် သာမန် ပါတီခြံပွဲများသာ ရှိကြောင်း ကြားသိရသည်။
ကုမ္ပဏီကြီးတချို့တွင် နှစ်ပတ်လည်ပွဲအစီအစဉ်များ ရှိသော်လည်း ထူးထူးခြားခြား မဟုတ်လှကြောင်း ကြားသိရသည်။
“လူတွေက ပင်ပန်းနေကြတာ။ ဘာကိုမှ စိတ်မဝင်စားဘူး” ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။ ၎င်း၏ကုမ္ပဏီတွင် နှစ်ပတ်လည်ပွဲနှင့် ဆုကြေးအစီအစဉ် မရှိဟု ဆိုသည်။
ဆက်လက်၍ ၎င်းက အများစုမှာ နေ့စဉ် စားဝတ်နေရေး ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေကိစ္စတို့ဖြင့် မည်သည့် ပျော်ရွှင်မှုကိုမှ စိတ်မပါနိုင်ဟု ဆိုသည်။
ရန်ကုန်မြို့ခံတဦးကို ဧရာဝတီက ၂၀၀၉ ခုနှစ်၊ နှစ်သစ်မျှော်လင့်ချက် မည်သို့ ထားရှိကြောင်း မေးမြန်းကြည့်ရာ “၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။
တချို့သောကုမ္ပဏီကြီးများမှာ နှစ်သစ်ကူး ပိတ်ရက်အနည်းငယ်ပေး၍ ဝန်ထမ်းများကို အပျော်ခရီး စီစဉ်ပေးသော်လည်း အလွန်နည်းပါးလှသည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း လမ်းတချို့ ပြင်ဆင်နေသော်လည်း ယခင်နှစ်များကကဲ့သို့ စီမံကိန်းဖြင့် လမ်းမကြီးများ အလိုက် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပေါက်နေသော လမ်းများကို ဖာထေးခြင်းသာ တွေ့ရသည်ဟု ရန်ကုန်မြို့ခံ သတင်းထောက် တဦးကပြောပြသည်။
သတင်းကောင်းတခုအနေနှင့် ရန်ကုန်မြို့နယ်ကြီး ၆ မြို့နယ်တွင် ဝါယာလက်စ် အင်တာနက် တပ်ဆင် အသုံးပြုနိုင်တော့မည်ဟု သိရခြင်းသာ ထူးခြားသည်ဟု ရန်ကုန်မြို့နေ ဘလော့ဂါ လူငယ်တဦးကပြောသည်။ သို့ရာတွင် ဝါယာလက်စ် အင်တာနက်ကို ၎င်းအနေနှင့် ယခုထိ မသုံးဘူးသေးဘဲ ၎င်းကြားသိရသည့် သတင်းအရ မြန်နှုန်းအလွန်နိမ့်သည်ဟု ဆိုသည်။
၂၀၀၈ ကုန်ခါနီးတွင် ကွန်ပျူတာပစ္စည်းများ ဈေးကျသော်လည်း ဝယ်မည့်သူမရှိဘဲ အရောင်းပါးနေကြောင်း ကွန်ပျူတာ အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီး တရက်လျှင် ၆ နာရီခန့်သာလာပြီး လျှပ်စစ်မီးနှင့် စီးပွားရှာနေရသူ အားလုံး မီးစက်များကို အားကိုးနေရသဖြင့် ရန်ကုန်မြို့လယ်တွင် မီးစက်သံများ ညံလျှက်ရှိကြောင်း ကြားသိရသည်။
“ဆီဈေးက နည်းနည်းကျလို့ တော်သေးတယ်။ မီးစက်တော့ မှန်မှန် နှိုးနိုင်သေးတာပေါ့” ဟု ကွန်ပျူတာ အရောင်းဆိုင်ရှင်က ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မကြားရသေးဘဲ ရန်ကုန်လူထုအနေနှင့်လည်း ရွေးကောက်ပွဲကိစ္စကို ထူးထူးခြားခြား စိတ်ဝင်စားခြင်း မရှိလှကြောင်းနှင့် ယခုနောက်ပိုင်း လုံခြုံရေးများ ယခင်လောက် တင်းကျပ်မှုမရှိကြောင်း ရန်ကုန် အခြေစိုက် သတင်းသမားက ဆိုသည်။

ဆန္ဒပြသူ ၉ ဦး အဖမ်းခံရ
ဧရာဝတီ | ဒီဇင်ဘာ ၃၀၊ ၂၀၀၈
ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်သူ့ လွှတ်တော် အနီးတွင် ဆန္ဒပြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီး ခံခဲ့ရသည်။
