ဧရာဝတီ | နိုဝင်ဘာ ၂၈၊ ၂၀၀၈
၂၀၀၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ၀တ္ထုရှည် ဆုကို “တိမ်ယံ အိပ်မက် မိုးထက်နရီ” အမည်ရှိ ၀တ္ထုဖြင့် ဆုရရှိသူ ဆရာ ဆူးငှက်အား ယင်းဆုနှင့် ပတ်သက်ပြီး စာဖတ် ပရိသတ် အတွက် ဧရာဝတီက မေးမြန်း ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာ ဒီဆုကို ဘာကြောင့် ရတယ်လို့ ထင်ပါသလဲ ။
ဖြေ။ ။ နည်းနည်းဖြေရ ခက်မယ် ထင်တယ်ဗျ၊ (ရယ်လျှက်) ၊ အဓိက ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်တာပါပဲ၊ အမျိုးသား ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ။
ဝတ္ထုက မန္တလေးမြို့မှာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ရတနာပုံ ခေတ်တုန်းက ထွန်းကားခဲ့တဲ့ ရိုးရာ ဂီတတွေနဲ့ စစ်ကြီး အပြီးမှာ နိုင်ငံခြားက ၀င်ရောက်လာတဲ့ အနောက် ဂီတတွေပေါ့ဗျာ၊ အနောက်တိုင်း တူရိယာတွေ၊ အဲဒါတွနဲ့ အဲဒါကို ဘယ်လို ပေါင်းစပ်ကြသလဲပေါ့ဗျာ၊ ဆရာ မြို့မငြိမ်းတို့ ဒါးတန်း ဦးသန့်တို့လို အဲဒီခေတ်က ခေတ်ပညာတတ် လူငယ်တွေကနေ တလျှောက်လုံးက မြန်မာ့ မဟာ ဂီတနဲ့ အရိုးစွဲလာ ခဲ့ကြတဲ့ အဲဒီသီချင်းတွေ အဲဒီတီးလုံး တွေကိုပဲ အဲဒီအချိန်မှာ ရောက်လာတဲ့ အနောက်တိုင်း တူရိယာ ပစ္စည်းတွေနဲ့ တီထွင် ပြီးတော့ တီးကြ မှုတ်ကြပြီးတော့ လူတွေကြား ရောက်သွားအောင် သူတို့ အခက်အခဲ တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အဲဒါကို ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ၊ အဲဒါကြောင့်လို့ ထင်ပါတယ်။
မေး။ ။ အခု ဆုရတဲ့ ၀တ္ထု အမည်ကို ဘာဖြစ်လို့ တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးရတာပါလဲ။
ဖြေ။ ။ ၀တ္ထု အမည် တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးထားတာက လူငယ်တွေမှာ များသောအားဖြင့် စိတ်ကူး စိတ်သန်းပေါ့၊ အဲဒီ အိပ်မက်ဟာ သိပ်ပြီး မြင့်မားတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီအချိန်မှာ အနောက်နိုင်ငံ တွေမှာ ဆင်ဖိုနီ အော်ခက်စ်ထရာ ၀ိုင်းကြီးတွေ ပေါ်နေပြီ၊ ထူးထူးခြားခြားကို ပေါ်နေပြီ၊ ပေါ်နေတဲ့ အချိန်မှာ ဗမာမှာတော့ မရှိသေးဘူး။
အဲဒီတော့ သူတို့ရဲ့ အိမ်မက်က ဒီဗမာမှာ ရှိထားတဲ့ မဟာဂီတမှာ လာတဲ့ အဖိုးတန်တဲ့ တေးသွားတွေကို အဲဒီလို အနောက်တိုင်း တူရိယာ ပစ္စည်းကြီးတွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ လုပ်ပြမယ်ဆိုတဲ့ အိပ်မက်ပေါ့၊ အဲဒါ မြင့်မားတာ မို့လို့ တိမ်ယံ အိပ်မက်လို့ သုံးတာ၊ မိုးထက် နရီ ဆိုတာကတော့ အဲဒီအိပ်မက်ကို ဘယ်လို အကောင်အထည် ဖော်မလဲပေါ့၊ အကောင် အထည်ဖော်တဲ့ နေရာမှာ နရီ ဆိုတာ ဘာကို ပြောလဲဆိုတော့ ဗမာ့ဂီတမှာ စည်းဝါးမှာ သုံးတဲ့ အသုံးပေါ့၊ နရီတို့ ၀ါးလတ်တို့ ၀ါးပြေးတို့ ၊ နရီ ဆိုတာ အရိုးဆုံးနဲ့ ဖြည်းဖြည်း မှန်မှန်နဲ့ စည်းစနစ် အကျဆုံးပေါ့ဗျာ။
အဲဒီလို သူတို့ ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့ အခါမှာ အရိုးသားဆုံးနဲ့ စည်းစနစ် အမှန်ဆုံး ၊ နောက် အိနြေ္ဒရရ ဒီဟာကို အကောင်အထည်ဖော်သွားကြတယ်၊ အဲဒါပါပဲ။
မေး။ ။ ဆရာ ဒီဝတ္ထုကို ဘာကြောင့် ရေးဖြစ်တာလဲ ဆိုတာပြောပေးပါဦး။
ဘာကြောင့်ရေးဖြစ်တာလဲ ဆိုတော့ ဒီနေ့အထိ ယဉ်ကျေးမှုရဲ့ အချိုးအကွေ့တိုင်း အချိုးအကွေ့တိုင်းမှာ ကျနော် တို့ ဘက်မှာ ကိုယ်ခံအားကောင်းတဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိခဲ့တယ်ဗျ။ ပျူခေတ် ကတည်းကပေါ့ဗျာ၊ ဒါကို အဓိပ္ပာယ်ရှိစွာ အမြော်အမြင်ကြီးစွာနဲ့ ပေါင်းစပ်နိုင်တယ်ပေါ့ဗျာ၊ ခေတ်ကာလ အချိန်မှာလည်း အဘက်ဘက်က မီဒီယာအားကောင်းတာရော နည်းစစ် နည်းပညာတွေအားကောင်းတာရော ၊ ဒီလို အားကောင်းနေတဲ့ အချိန်မှာ ဒီထက်မက ပေါင်းစပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။
ကျနော်တို့ အဲဒါကို ဒီနေ့ လူငယ်တွေဟာ သူတို့နဲ့ အနီးစပ်ဆုံးခေတ် ကမ္ဘာမှာ ဂျက်ဇ် ထွန်းကားနေတဲ့ အချိန်၊ တဘက်ကလည်း ကလပ်စစ် တွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ တအား ထွန်းကားနေတဲ့ အချိန်၊ ဒီမှာ ဗမာ ဆိုင်းဝိုင်းနဲ့ ဗမာ တူရိယာ ပစ္စည်းနဲ့ ရှိနေတဲ့ ကာလ၊ သူတို့နဲ့ ခေတ်လူငယ်တွေနဲ့ အနီးစပ်ဆုံး နောက်ကြောင်း ပြန်လိုက်တဲ့ အခါမှာ အဲဒီကာလက အနီးစပ်ဆုံးကိုဗျာ။
