ဧရာဝတီ၊ MONDAY September 27, 2010

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ဧရာဝတီသတင်းဌာန၏ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တို့သည် ယနေ့ နံနက် ၁၂ နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခံရသည်။


ဧရာဝတီသတင်းဌာန၏ ဝက်ဘ်ဆိုက်လိပ်စာများဖြစ်သော www.irrawaddy.org နှင့် ကိုယ်ပွားဆိုက်ဖြစ်သော www.irrawaddymedia.com တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက် ကာလကြောင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ဝက်ဘ်ဆိုက် ပင်မ ဆာဗာကုမ္ပဏီ၏ အကြောင်းကြားချက်အရ ပြင်းထန်သော တိုက်ခိုက်မှုမျိုးဖြစ်ကြောင်း၊ DDoS (Distributed Denial of Service) စနစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး ပမာဏ 2 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစနစ်သည် တစုံတယောက်သော တိုက်ခိုက်သူက မြောက်များစွာသော ကြားခံစနစ်များနှင့် ကွန်ပျူတာများ၏ IP လိပ်စာများ အသုံးပြုကာ ၎င်း၏ ပစ်မှတ် ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ၊ ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလတွင်လည်း အလားတူ DDoS စနစ်ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယခင်တကြိမ်တိုက်ခိုက်မှုပမာဏမှာ 1 GB သာရှိပြီး ယခုအကြိမ်သည် ယခင်အကြိမ်ထက် တိုက်ခိုက်ခံရမှု နှစ်ဆပို၍ပြင်းထန်ကြောင်း ဧရာဝတီ၏ မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

ယခုတိုက်ခိုက်မှုသည် အချိန်ခဏသာ ဖြစ်ကြောင်း၊ ရေရှည်တိုက်ခိုက်ရန်အတွက် အရင်းအနှီးများစွာ လိုအပ်မည်ဖြစ်ကြောင်းလည်း ကိုဝင်းသူက ဆိုသည်။

ဝက်ဘ်ဆိုဒ်ကို 1 Gb ပမာဏဖြင့်အသုံးပြုပါက တလလျှင် အမေရိကန် ဒေါ်လာ ၇၀၀ ပေးဆောင်ရပြီး  1 GB ပမာဏဖြင့် အသုံးပြုလိုပါက တလလျှင် ဒေါ်လာ ၂၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို ဧရာဝတီ သတင်းဌာန၏ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့မှ ပြင်ဆင်နေပြီး ဧရာဝတီ၏ သတင်းများကို ယာယီ ဘလော့ဂ်သို့ ပြောင်းရွှေ့ထားကာ မူရင်း www.irrawaddy.org လိပ်စာကို ဖွင့်ပါက သတင်းများ ရွှေ့ပြောင်းထားရာ ယာယီဘလော့ဂ်သို့ အလိုအလျှောက်ပို့ဆောင်ပေးမည်ဖြစ်သည်။

တခြားသော မြန်မာသတင်းဌာနများဖြစ်သည့် မဇ္ဈိမသတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့၏ ဝက်ဘ်ဆိုက် များလည်း အလားတူ တိုက်ခိုက်ခံခဲ့ရသည်။

1 comments

  1. simple man // September 28, 2010 at 12:27 AM  
    This comment has been removed by a blog administrator.