“ဒီကနေ့ ဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲ ရှိတယ်၊ ဟောပြောပွဲကအပြန်မှာ သူတို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပိုစတာတွေ၊ ဓာတ်ပုံတွေ ကိုင်ပြီး ဆန္ဒပြကြတာ” ဟု အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ရှင်းပြသည်။ ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဝင်းအနီးသို့ ရောက်စဉ် လုံထိန်းကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများမှာ ကိုထွန်းထွန်းဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုပြည့်ပြည့်အောင်၊ ကိုဝင်းမြင့်မောင်၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုဖြိုးဝေ၊ ကိုရဲနည်စိုး၊ မထက်ထက်ဦးဝေတို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ငှက်များကို ဘေးမဲ့လွှတ်သည့် အဖွဲ့ချုပ် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ အကျဉ်းချခံရသူပေါင်း အနည်းဆုံး ၂၁၆၄ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်အသီးသီးသို့ ရွှေ့ပြောင်းလျက်ရှိသည်။ ပဲခူးထောင်မှ မထားထားသက်ကို စစ်ကိုင်းတိုင်း၊ ခန္တီးထောင်သို့ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။

December 29, 2008
ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု
အေးချမ်းမြေ့ | ဒီဇင်ဘာ ၂၉၊ ၂၀၀၈
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှားဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။
ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။
လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။
ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။
အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။
ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။
ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများအကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။
“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။
မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။
ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။
ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။
သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

နိုင်ငံရေးသမား နောက်တဦး သေဆုံး
ဧရာဝတီ | ဒီဇင်ဘာ ၂၉၊ ၂၀၀၈
ပဲခူးထောင်မှ နိုင်ငံရေး အကျဉ်းသား တဦး သေဆုံးပြီး ရက်အနည်းငယ် အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေး သမားတဦး ယမန်နေ့က သေဆုံး သွားသည်။ သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။
“ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါဖြစ်နေတာ ခြောက်လ ရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်” ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။
ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။
ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။
ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။
“အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး”ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။
အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖစစ်အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့် နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။

ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့်
အောင်သက်ဝိုင်း | ဒီဇင်ဘာ ၂၉၊ ၂၀၀၈
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ကာတွန်းဆရာကြီး ဦးဖေသိန်း နေအိမ်တွင် ယမန်နေ့က ပြုလုပ်သော ၃၃ ကြိမ်မြောက် ကာတွန်း ဆရာကြီးများ ကန်တော့ပွဲကို အာဏာပိုင်များက အနှောင့် အယှက်မပေးသော်လည်း စောင့်ကြည့်မှုများ ပြုလုပ်ကြောင်း ကန်တော့ပွဲတက်ရောက်ခဲ့သည့် ကာတွန်းဆရာများက ပြောသည်။
အဆိုပါ ကာတွန်းဆရာများထဲတွင် နိုင်ငံရေးမှုဖြင့် ထောင်ကျဖူးသူများ ပါဝင်သည့်အတွက် အာဏာပိုင်များက ယင်းသို့ စောင့်ကြည့်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ ကာတွန်းဆရာ တဦးကပြောသည်။
“ကာတွန်းဆရာဆိုတာ သူတို့တတ်တဲ့ ပညာနဲ့ ခေတ်အဆက်ဆက် အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ လူထုရဲ့ သားသမီးတွေဆိုတော့ အာဏာပိုင်တွေက မကြိုက်ကြဘူး"ဟု ၎င်းက ဆိုသည်။
ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် ကန်တော့ပွဲအခမ်းအနားတွင် ကာတွန်းဆရာကြီးများဖြစ်သော အသက် ၈၅ နှစ်ရှိ ကာတွန်း ဦးဖေသိန်း ၊ အသက် ၈၀ ကျော် ရှိ ကာတွန်း ဦးအောင်ရှိန်နှင့် အသက် ၇၀ ကျော် ရှိ ကာတွန်း ဦးရွှေမင်းသားတို့ကို ကန်တော့ကြပြီး ကွယ်လွန်ခဲ့ကြသည့် ကာတွန်းဆရာကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ သတိရသောအားဖြင့် ၁ မိနစ် ငြိမ်သက် ခြင်းများကို ပြုလုပ်ကြောင်း သိရသည်။
နှစ်စဉ်ကျင်းပသည့် ယင်းကာတွန်း ဆရာကြီးများကန်တော့ပွဲသည် တနိုင်ငံလုံးရှိ ကာတွန်းဆရာများ တက် ရောက်ကြပြီး ယခုနှစ်တွင် စာပေအနုပညာအသိုင်းအ၀န်းမှ စာရေးဆရာများ၊ သတင်းစာဆရာများ၊ ကာတွန်း ၀ါသနာရှင်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ရာ ယမန်နှစ်ကထက်ပိုမိုများပြားသည်ဟု အထက်ပါ ရန်ကုန်မြို့မှ ကာတွန်းဆရာက ပြောပြသည်။
"ဒီပွဲက တနိုင်ငံလုံးမှာရှိကြတဲ့ ကာတွန်းဆရာတွေ ဆုံကြတဲ့ပွဲတခုပါ၊ နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် လုပ်လာ တာ၊ ကိုယ့်ရှေ့က ဒီကာတွန်းလောကကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ ကာတွန်းဆရာကြီးတွေ၊ ဆရာသမားတွေကို ဂုဏ်ပြုတဲ့ပွဲလေးမို့ တနိုင်ငံလုံးက ကာတွန်းဆရာတွေမဖြစ်မနေ လာ တက်ကြတာပါ"ဟု ၎င်းက ပြောသည်။
ကျောက်ပန်းတောင်းနယ်သား ကာတွန်းဆရာတဦးကလည်း"အလုပ်တွေဘယ်လောက်ပဲ မအားလပ်ပါစေ၊ ကာတွန်းဆရာမှန်ရင် ဒီပွဲလေးကို ရောက်အောင်လာပြီး ဂါရ၀ပြုရတာ ကျနော်တို့ ကာတွန်းလောကမှာ
အစဉ်အလာတရပ်လိုဖြစ်နေတယ်" ဟု ဆိုသည်။
ကာတွန်း ဆရာကြီးများ ကန်တော့ပွဲ စတင်ဖြစ်ပေါ်လာပုံမှာ ပြည်တွင်းစစ်မဖြစ်ပွားခင်ကစ၍ ရန်ကုန်မြို့၊၁၃ လမ်း(အောက်ပိုင်း)တွင် တန်ဆောင်တိုင်ကာတွန်း မီးထွန်းပွဲတော်ကို ကာတွန်း ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့ က