အဲဒီကာလက ၁၉၂၅ မှ သည် ၁၉၅၀ ကျော် ၁၉၆၀ ၀န်းကျင်ကာလ အတွင်း ကြိုးစားခဲ့ကြတဲ့ ကိစ္စတွေကို ကျနော် ရေးဖြစ်တာပါ၊ အဲဒါကို ကျနော် ဥာဏ်စွမ်း ရှိသလောက် မန္တလေးက မြို့မ တူရိယာ အသင်းကြီးကို အခြေခံပြီး ဆရာငြိမ်း(မြို့မငြိမ်း)တို့၊ ဆရာသန့်(ဒါးတန်း ဦးသန့်)တို့ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာကို ကျနော် လက်လှမ်းမီသရွေ့ ၀တ္ထုပုံစံ မျိုးဖွဲ့ပြီးတော့ အသိပေးတဲ့ သဘောပါပဲ။
ဒီစာအုပ်က မနှစ်က သြဂုတ်၊ စက်တင်ဘာလောက်က ထွက်တာပါ၊ စာအုပ် မထွက်ခင် ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက် အနေနဲ့ ကျနော် ၁၁ လ ရေးခဲ့ပါတယ်၊ မနှစ်က ရွှေအမြုတေရဲ့ အကြိုက်ဆုံး ၀တ္ထုရှည် ဆု ကိုလည်း ပေးခဲ့ဖူးပါတယ်။
မေး။ ။ နောက်ဆုံး တခုမေးပါရစေ၊ အခု ဆုရတဲ့ အပေါ်မှာ ဆရာ့ခံစားမှုကို ပြောပြပေးပါ။
ဖြေ။ ။ ၀မ်းသာပါတယ်ဗျာ ၊ ဘာပဲ ပြောပြော ကျနော့်ကို တကယ်တမ်း ဆူးငှက်အနေနဲ့ ဖြစ်သွားအောင် ပြုစုပျိုးထောင် ပေးခဲ့တာက လူထု ဒေါ်အမာကိုဗျ၊ ဒါပေမယ့်ဗျာ မနက်ဖြန်ဆိုရင် ဒေါ်ဒေါ်က ၉၃ နှစ် ပြည့်ပြီ၊ ဒီအချိန်မှာ မရှိ တော့ဘူး၊ အဲဒီ အတွက်ကတော့ စိတ်မကောင်းဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဝတ္ထုကို သူဖတ်ပြီးတော့ သူ ကိုယ်တိုင် ကျနော့်ကို ခေါ်ပြီးတော့ ၀မ်းသာ စကားပြောဖူးတယ်၊ သူရေးစေချင်တဲ့ အကြောင်းအရာတွေကို၊ အဲဒါပါပဲ။
November 28, 2008
ရှမ်းအမျိုးသား နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် ကျင်းပ
ကြည်ဝေ | နိုဝင်ဘာ ၂၈၊ ၂၀၀၈
ရှမ်းရိုးရာ နှစ်သစ်ကူး ပွဲတော်နေ့ ကျင်းပရာ မရမ်းကုန်းမြို့နယ် ၉ မိုင် အောင်မြေဘုံသာ ကျောင်းဝန်းအတွင်း မီးရောင် ထိန်ထိန်ညီးကာ အငွေ့ တထောင်းထောင်း ထနေသော စားသောက်ဆိုင်များ၊ မောင်းနှင့် အိုးစည်သံ ကဲသည့် ရှမ်းတေးသံများဖြင့် စည်ကားနေပြီး ကျောင်းတိုက်၏ ၀င်ပေါက် ဂိတ်ဝတွင် လူအများ တိုးဝှေ့ နေကြသည်။
ရှမ်းသက္ကရာဇ် ၂၁၀၃ ခုနှစ်သို့ ကူးပြောင်းသော နှစ်အတွက် ရန်ကုန်တိုင်း အတွင်းရှိ ရှမ်းတိုင်းရင်းသားများ စုပေါင်းကာ နှစ်သစ်ကူး ပွဲတော်နေ့အဖြစ် ကျင်းပနေခြင်း ဖြစ်သည်။ ထို နှစ်သစ်ကူး ပွဲတော်သည် ရှမ်းတိုင်းရင်းသား တို့အတွက် အကြီးဆုံး ပွဲတော်ထဲတွင် တခု အပါအ၀င် ဖြစ်သည်။
ပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများက ကျောင်းဝန်းအတွင်း ဈေးဆိုင်တန်းများ ဖွင့်လှစ်ကာ ရှမ်းရိုးရာ အစားအသောက် အရောင်းဆိုင်များ၊ ရှမ်းရိုးရာ အသုံးအဆောင် ပစ္စည်း အရောင်းဆိုင်များ ခင်းကျင်း ရောင်းချနေသလို တခြားသော စားသောက်ဆိုင် လက်ဖက်ရည်နှင့် အအေးမျိုးစုံ အရောင်းဆိုင် များကလည်း ပါဝင်အားဖြည့်လျက် ရှိသည်။
နှစ်သစ်ကူး ပွဲတော်သို့ လာရောက်ကြသူ အများစုမှာ ရှမ်းလူမျိုးများ ဖြစ်ကြပြီး အသက် ၁၀ နှစ် ၀န်းကျင်မှ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်ဆင်နွှဲလျက် ရှိကြသည်ကို တွေ့ရသည်။
“အမေက သူ့ကို နှစ်ကူးပွဲတော်ကို ပို့ပေးပါလို့ နှစ်မကုန်ခင် ကတည်းက အမြဲပြောတယ်၊ မနှစ်က အဆင်မပြေလို့ မရောက်နိုင်ခဲ့ဘူး၊ ဒီနှစ်တော့ အမေ စိတ်ချမ်းသာအောင် မဖြစ် ဖြစ်တဲ့နည်းနဲ့ အရောက်လာခဲ့တာပဲ” ဟု အသက် ၃၇ နှစ် အရွယ် စိုင်းအောင်မောင်းက ပြောပြသည်။
ကျိုင်းတုံ ဇာတိဖြစ်သည့် သူ့မိခင်မှာ နှစ်သစ်ကူး ပွဲတော်လာမှ ကံကောင်းမည်ဟု အစွဲရှိသူဖြစ်ပြီး ၎င်း ငယ်စဉ်ကတည်းက နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့သည်ဟု ဆိုသည်။
“နှစ်ကူးပွဲတိုင်း ဆုတောင်းခဲ့တာပဲ၊ အမေတို့ရဲ့ ကောက်ပဲ သီးနှံစိုက်ခင်း တွေကလည်း တကယ်ဖြစ်ခဲ့တယ်၊ အရင်ကလို ကောက်ပဲသီးနှံတွေ ကောင်းဖို့ဆိုတာ နှစ်သစ်ကူးပွဲကို သေချာလုပ်ပြီး သေချာဆုတောင်းကြဖို့ အရေးကြီးတယ်လေနော့်” ဟု စိုင်းအောင်မောင်း၏ မိခင်က ဆိုသည်။
သူကဲ့သို့ပင် ရိုးရာကို ယုံကြည်ကြသူများက ၎င်းတို့နေထိုင်ရာ ဒေသတွင်းရှိ နှစ်သစ်ကူးပွဲတော် ကျင်းပရာ နေရာဆီသို့ မဖြစ်ဖြစ်အောင် လာတတ်ကြကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုစိုင်းက ပြောသည်။
ရှမ်း တိုင်းရင်းသားများ အနေနှင့် နှစ်ကူးပွဲတော်သည် အရေးပါသည့် ပွဲတော်ဖြစ်ပြီး ထိုပွဲတော်ကို ဆင်နွှဲခြင်းအားဖြင့် ကံကောင်းသည်ဟု အယူရှိကြသည်။ နှစ်သစ်ကူးပွဲတော် ပြုလုပ်ရန်အတွက် ငွေကို ကြိုတင် စုဆောင်းထားသည့် အလေ့ရှိကြသည်။
“ည ၁၂ နာရီတိတိ နှစ်သစ်ကူးသွားချိန်မှာ ဆုတောင်းကြတယ်။ နောက် ဘုရား ဆွမ်းတော် တင်ထားတဲ့ ကောက်ညှင်းထုပ်တွေကို လာတဲ့ ပရိသတ်ကို ဝေပေးကြတယ်၊ အဲဒီ ကောက်ညှင်းထုပ်စားရင် အန္တရာယ်ကင်းတယ်လို့လည်း ယုံကြည်ကြတယ်” ဟု ကိုစိုင်းက ဆိုသည်။