ဦးစီးကျင်းပခဲ့ပြီး ၁၉၅၃ ခု ဦးဘဂျမ်းကွယ်လွန်ပြီးနောက် ဆက်လက်ဦးစီးခဲ့သော ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် ဦးဟိန်စွန်းကို သွားရောက် ကန်တော့ကြရာမှ သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

December 26, 2008
Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်
အေးလဲ့ | ဒီဇင်ဘာ ၂၆၊ ၂၀၀၈
ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ ကြည့်ရှု၍ လေ့လာ ဆွေးနွေးမည် ဖြစ်ကြောင်း နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ တဦးက ပြောသည်။
ရုပ်ရှင်ခေတ်ဦးနှင့် ယနေ့ခေတ်ရုပ်ရှင် မည်သို့ကွာခြားသည်ကို မျိုးဆက်သစ်ရုပ်ရှင်သမားများ လေ့လာနိုင် ရန် ၁၉၂၂ခုနှစ် က ရိုက်ကူးခဲ့သည့် ကမ္ဘာ့ပထမဆုံး မှတ်တမ်းရုပ်ရှင် Nanook of The North ဇာတ်ကား ကို ပြသမည်ဖြစ်သည်ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။
ဦးကြည်စိုးထွန်းက “စက်မှုတွေ ကလည်း ဆန်းသစ် လာပြီလေ၊ ဒီနေ့ အနုပညာ မျိုးဆက်သစ်တွေ အနေနဲ့က ကွန်ပျူတာ နည်းပညာအရ ကောင်းကောင်း နာလည်ရမယ်၊ ပြသပုံ ပြသနည်း ကလည်း ဦးတို့ ငယ်တုန်းက ခေတ်နဲ့ ကွာခြားသွားပြီလေ၊ ရှေ့က ဟာလည်းကြည့် အခုခေတ် နည်းပညာလည်း လိုက်ရမှာ ပေါ့နော်၊ အဟောင်းရော အသစ်ရော လေ့လာရပါမယ်” ဟုပြောသည်။
ယင်း Nanook of The North ဇာတ်ကားသည် အဖြူအမည်း အသံတိတ် ရူပ်ရှင်ဇာတ်ကားဖြစ်ပြီး
Robert J . Flaherty ဆိုသူက ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဓာတ်ပုံသမားအဖြစ် ကနေဒါ မြောက်ပိုင်းရှိ အက်စ်ကီးမိုး လူမျိုးများ၏ နေထိုင်မှု သဘာဝကို ကိုယ်တိုင်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။ Nanook ဆိုသည်မှာ ဇာတ်ကားတွင်ပါဝင်သည့် အက်စ်ကီးမိုး လူမျိုးနာမည်ဖြစ်သည်။
၁၈၉၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြင်သစ်လူမျိုး လူမီးယားညီအစ်ကိုနှစ်ဦးက ပဲရစ်မြို့ရှိ Grand ကော်ဖီဆိုင်တွင် ပရိသတ် ၃၃ယောက် နှင့် စတင်၍ တမိနစ်စာ ရုပ်ရှင်အပိုင်းအစများ ပြသခဲ့သည့်နေ့ကို ကမ္ဘာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ယခု မှတ်တမ်းရုပ်ရှင်ကားကို ပြသရခြင်းဖြစ်သည်ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်း က ပြောသည်။
ထိုကမ္ဘာ့ရုပ်ရှင်နေ့တွင် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားများ၊ ရုပ်ရှင်ပညာလေ့လာနေသော ကျောင်း သားများ၊ အနုပညာသည် တချို့နှင့် စာနယ်ဇင်းသမားများတက်ရောက်ရန်ဖိတ်ကြားထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။
ဦးကြည်စိုးထွန်းကဆက်လက်ပြီး“ကမ္ဘာကိုလည်း ဗမာအကြောင်းသိစေချင်တယ်၊ ဗမာကိုလည်း ကမ္ဘာ့ အကြောင်း သိစေချင်တယ်၊ အဲဒါပါပဲ၊ တခြားနိုင်ငံတွေက တအားကို ဖွံ့ဖြိုး တိုးတက်ပြီးတော့မှ ကျနော်တို့ နိုင်ငံမှာတော့ အများကြီးကျန်ရစ် နေတာပေါ့နော်၊ စက်မှုပညာဆိုတာ ကတော့ နိုင်ငံတော်ကပံ့ပိုးမှ ရမယ့် ကိစ္စပါ” ဟုပြောသည်။
မြန်မာ့ရုပ်ရှင်ဇာတ်ကားများအနနှင့် နိုင်ငံတကာ ထိုးဖောက်နိုင်ရန် နည်းပညာပိုင်း၊ စိတ်ကူးစိတ်သန်း၊ တင်ဆက်ပုံများနှင့်ပတ်သက်ပြီး များစွာကြိုစားရမည်ဟုလည်း ၎င်းကပြောသည်။
ဦးကြည်စိုးထွန်းက “ဥပမာပေးရရင်တော့ တိုင်တန်းနစ်(Titanic) ရုပ်ရှင်ကားဆိုပါတော့၊ ဒီကားက ပိုက်ဆံ သောက်သောက်လဲ ရတဲ့ကားဖြစ်တယ်၊ ကွန်ပျူတာနည်းစနစ် တွေပါတယ်၊ ဒီကားဇာတ်လမ်းလိုပဲ ရှေးခေတ် အဖြူအမည်းခေတ်က ရိုက်ကူးခဲ့တဲ့ A night to remember ဆိုတဲ့ ဇာတ်ကားနှစ်ကား ယှဉ်ကြည့်ရင် အရ သာ က တမျိုးစီပေါ့နော်၊ ဒီခေတ်မှာပြန်ကြည့်ရင်တော့ ရိုးသလိုလိုနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ တချို့ပြပုံ လေးတွေ က သိပ်ကောင်းတာပဲ၊ ဒီကားနှစ်ကားရဲ့ ကွာခြားပုံအရ ရှေးကကား တွေကိုလည်း လက်လွတ် လို့မရဘူးဆိုတဲ့သဘောပေါ့” ဟုပြောသည်။
ပထမဦးဆုံး မြန်မာ့ရုပ်ရှင် “မေတ္တာနဲ့သူရာ” အမည်ရှိအသံတိတ် ဇာတ်ကားကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖခင်ကြီး ဒါရိုက်တာ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး ၁၉၂၀ အောက်တိုဘာလ ၁၃ရက်နေ့က ရုံတင်ပြသခဲ့ သည်။
မြန်မာ့ရုပ်ရှင်သမိုင်းသည် ၁၉၂၀ ခုနှစ် ကစပြီး လာမည့်၂၀၂၀ ခုနှစ်တွင် ရာပြည့်နှစ်ဖြစ်မည်။

HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ
အေးချမ်းမြေ့ | ဒီဇင်ဘာ ၂၆၊ ၂၀၀၈
ပြည်တွင်းရှိ HIV/ AIDS ဝေဒနာ ရှင်များကို စောင့်ရှောက် ပေးနေသော အန်ဂျီအိုများက လူနာသစ်များ လက်မခံတော့ သဖြင့် ၎င်း ဝေဒနာ သည်များကို စောင့်ရှောက် ပေးနေသော မဖြူဖြူသင်းတို့ထံသို့ ဝေဒနာရှင်များစွာ ရောက်ရှိလာရာ ဆေးဝါးနှင့် စရိတ်စက အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ပေးနေသော မဖြူဖြူသင်း၏ အဆိုအရ ၎င်းတို့ထံသို့ လူနာသစ်များ နေ့စဉ် ၄ ဦးမှ ၅ ဦးထိ ဝင်လာလျှက်ရှိကြောင်း သိရသည်။
“လာသမျှလူနာတိုင်းကို မလုပ်ပေးနိုင်ဘူးလို့ ငြင်းဖို့ကလည်း မလုပ်ချင်ဘူး။ တချို့ဆို ညဘက်ကြီး ရောက်လာ တာ။ နေဖို့၊ စားဖို့ကအစ ကျမတို့ အစစတာဝန်ယူပေးရတာ” ဟု ၎င်းက ပြောပြသည်။
လုပ်ရိုးလုပ်စဉ်အရ မဖြူဖြူသင်းဦးဆောင်သော HIV/ AIDS ဝေဒနာသည်များ စောင့်ရှောက်သည့် အဖွဲ့သည် ယခင်က ဝေဒနာသည် တဦးရောက်လာလျှင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ နယ်မှ ဝေဒနာရှင်များ နေစရာ မရှိလျှင် နေစရာ စီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးသည်။ ၎င်းလူနာများ ဆေးစစ်ရန်လိုအပ်ပါက ပီအက်စ် အိုင် နှင့် ချိတ်ဆက်ပေးပြီး ဆေးသောက် ရန်လိုအပ်လာပါက အေဇက်ဂျီ ဆေးခန်းများသို့ ညွှန်ပြခြင်းတို့သာ ဆောင်ရွက် ပေး ခဲ့သော်လည်း ယခုအခါ လူနာများလာပြီး အစစအရာရာ တာဝန်ယူနေရသဖြင့် အခက်အခဲရှိနေသည်ဟု သိရသည်။
“လူနာတွေက ဆေးခန်းတွေမှာ တယောက်နဲ့ တယောက် တွေ့ရင် သတင်းဖလှယ်ပြီး ကျမတို့ဆီသွားလို့ရတယ် လို့ အချင်းချင်း လမ်းညွှန်ကြရာက တဆင့်စကားနဲ့သိပြီး ရောက်လာတာ နေ့တိုင်း လူနာအဝင်အထွက်ရှိပေမယ့် အမြဲတမ်း လူနာက အယောက် ၄၀ လောက်က မလျော့ဘူး” ဟု မဖြူဖြူသင်းက ပြောပြသည်။