ရှမ်းနှစ်သစ်ကူး ပွဲတော်သည် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တခုဖြစ်သော်လည်း ယနေ့ခေတ် တွင် ပွဲတော်အတွင်း ဘာသာရေးထက် ဖျော်ဖြေရေးအစီအစဉ်ကို ဦးစားပေးလာ ကြသည်ဟု အသက် ၇၀ အရွယ် ရှမ်းအမျိုးသားကြီး ဦးခွန်စိုင်းဦးက ပြောသည်။
“အမှန်တော့ ဒီနှစ်ကူးပွဲဆိုတာ သုံးလေးရက်ဆင်နွှဲရတဲ့ ပွဲပါ” ဟု ၎င်းက ဆက်ပြောသည်။
ဦးခွန်စိုင်းဦး၏ အဆိုအရ ပထမနေ့တွင် ဘုရားကို သစ်သီးနှင့် ကောက်ညှင်း ဆွမ်းတော်တင်၍ ည ၁၂ နာရီတွင် တနှစ်လုံး သာယာအေးချမ်းရန် ဆုတောင်းခြင်း၊ ဒုတိယနေ့တွင် အသားဆွမ်း တော်တင်ခြင်းနှင့် တတိယနေ့တွင် ဆုံးပါးကွယ်လွန်သွားသည့် အဘိုးအဘွားများ ကို ရည်စူးကာ ဘုရားလှူခြင်းတို့ ပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ကျင်းပခွင့် တရက်သာ ရတော့သဖြင့် တရက်တည်းတွင် စုလုပ်ရကြောင်း သိရသည်။
ယနေ့ခေတ်တွင် ယခင်ကကဲ့သို့ ရိုးရာကန်တော့ပွဲများ ကပ်လှူရာ စားပွဲများထက် ရှမ်း တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခြင်းကို ပိုမိုအလေးထား လုပ်လာကြသည်ဟု ၎င်းက ပြောပြသည်။
ရှမ်းရိုးရာပွဲတော်တိုင်းတွင် ရှမ်းယဉ်ကျေးမှုဆိုင်ရာ ကပွဲများ၊ တေးသီချင်း သီဆိုခြင်းများ ထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ရှမ်းတေးဂီတ အဖွဲ့မှ အတီးသမားတဦးက ယနေ့ခေတ် ရှမ်းလူငယ်များမှာ ရိုးရာဘာသာစကားကို အပြောနည်းလာသည့်အတွက် ရှမ်းတေး သီချင်းများ သီဆိုခိုင်းခြင်းဖြင့် ဘာသာစကား ပျောက်ကွယ်မသွားရန် ထိန်းသိမ်းရာ ရောက်သည်ဟု ပြောဆိုသည်။ ရှမ်းလူငယ်များကလည်း ဖျော်ဖြေရေးများကို နှစ်လိုကြသည်ဟု သူက ဆက်ပြောသည်။ု
စင်ပေါ်မှ အိုးစည်သံ ကြားရသည်နှင့်ပင် ပွဲခင်းထဲမှာ ဈေးဆိုင်များ အနီးတွင် ရစ်သီနေကြ သော လူအုပ်ကြီး သည်လည်း စင်နားသို့ ပြိုကျလာခဲ့ပြီး ထိုင်ခုံများ၏ နောက်ဘက် ဘေးဘက်တို့တွင် ရပ်လျှက်သား အားပေး နေကြသည်။ ထိုလူအုပ်ကြီးမှာ ည ၁၂ နာရီ ထိုးသည်အထိ စောင့်ကြပြီး ဝေပေးသော ကောက်ညှင်းထုပ်များကို လက်ခံယူကာ ဆုတောင်းကြမည်ဖြစ်သည်။
ထိုနှစ်သစ်ကူးပွဲကို ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့ကြီးဖြစ်သော လာရှိုးနှင့် တောင်ပိုင်းဒေသမှ တောင်ကြီး မြို့တို့တွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပကြကြောင်း သိရှိရသည်။
၁၉၉၈ မတိုင်မီက မြေနီကုန်း ပဒုံမာ ဇာတ်ရုံတွင် ရှမ်းနှစ်သစ်ကူးပွဲကို ပုံမှန် ကျင်းပခဲ့ သော်လည်း နောက်ပိုင်း၌ အာဏာပိုင်များက ထိုဇာတ်ရုံတွင် ကျင်းပခွင့်မပြုသောကြောင့် ယခုကျင်းပရာ ၉ မိုင်ကျောင်းဝန်းသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရှမ်းလူမျိုးများ အများဆုံးနေထိုင်သော တိုက်ကြီး၊ ဥက္ကံ၊ ဖြူး၊ ၀နက်ချောင်း၊ ထောက်ကြံ့ တို့မှ ရှမ်းလူမျိုးများမှာ နှစ်စဉ် နှစ်တိုင်း နှစ်သစ်ကူးချိန်တွင် ပွဲတော်ကျင်းပရာ နေရာသို့ အရောက် လာတတ်ကြသော်လည်း လွန်ခဲ့သော သုံးလေးနှစ်မှစ၍ နည်းပါးလာသည်ကို တွေ့ရကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် တဦးက ပြောသည်။
“အဓိကက စီးပွားကျကြတာပဲ။ သွားဖို့လာဖို့ လှူဒါန်းဖို့နဲ့ သုံးစွဲဖို့ အခက်အခဲ ရှိပုံရတယ်။ တနှစ်ထက် တနှစ် လူဝင်နည်းနည်းလာတယ်။ ပြောရရင် ဒီနှစ်က မနှစ်ကလောက် မစည်ဘူး။ ရှမ်းတွေထဲက ဈေးဆိုင်လာဖွင့်ပြီး ရောင်းတဲ့သူတွေလည်း နည်းကုန်တယ်။ နယ်က ရှမ်း တွေလည်း အကုန်ရောက်အောင် မလာနိုင်ကြတော့ဘူး” ဟု သူက သုံးသပ်သည်။
ယခင်နှစ်က ဆိုင်ခန်းခကို ကျပ် ၃ သောင်း သတ်မှတ်ထားပြီး ယခုနှစ် ဆိုင်ခန်းခ အပါအ၀င် အလှူငွေ စုစုပေါင်း ကျပ် ၅ သောင်း သတ်မှတ်လိုက်သောကြောင့် ရှမ်းဆိုင်များ နည်းပါး သွားခြင်းဖြစ်ကြောင်း ရှမ်းအရောင်းဆိုင် တဆိုင်က ပြောဆိုသည်။
ဆိုင်ခန်းများ ဈေးနှုန်းကောက်ခံရေး ကော်မတီကလည်း ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် အလှူငွေ နည်းပါးလာခြင်းကြောင့် ဆိုင်ခန်းဈေးနှုန်းများကို တိုးမြှင့်လိုက်ရခြင်းဖြစ်သည်ဟု ဆို၏။
“အရင်နှစ်တွေတုန်းကတော့ တ၀န်းလုံး ရှမ်းဆိုင်တွေပါပဲ။ ဒီနှစ်တော့ မနှစ်က ရှမ်းဆိုင် ထွက်ခဲ့တဲ့ သူတွေ ဆိုင်မထွက်ကြတော့ ဆိုင်ခန်းတွေ လွတ်နေတာနဲ့ တခြားဆိုင်တွေ ၀င်လာကြတယ်။ အဖွဲ့ကလည်း ရန်ပုံငွေရအောင်ဆိုပြီး လက်ခံရတာပေါ့” ဟု နှမ်းထောင်း ခေါပုတ်ရောင်းသည့် ရှမ်းအမျိုးသမီးကြီးက စကားသံ ၀ဲဝဲနှင့်ပြောသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းမှုများက တိုင်းရင်းသားများ၏ ရိုးရာပွဲများ၊ ဘာသာရေး ပွဲများပေါ်သို့ လွှမ်းမိုးထိခိုက်လျက် ရှိသောကြောင့် ထိုပွဲတော်များ မထိန်းသိမ်းနိုင်ကြလျှင် ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကား ကွယ်ပျောက်သွားမည်ကို စိုးရိမ်ရကြောင်း ရှမ်းတိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှု ကော်မတီက သုံးသပ်သည်။
“ယဉ်ကျေးမှုဆိုတာ ရိုးရာဓလေ့ ထုံးစံတွေအပေါ်မှာ မှီတည်ပြီး ဖြစ်ပေါ်လာတာပါ။ ရှမ်းလူမျိုး မှာ ဘယ်လိုပွဲတော်တွေ၊ နေ့ထူးနေ့မြတ်တွေ ရှိတယ်ဆိုတာကို သိပြီး အမှတ်ရနေဖို့အတွက် ခုလို ပွဲတော်တွေ ကျင်းပပေးဖို့ လိုအပ်တယ်။ နို့မို့ရင် လူငယ်တွေ ရိုးရာ ယဉ်ကျေးမှုကို မေ့ပြီး ပျောက်ကွယ်သွားနိုင်တယ်” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားများ၏ ၇၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာများဖြစ်ကြပြီး မြန်မာနိုင်ငံ အနှံ့ အပြားတွင် တခြားလူမျိုးများနှင့်အတူ ရောနှောကာ ပြောင်းရွှေ့နေထိုင်ကြရခြင်း၊ အာဏာ ပိုင်များက တိုင်းရင်းသား ယဉ်ကျေးမှုများနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်များကို ပိတ်ပင် ခြင်းတို့ကြောင့် ရှမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ ပျောက်ကွယ်နိုင်သည့် အနေ အထား ရောက်လာသည့်အတွက် ရှမ်းယဉ်ကျေးမှု ထိန်းသိမ်းထားနိုင်ရန် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်
ကိုစိုး | နိုဝင်ဘာ ၂၈၊ ၂၀၀၈
စစ်အာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနေးရှင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့ကို ယနေ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ် စီ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်ဝန်ထမ်း အသိုင်းအ၀န်းနှင့် မိသားစုနှင့်နီးစပ်သူများက ပြောသည်။
အဆိုပါ ဦးသက်ဇင် အသက်(၄၂)နှင့် ဦးစိန်ဝင်းမောင်တို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းတို့ ၂ ဦးကို အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ဂျာနယ်တိုက်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် တရားစွဲဆိုထားခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသိန်းသန်းထွန်း၊ ကိုသော်ဇင်ထွန်း၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကို လင်း၊ ကိုစောမျိုးမင်းလှိုင်၊ ကိုအောင်ကြီး ခေါ် ကိုအောင်သိုက်စိုး၊ ဦးပြည်သန်း၊ ဒေါ်စန်းစန်းတင်၊ မလေးလေးမွန်၊ မအေးသီတာ၊ မနိုးနိုး ခေါ် မငွေနှင်းရည်၊ မနှင်းမေအောင် ခေါ် မနိုဘဲလ်အေးနှင့် မသရဖီ သိမ့်သိမ့်ထွန်းတို့ ၁၃ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။ ၎င်းတို့သည် ယခုပြစ်ဒဏ် မတိုင်ခင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံပြီးသူများဖြစ်ကြောင်း သိရ သည်။
“အဲဒီ ၈၈ အဖွဲ့က ၁၃ ဦးကို အင်းစိန်ထောင် အထူးတရားရုံးက ၆ နှစ်စီ အမိန့်ချတယ်၊ ၅၀၅(ခ) သုံးကြိမ် ပြန်စွဲပြီး တကြိမ်ကို ၂ နှစ် စီနဲ့ ချတာ၊ အဲဒီပုဒ်မ တခုတည်းနဲ့”ဟု အထက်ပါ ထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှစတင်ပြီး ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ ၃၇ ဦး ကို စစ်အာဏာပိုင်များက ဖမ်းဆီး၍ အမြင့်ဆုံး ထောင်ဒဏ် ၆၅ နှစ် နှင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခဲ့သည်။
၎င်းတို့ ၃၇ ဦးကို ဝေလံသည့် နယ်ထောင် ၃၇ ထောင်သို့ ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ပြောသည်။
စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း အေအေပီပီ ၏ ပြောဆိုချက် အရ သိရသည်။

မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
အေးလဲ့ | နိုဝင်ဘာ ၂၈၊ ၂၀၀၈
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ အထည်ချူပ် စက်ရုံ၊ သိုးမွေး စက်ရုံများ ရပ်ဆိုင်း လိုက်သည့်အတွက် ယင်း စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေကြောင်း မြန်မာ အလုပ်သမားရေးရာ အဖွဲ့များက ပြောသည်။
မြန်မာ ပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ( JACBA) ဥက္ကဌ ဦးမိုးကြိုးက “မဲဆောက် တမြို့လုံးမှာရှိတဲ့ စက်ရုံကြီးတွေ၊ အိမ်စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၃၀၀၀ လောက် အလုပ်မရှိတော့ဘူး” ဟု ပြောသည်။