မဖြူဖြူသင်းနှင့် အဖွဲ့က တာမွေမြို့နယ်ရှိနေအိမ်တလုံးနှင့် တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိသားစုပိုင် နေအိမ်တို့တွင် လူနာများကို စောင့်ရှောက်ပေးလျှက်ရှိရာ ရေရှည်တွင် လူနာများနေရေးစားရေးနှင့် ဆေးရရှိရေးအတွက် အခက်အခဲရှိကြောင်း မဖြူဖြူသင်းနှင့်အတူ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်နေသော ကိုရာဇာကလည်း ပြောပြသည်။
“အစိုးရက ဒီဝေဒနာသည်တွေအတွက် ဖွင့်ပေးထားတဲ့ ဆေးရုံတွေမှာလည်း အေအာဗီမပြောနဲ့ သာမန် ဘာမီတွန်လို သာမန်အခွင့်အရေးယူရောဂါတွေအတွက် ဆေးတွေတောင် အလကား မပေးနိုင်ဘူး” ဟု ကိုရာဇာကဆက်ပြောသည်။
သာမန်အခွင့်အရေးယူရောဂါဆိုသည်မှာ ခုခံအားကျဆင်းချိန်တွင် ဝင်လာတတ်သော ဖျားနာ၊ မှဲ့ခရု၊ ရေယုန် အစရှိသည့် ရောဂါဝေဒနာများဖြစ်သည်။ အစိုးရက HIV/ AIDS ဝေဒနာသည်များအတွက် ဝေဘာဂီဆေးရုံနှင့် မင်္ဂလာဒုံဆေးရုံ ၂ ရုံဖွင့်လှစ်ပေးထားသည်။
အေဇက်ဂျီက ၂၀၀၆ ခုနှစ်ကတည်းက အေအာဗီဆေးပေးခြင်းကို ရပ်နားထားလိုက်သော်လည်း လူနာသစ်များ လက်ခံပေးနေသေးသည်။ ယခုအခါ လူနာသစ် လက်ခံခြင်းကိုပါ လုံးဝ ရပ်နားထားလိုက်ပြီဖြစ်သည်။ မဖြူဖြူသင်း ဦးဆောင်သော အဖွဲ့က လက်ရှိ အေအာဗီဆေးတိုက်ကျွေးနေသော လူနာအရေအတွက်မှာ ၈၀ မှ ၁၀၀ အတွင်းရှိနေရာ ရေရှည် ဆေးတိုက်ကျွေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။
“ခုဆေးပုံမှန်စားနေတော့ အရင်လိုလူကောင်းအတိုင်းပဲ နေလို့ စားလို့ တော်တော်ကောင်းတယ်။ ကျန်းမာနေ ပါတယ်” ဟု မဖြူဖြူသင်းတို့ထံတွင် နေထိုင်ကာ အေအာဗီဆေး စားခွင့်ရနေသော ဝေဒနာရှင် ကိုမျိုးက ပြောပြသည်။ ၎င်းသည် ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ရန်ကုန်ရောက်၍ မဖြူဖြူသင်းတို့၏ အစောင့်အရှောက် ခံနေသည်မှာ ၃ လခန့်ရှိပြီဖြစ်သည်။
ယခုလက်ရှိတွင် မဖြူဖြူသင်းနှင့်အဖွဲ့သည် HIV/ AIDS ပညာပေးအစီအစဉ်အဖြစ် လက်ကမ်းစာစောင် ထုတ်ဝေရန် စီစဉ်လျှက်ရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် မထုတ်နိုင်သေးကြောင်း ကြားသိရသည်။
“တချို့ဆို ဒီရောဂါကို လုံးဝမသိဘူး။ နယ်ကလူတွေ ဒီရောဂါအကြောင်း မသိဘဲ သေသွားတဲ့သူတွေ ရှိတယ်။ တချို့က သိတာနဲ့ ပိုက်ဆံလည်း ရှိတော့ အေအာဗီဆေးသောက်ပြီး ကျန်းမာလာကြတာရှိတယ်” ဟု မဖြူဖြူသင်းက ရှင်းပြသည်။
လက်ကမ်းစာစောင်များကို ယခင်က အန်ဂျီအိုများထံမှရရှိသော်လည်း ယခုနောက်ပိုင်း မရနိုင်တော့ရာ လျှောက်လွှာစာရွက်ပေါ်တွင် လက်ရေးနှင့် နိုင်သလောက်ရေး၍ ဝေဒနာသည်များကို ဖတ်ခိုင်းသည့် အစီအစဉ်သာ ပြုလုပ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအာဗီဆေး စားခွင့် ရရှိသူမှာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ကြေညာထားသည်။
မဖြူဖြူသင်းနှင့်အဖွဲ့သည် ၎င်းဝေဒနာရှင်များကို ၂၀၀၂ ခုနှစ်မှ စတင်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး စတင်ချိန်မှ ရေတွက်လျှင် ယခုထိ လူနာပေါင်း ၂၅၀၀ ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြောင်း ကိုရာဇာကပြောသည်။
“အေအာဗီဆေးက ပျောက်တဲ့ဆေး မပေါ်မချင်း မသေမချင်းသောက်နေရမှာ။ ရေရှည်မှာ လူနာတွေအတွက် ကျနော်စိုးရိမ်တယ်” ဟု ကိုရာဇာက ပြောသည်။

Subscribe to:
Posts (Atom)