ယခုလ ၁၉ ရက်မှစပြီး မဲဆောက်မြို့ရှိ အကြီးဆုံး သိုးမွေးစက်ရုံ Lian Tong Knitting co.,ltd (S-C-T) ကလည်း အလုပ်အော်ဒါ မရှိတော့သည့် အတွက် အလုပ်သမားများကို အလုပ် ရပ်နားလိုက်ပြီး မြန်မာ အလုပ်သမားပေါင်း ၇၀၀ နီးပါးကို အိမ်ပြန်ခိုင်းကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် မဲဆောက်မြို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ဦးမိုးဆွေက ပြောသည်။
ဦးမိုးဆွေက “ဒီစက်ရုံက သိုးမွေး စက်ရုံကြီး ဖြစ်တယ်၊ အလုပ်သမား တွေကို စက်ရုံမှာ ပေးမနေတော့ဘူး၊ အော်ဒါတွေ မရှိတော့တဲ့အတွက် ယာယီ စက်ရုံပိတ်လိုက်တယ်လို့ ပြောတယ်၊ အလုပ်ရှိမှ ပြန်ခေါ်မယ်လို့ ပြောပါတယ်၊ ဒီစက်ရုံကြီး အောက်က အော်ဒါပေးတဲ့ စက်ရုံ အသေးတွေလည်း ရပ်လိုက်ရတယ်” ဟုပြောသည်။
၎င်း အလုပ်လက်မဲ့ မြန်မာ လုပ်သားများသည် အလုပ်လက်မဲ့ ဖြစ်ပြီး နေထိုင်စရာ မရှိတော့သည့် အတွက် မဲဆောက် - မြဝတီ် ကမ်းနားရှိ စက်ရုံဝန်းကျင်တွင်ပင် တဲဆောက်လုပ်ကာ နေထိုင်၍ တချို့လုပ်သားများမှာ မိတ်ဆွေ အပေါင်းအသင်းများ ထံတွင် နေထိုင်ကာ တခြား အလုပ်အကိုင်ရရန် ရှာဖွေနေပြီး တချို့ အလုပ်သမားများက နေအိမ်ပြန်သွားကြသည်ဟု ဆိုသည်။
တချိန်တည်းတွင် အလုပ်ရှင်များသို့ အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
မဲဆောက်ရှိ Han Thai knitting co.,ltd သိုးမွေး စက်ရုံတွင် အလုပ်သမား၂၉ ဦးက ခေါင်းဆောင်ပြီး အလုပ်သမား ရပိုင်ခွင့် အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အလုပ်သမား၊ အလုပ်ရှင်နှင့် အလုပ်သမား ကာကွယ်ရေးရုံး စသည့် သုံးဦးဆိုင် ဖြေရှင်းမည် ဟုလည်း ဦးမိုးကြိုးက ပြောသည်။
ဦးမိုးကြိုးက “တောင်းဆိုချက် ၇ ချက် တောင်းဆိုထားတယ်၊ အလုပ်သမားတွေက နေ့စားခကို ၁၂၀ ဘတ်၊ အချိန်ပိုကြေးကို ၁၀ ဘတ်မှ ၁၅ ဘတ်အထိ ပေးဖို့၊ အလုပ်သမား လက်မှတ်နဲ့ ပတ်သက်ပြီး ကောက်ခံမှုတွေကို လျှော့ချပေးဖို့၊ ရေခ၊ မီးခ၊ အဆောင်ကြေးများကို ပုံမှန်ထားပေးဖို့၊ အထွေထွေ မန်နေဂျာ ကောက်တဲ့ အခွန်အကောက်တွေကို မူလအတိုင်း ပြန်ထားပေးဖို့တွေ ဖြစ်ပါတယ်”ဟု ဆိုသည်။
တာ့ခ် ခရိုင် အတွင်းရှိ တရားဝင် ဥပဒေ ပြဌာန်းချက်အရ အလုပ်သမားနေ့စဉ် လုပ်အားခ ၁၅၁ ဘတ်၊ အချိန်ပိုကြေး ၁ နာရီလျှင် ၂၈ ဘတ်အထိ သတ်မှတ်ပြဌာန်း ထားသော်လည်း နေ့စဉ် လုပ်အားခ အဖြစ် ၆၀ မှ ၇၀ အထိ သာရရှိပြီး အချိန်ပိုကြေးမှာ မရသလောက် ဖြစ်သည်ဟုလည်း သိရသည်။
သိုးမွေး စက်ရုံတွင် လုပ်သည့် အလုပ်သမား တဦးတွင် နေ့စဉ်အလုပ်ချိန် နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိဖြစ်ပြီး အချိန်ပိုချိန် ၆ နာရီမှ ၁၂ နာရီ အချိန်အထိရှိကြောင်း သိရသည်။
ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်းလိုပင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ၎င်း သိုးမွေးစက်ရုံများတွင် အလုပ်လက်မဲ့ ဖြစ်လေ့ ရှိတတ်ကြောင်း ဦးမိုးဆွေက ပြောဆိုသည်။
ဦးမိုးကြိုးကလည်း “အလုပ် ရပ်ဆိုင်းရင် ထိုင်းဥပဒေအရ အလုပ်သမားတွေကို တလ ကြိုအကြောင်းကြားရမယ်၊ အကယ်၍ အကြောင်း မကြားခဲ့ရင် အလုပ်သမားရဲ့လုပ်သက်အလိုက် အနည်းဆုံး ၁ လစာ လျော်ကြေးပေးရမယ်လို့ ဥပဒေရှိပါတယ်၊ ဒါပေမယ့်လည်း အလုပ်ရှင်တွေက နင်တို့ အိမ်ပြန်လိုက်ကြဦး၊ အလုပ်ရှိရင် ပြန်ခေါ်မယ်လို့ပဲ ပြောပါတယ်” ဟု ပြောသည်။
မဲဆောက်တွင် တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံပေါင်း ၂၀၀ ကျော်ရှိပြီး မှတ်ပုံမတင်သည့် စက်ရုံပေါင်း ၃၀၀ ကျော်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
မဲဆောက်မြို့ရှိ မြန်မာလုပ်သားများ အဓိကအားဖြင့် သိုးမွှေး စက်ရုံ၊ အထည် အချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီအလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျပန်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားပေါင်း တရားဝင် မှတ်ပုံတင်ထားသူနှင့် တရားမဝင် နေထိုင်သူဦးရေ ခန့်မှန်းခြေ ၂ သန်း နီးပါးရှိသည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူများက ဆိုသည်။

November 27, 2008
တေးရေး ဆရာ၊ ကဗျာ ဆရာ မြင့်မိုးအောင်နှင့် တွေ့ဆုံခြင်း
ဧရာဝတီ | နိုဝင်ဘာ ၂၇၊ ၂၀၀၈
တေးရေး ဆရာ ကဗျာ ဆရာ မြင့်မိုး အောင်သည် အာဆီယံ ၁၀ နိုင်ငံ အမျိုးသား သီချင်း (Anthem) ပြိုင်ပွဲတွင် ၎င်းကိုယ်တိုင် ရေးသားသည့် When We Are One သီချင်းဖြင့် ဆန်ခါတင်အဆင့်အထိ ပါဝင်အရွေး ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ၎င်းပြိုင်ပွဲအပါအဝင် မြန်မာ့ခေတ်ပေါ် ဂီတ လောကအကြောင်းနှင့်ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက မေးမြန်းဖော်ပြလိုက်ပါသည်။
မေး။ ။ ကိုမြင့်မိုးအောင်အနေနဲ့ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ နည်းနည်းလောက်ပြောပြပေးပါဦး။ ဖြေ။ ။ အာဆီယံ သီချင်းပြိုင်ပွဲ လုပ်မယ်ဆိုပြီး ယဉ်ကျေးမှု ဝန်ကြီးနဲ့ ပြန်ကြားရေး ဝန်ကြီးက ပူးပေါင်း ကြေညာချက် ထုတ်ပါတယ်။ ပြည်တွင်း အဆင့် ပြိုင်ပွဲမှာ စုစုပေါင်း အပုဒ် ၆၀ နီးပါး ဝင်ပြိုင်ပါတယ်။ အဲဒီထဲကမှ ၁၃ ပုဒ်ကိုရွေးပြီး အာဆီယံ ပထမ အဆင့်ကို ဝင်ပြိုင်ပါတယ်။ ၁၃ ပုဒ်ထဲမှာ ကိုသစ်မင်း ပါတယ်၊ ဓီရာမိုရ် ၂ ပုဒ် ပါတယ်၊ နောက်ကို သန်းမြတ်စိုး၊ ဒေါ်ကေဂျာနူးတို့ ပါပါတယ်။ တချို့နိုင်ငံက ၁၆ ပုဒ်အထိ ဝင်ပြိုင်ကြ ပါတယ်၊ အာဆီယံ ၁၀ နိုင်ငံက စုစုပေါင်း ၉၉ ပုဒ် ပြိုင်တယ်လို့ သိရပါတယ်။ အဲဒီထဲက ဆန်ခါတင် ၁၀ ပုဒ်ကို ရွေးပါတယ်။ ဆန်ကာတင် ထဲမှာ ကျနော့် သီချင်း ပါတာပါ။ တချို့ နိုင်ငံ တွေဆို ဆန်ကာတင် ထဲတောင် မပါဘူးလို့ သိရပါတယ်။ နောက်ဆုံး အဆင့်ကိုတော့ ဒီလ ၂၁ ရက်နေ့က ကြေညာတယ်။ ထိုင်းနိုင်ငံက ရသွားတယ်လို့ သိရပါတယ်။
မေး။ ။ သီချင်းကို ဘယ်လိုပုံစံနဲ့ တင်ဆက်ရတာပါလဲ။
ဖြေ။ ။ အင်္ဂလိပ် ဘာသာနဲ့ ၁ မိနစ်အတွင်း ရေးရတာပါ။ ပထမ ပြိုင်ပွဲမှာတော့ ကြိုက်တဲ့ တူရိယာနဲ့ ပြိုင်နိုင်တယ်။ ဒါပေမယ့် သူတို့က ပီယာနိုနဲ့ ပြိုင်တာ ပိုလိုလားတယ် ဆိုလို့ ပီယာနိုနဲ့ လုပ်ပေးလိုက်ပါတယ်။ ဆန်ခါတင်ထဲ ဝင်သွားတော့ အော်ခက်စထရာ (သံစုံ) ပုံစံ ပြန်လုပ်ပေးရပါတယ်။ ကျနော်တို့ဆီက ပညာရှင် အနေနဲ့ ဦးတင်ဦးသောင်းက သွားပြီး ပြန်လာတော့ ကျနော် ဆန်ခါတင်ထဲ ပါတယ်လို့ ပြောတယ်။ အဲဒီမှာ သံစုံ တီးဝိုင်းနဲ့ သီချင်းကို ပြန်လုပ်ပေးရတယ်။ အဲဒါကို ဒီလ ၁၂ ရက်နေ့ အရောက် ပို့ရပါတယ်။
မေး။ ။ ခုလို နိုင်ငံတကာ အဆင့် ပြိုင်ပွဲမှာ ဆန်ခါတင် အဆင့် ပါတဲ့အတွက် ကိုမြင့်မိုးအောင်ရဲ့ ခံစားမှုကို ပြောပြပေးပါဦး။
ဖြေ။ ။ တချို့ကတော့ ဒီလို ပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်တာ မကြိုက်ဘူး ပေါ့ဗျာ။ အနုပညာဆိုတာ လွတ်လပ်တယ်ပေါ့။ ဒါလည်း မှန်ပါတယ်။ တပိုင်းကတော့ ကိုယ့်နိုင်ငံ ရေမြေနဲ့ ပတ်သက်လို့ ကိုယ့်ဒေသနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဂီတနဲ့ တတ်နိုင်သလောက် လုပ်ပြရတာပဲလေ။ ပြိုင်တဲ့ ထဲမှာလည်း အမျိုးအစား ကွဲပါသေးတယ်။ တချို့ကတော့ အာဆီယံကြီးက အရမ်း ဂုဏ်သိက္ခာကြီးတယ် ဆိုတာမျိုးပေါ့ ... သူတို့ပေးတဲ့ အချက် အလက်တွေ အများကြီးနဲ့ ရေးတာရှိတယ်။ ကျနော်ကတော့ အဲလိုမထင်ဘူးဗျ။ ဒီအာဆီယံ နိုင်ငံတွေဟာ ချစ်ချစ်ခင်ခင်နဲ့ အမှန်တရားအတွက် ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုတာမျိုးပေါ့ … အချက် အလက် ကြီးတွေ သိပ်ပြီး ဦးစားမပေးဘူး။ တချို့ အမှတ်ပေး ဒိုင်တွေကတော့ ကြိုက်ချင်မှ ကြိုက်မယ်ပေါ့ဗျာ ...။
မေး။ ။ ဒါ့အပြင် လက်ရှိမှာ ကိုမြင့်မိုးအောင် အနေနဲ့ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား လုပ်နေတာများ ရှိပါသေးသလဲ။
ဖြေ။ ။ မြဝတီ ရုပ်သံအတွက်တော့ တခုလုပ်နေတာ ရှိပါတယ်။ အဲဒါကတော့ တေးရေးတွေနဲ့ ပတ်သက်ပြီး ... သူတို့ အကြောင်းလေးတွေကို အင်တာဗျူးလုပ် သူတို့ သီချင်းလေးတွေ ပြန်လွှင့်မယ့် အစီအစဉ်ပါ။ စတီရီယို တေးရေးတွေနဲ့ စလုပ်ပေမယ့် နောက်ပိုင်းမှာ မိုနိုတွေလည်း ပါလိမ့်မယ် ထင်တယ်။ ဘောင်ကြီးတော့ ခတ်မထားဘူး။ သီချင်း ဆိုဖို့ကိုတော့ မြဝတီ ရုပ်သံက လုပ်တဲ့ မယ်လိုဒီဝေါလ် အဆိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့ သူတွေ၊ နောက်ပြီး အရည်အချင်း တကယ်ရှိပေမယ့် ဂီတလောကက ပျောက်ကွယ် နေတဲ့သူတွေ ဆိုပါမယ်။ ပထမဆုံး ဒီဇင်ဘာ ၁၂ ရက်နေ့ ၈ နာရီ သတင်းအပြီးမှာ ကိုနေဝင်း အကြောင်းကနေ စလွှင့်ပါမယ်။ နောက်ခံ အဆိုကတော့ တပိုင်းက စည်သူလွင် ဆိုမယ်၊ နောက်တပိုင်းက သျှီဆိုပါမယ်။ နောက်ထပ် ကျနော်တို့ လုပ်ထားတာလေး တခုကတော့ နယူးအေ့ခ်ျ မြန်မာဆိုတဲ့ အဖွဲ့လေး ဖွဲ့ထားတာပါ။ ကျနော်ရယ် နောက် ဂီတ ပညာရှင် တဦးဖြစ်တဲ့ ကိုအောင်နီ ဆိုတာပါမယ်။ အဓိကကတော့ မြန်မာ့ရိုးရာ ပုံစံကို ခေတ်ပေါ်ဂီတနဲ့ ရောစပ်မှာပါ။ ကိုယ်ပိုင်သံစဉ် တွေပါပဲ။ ပထမဆုံး ဗုဒ္ဓကို ပူဇော်တဲ့ ဂီတ အမျိုးအစားလေးတွေ လုပ်ကြည့်မှာပါ။
မေး။ ။ မြန်မာ့အနုပညာ ဈေးကွက်က လတ်တလော ကျဆင်းနေတာ တွေ့ရတော့ ကိုမြင့်မိုးအောင်တို့လို ကြိုးစားနေသူတွေရဲ့ အခက်အခဲကို ပြောပြပေးပါဦး။
ဖြေ။ ။ ပြောရရင်တော့ ရုပ်ရှင် ဗီဒီယိုမှာ ဈေးကွက်က ခိုးကူးခွေမရှိဘူး။ ဒီတော့ မျိုးဆက်သစ် တွေလည်း အများကြီး ဝင်လာတယ်၊ မျိုးဆက်ဟောင်း တွေလည်း ရိုက်နေရတယ်။ ကျနော်တို့ ဂီတမှာကျတော့ အသစ်တွေ မလုပ်နိုင်ဘူး။ အသစ်လုပ်တာနဲ့ အကျိုးအမြတ်က ဘာမှ မကျန်ဘူး။ မျိုးဆက်သစ်က ဝင်မလာ နိုင်တဲ့အပြင် လူဟောင်းတွေပါ ပျောက်ကွယ် ကုန်တယ်လေ။ ဒီကြားထဲက ဝါသနာပါတဲ့ သူတွေက ယုံကြည်သလောက် လုပ်နေရတာပါ။
မေး။ ။ ကိုမြင့်မိုးအောင် အနေနဲ့ ဂီတလောက တခုလုံးအပေါ်မှာ ဘယ်လိုမြင်လဲ။ သုံးသပ်ပေးပါဦး။
ဖြေ။ ။ မြန်မာ ဂီတလောကကတော့ ခက်ခဲကြပ်တည်း ပါတယ်။ ခိုးကူခွေ ကိစ္စကစလို့ ပြဿနာတွေ အများကြီးပဲ။ အဲဒါတွေကို တဦးတယောက်ထဲ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ အားလုံးဝိုင်းပြီး အဖြေရှာပြီး ကြိုးစားမှ တကယ့်အနုပညာ စစ်စစ်တွေ ထွက်ပေါ်လာနိုင်မှာပါ။

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်
ကိုစိုး | နိုဝင်ဘာ ၂၇၊ ၂၀၀၈
စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။
ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။
ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။
ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။
ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။
“အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။
အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့”ဟု ပြောသည်။
အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။
ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။
နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။
ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

November 26, 2008
ရှုပ်ထွေးရယ်တဲ့မှ ပွေလီ …
ရန်ကုန်သားတာတေ | နိုဝင်ဘာ ၂၆၊ ၂၀၀၈
ယခုလို အေးချမ်းသည့် ဆောင်းကာလ နံနက်စောစော အချိန်မျိုးတွင် တရား ဘာဝနာ စီးဖြန်းရသည်ကို ရုက္ခစိုး အလွန် နှစ်သက်သည်။ ပူအိုက် စပ်လောင်သည့် ရာသီမျိုး၌ တရား အားထုတ်ရာဝယ် မေတ္တာပို့ရသည်ကိုက အဆင်မပြေ။ ပို့လိုက်သည့်မေတ္တာက အငွေ့ပျံသွား သလိုလို၊ အရည်ပျော်သွားသလိုလို ဖြစ်ရသည်။
ယခုလို ရာသီအေးချိန် တရားအားထုတ်ရာ၌ ရုက္ခစိုး အနှစ်သက်ဆုံးက ခြင်မကိုက် ခြင်းပင်။ ခြင်မကိုက်သော် လူတို့သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲနိုင်သည်ဟု ၎င်းက ယုံကြည်ထားသူ ဖြစ်သည်။
လောကကြီး၏ ငြိမ်းချမ်း တိတ်ဆိတ်မှုကို ဖြိုခွင်းသူကား ဂျုံးဂျုံးကျနေသော သတင်းထောက် ဖိုးရှုပ်၏ စီးတော်ယာဉ်ပင် …၊ ဆိုင်ကယ်သည် ဟွန်းမှအပ တခြား အရာအားလုံး အသံမြည်သည်။
သူကောင်းသား နှစ်ဦးသည် ပတ်ဝန်းကျင်ကို အသံနှင့်သာ နှိပ်စက်သည်မဟုတ် … အမူအရာဖြင့်လည်း နှိပ်စက်ပါသည်။ ကုန်တိုက်မှ ၅၀ ရာခိုင်နှုန်းလျှော့ဖြင့် ရထားသည့် အရောင်စုံပါ ဂျာကင်များက ပြိုးပြိုးပြောင်ပြောင် … ဒီကြားထဲ ကင်မရာ တကားကားဖြင့် လမ်းလျှောက်လာသည့် ဖိုးရှုပ်ဟန်က ခွေးဆွဲချင်စရာဟန်။ ကြွက်စုတ်ကလည်း ဂျာကင်အသစ်ကိုတံဆိပ်မဖြုတ်သေးဘဲလမ်းလျှောက်လာသည်မှာ ရာဇာနေဝင်း ကိန္ဒရာနာပေါက်နေသည့်ဟန်မျိုး။
ကြွက်စုတ်။ ။ ဟဲလိုး … ဂွတ်တမောနင်း ရုက္ခစိုးမင်း။
ရုက္ခစိုး ။ ။ စောစောစီးစီး မလာစဖူးအလာထူးပါလား။
ဖိုးရှုပ် ။ ။ ဒီကောင် ကြွက်အစုတ်အပြတ်ပေါ့ဗျာ … ချမ်းချမ်းဆီးဆီး အိပ်ကောင်းခြင်းမအိပ်ရ ကျနော့်ကို လာနှိပ်စက်ပြီးအားမရလို့ ဦးရုက္ခစိုးကိုလာပြီး ဒုက္ခပေးတာပေါ့။
အအိပ်ကြီးသည့်ဖိုးရှုပ်တယောက် အစောကြီးထလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေ၏။
ဦးရုက္ခစိုး ။ ။ မနက်စောစောထတယ်ဆိုတာ မင်္ဂလာတပါးပါမောင်ဖိုးရှုပ်ရဲ့။ အခုလို ချမ်းဆီးတဲ့ရာသီမှာ လတ်ဆတ်တဲ့လေကိုရှူလိုက်ရတာကိုက စိတ်ကိုလန်းဆန်းစေတယ်ကွ။
ဖိုးရှုပ် ။ ။ ဒီလောက်ချမ်းဆီးနေတဲ့ကြားထဲ အဲဒီလေအေးအေးကြီးရှူလိုက်ရတာကိုက နှာခေါင်းထဲ ရေခဲချောင်းကြီး ထိုးထည့်တာခံလိုက်ရသလိုပါဗျာ … မနိပ်ပါဘူး။ အယ်လ်ဂိုးတို့လို သဘာဝပတ်ဝန်းကျင်သမားတွေကလည်း သူ့ဟာသူ နွေးထွေးနေတဲ့ကမ္ဘာကြီးကို ရှာရှည်ပြီး ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အလုပ်ကိုရှုပ်တယ်ဗျာ။
ကြွက်စုတ် ။ ။ ဟေ့ကောင် … မင်းဟာမင်း အအေးကြောက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေတဲ့လူတွေကို လိုက်ပြီးမတိုက်ခိုက်နဲ့လေကွာ။ ပြဿနာကို မီးခွက်ထွန်းမရှာချင်စမ်းပါနဲ့ကွာ။
ရုက္ခစိုး ။ ။ မင်းတို့ကောင်တွေစကားပြောရင် ဘောင်မကျော်စေနဲ့လေကွာ။ ဘေးလူတွေကြားကုန်မှ ဟုတ်ပေ့ဖြစ်နေမယ်။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးကဘာသိလို့လဲ ခေတ်ကြီးက ပြောင်းပြန်စီးတဲ့ခေတ်ကိုရောက်နေပြီ။
ရုက္ခစိုး ။ ။ ဘာတွေပြောင်းပြန်စီးတာလဲကွ …. မင်းကိုယ်တိုင်ကော ပြောင်းပြန်စီးနေပြီလား။
ဖိုးရှုပ် ။ ။ မဟုတ်ဘူးလေဗျာ … ကမ္ဘာပေါ်မှာထိပ်ဆုံးကဆိုတဲ့ အမေရိကန်ကိုကြည့်လေ၊ လူမည်းသမ္မတခေတ်။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင်ကြည့် ရှေ့နေလိုက်ရာကနေ ထောင်လုံးလုံးကျတဲ့ခေတ်။
ရုက္ခစိုး ။ ။ အဲဒါနဲ့ပဲ ကမ္ဘာကြီးတခုလုံးပြောင်းပြန်စီးရောလားကွ။
ကြွက်စုတ် ။ ။ စီးပါပြီကောဗျာ … ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဘယ်သူမှသီးခြားရပ်တည်လို့ မရဘူးလေ။
ရုက္ခစိုး ။ ။ ဒါဆိုလဲ ငါ့ညောင်ပင်ကိုမှီပြီးတော့ ရပ်ပေါ့ကွာ။
ဖိုးရှုပ် ။ ။ ရုက္ခစိုးကြီးက လည်မလိုနဲ့ တော်တော်ထုံတာပဲ။ အခုခေတ်က ကျနော်တို့ငယ်ငယ်ကလို မဟုတ်တော့ဘူးဗျ။
ရုက္ခစိုး ။ ။ ဟုတ်တယ်လေ … မင်းတို့ငယ်ငယ်က ကွန်ပျူတာဆိုတာထားလိုက်ဦး၊ တီဗီတောင် ရှိလို့လား၊ ဒီခေတ်ကျတော့ မြန်မာပြည်ကလွဲရင် အိမ်တိုင်းအိမ်တိုင်း ကွန်ပျူတာ၊ အင်တာနက်နဲ့။
ဖိုးရှုပ် ။ ။ လက်စသတ်တော့ ရုက္ခစိုးကြီးက ရုပ်ဝါဒသမားပဲ။ ရုပ်ဝတ္ထုတွေကိုသိပ်ပြီး ရှေ့တန်းမတင်ပါနဲ့ဗျာ … ဟောဟိုမှာကျနော့်ဆိုင်ကယ်ကိုကြည့်စမ်း … ဘယ်လောက်စုတ်လိုက်လဲလို့၊ ဒါပေမယ့် နေ့စဉ် ဒွိုင်ဆူထေ့တောင်ကိုတော့ တက်နိုင်တာပဲမလား။ ရုပ်ဝတ္ထုတွေနောက်ကိုလိုက်ရင် ဒုက္ခတွေ့မယ်နော်။
ရုက္ခစိုး ။ ။ အပိုတွေပြောမနေနဲ့ ဟေ့ကောင်။ မင်းဟာမင်း အသစ်မဝယ်နိုင်လို့ အစုတ်သုံးနေတာကိုများ ငါ့လာပြီး ရုပ်ဝါဒသမားလေး၊ ဘာလေးနဲ့ … မင်းပြောချင်တာအဲဒါလား။
ဖိုးရှုပ် ။ ။ ဒေါသမကြီးပါနဲ့ ရုပ်ဝါဒ … အဲအဲ … ရုက္ခစိုးကြီးရယ်။ ကျနော်ပြောချင်တဲ့ ခေတ်ကြီးက ပြောင်းပြန်စီးတဲ့ခေတ်ဆိုတာ သားသမီးက မိဘကို အုပ်ချုပ်တဲ့ခေတ်ရောက်ပြီလို့ ပြောတာဗျ။
ရုက္ခစိုး ။ ။ မင်းစကားအဆန်းပါလား။ အခု မိဘတွေကကျောင်းတက်ပြီး သားသမီးက စီးပွားရှာ၊ ထမင်းချက် အလုပ်တွေ လုပ်ကုန်ကြလို့လား။
ကြွက်စုတ် ။ ။ ကလေးကစားကွင်းတို့ ဂိမ်းဆိုင်တို့မှာ မိဘတွေနဲ့ ပြည့်နေတာနေမှာပေါ့။
ဖိုးရှုပ် ။ ။ ဟေ့ကောင် … စကားကောင်းပြောနေတယ်၊ ဝင်မရှုပ်နဲ့။ ဒီလိုဗျ … ဒီဘက်ခေတ်ပညာရေးကိုက အဆင့်မြင့်လာတာလား၊ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကောင်းလာသလားတော့မသိဘူး။ အခုဆို ကလေးတွေက မိသားစုတွင်း စီမံအုပ်ချုပ်မှုပိုင်းတွေမှာ တာဝန်ယူလာကြတာကို တွေ့နေရပြီဗျ။
ရုက္ခစိုး ။ ။ ဒါဆိုရင် ကောင်းတဲ့အလားအလာပေါ့ကွာ။ ဒီဘက်ခေတ်မိဘဖြစ်ရတဲ့ဒုက္ခက သေးတာမဟုတ်ဘူး။ ရှာရ၊ ဖွေရ၊ သားသမီးကိစ္စတွေကများပါဘိနဲ့ အခုတော့ အိမ်ရဲ့အုပ်ချုပ်မှုကိုပါ သားသမီးက ဝင်လုပ်ပေးတယ်ဆိုတော့ ကောင်းတာပေါ့ကွာ။ ဘာသာရေးအရကြည့်မယ်ဆိုလဲ မိဘတွေ အိုမင်းမစွမ်းချိန်မျိုးမှ ပြုစုတာမဟုတ်ဘဲ အခုကတည်းကလုပ်တာဆိုတော့ တသက်စာကုသိုလ်တွေ အများကြီး ရမှာပေါ့ကွ။
ကြွက်စုတ် ။ ။ ဟာ … ဒီရုက္ခစိုး မသိဘဲနဲ့ စကားကိုရမ်းပြောပြန်ပြီ။ အိမ်တွင်းစီမံအုပ်ချုပ်မှုမှာ ဝင်ကူတာမဟုတ်ဘူးဗျ။ မိဘတွေကို ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး၊ ဟိုမသွားနဲ့၊ ဒီမသွားနဲ့လို့ အမိန့်ထုတ်တာဗျ။ ဟိုလူအိမ်မခေါ်ရဘူး၊ ဒီလူအိမ်မခေါ်ရဘူးဆိုတာ တခါတလေ ရှိသေးတယ်။
ရုက္ခစိုး။ ။ ဟေးဟေး … အဖေနော် နောက်တခါအိမ်ပြန်နောက်ကျတာတို့၊ ယိုင်ထိုးပြီးပြန်လာတာတို့ဆိုရင် တုတ်ပါတခါတည်းကောက်ခဲ့ဆိုတာ ဒါမျိုးပေါ့ကွာ။
ဖိုးရှုပ်။ ။ အခုဆို ကလေးမိဘတွေစုပြီး မိဘအခွင့်အရေးတောင်းဆိုဖို့ အဖွဲ့ဖွဲ့ကြတော့မလို့တဲ့ဗျ။
ရုက္ခစိုး။ ။ ကြည့်လဲလုပ်ကြပါကွာ။ မိသားစုပုံစံတွေပျက်စီးကုန်ပါဦးမယ်။ မင်းတို့လဲသွားမပါလဲ … တော်ကြာ ကလေးမရှိဘဲ တရားခံစာရင်းဝင်နေမယ်။ မဝင်သင့်တဲ့ကြားကိုဝင်ရင် ချောင်ပိတ်မိနေတတ်တယ်။
နဂိုကတည်းက ရည်းစားတောင်မရှိ၊ ဂေါ်မစွံလူပျိုကြီးများကို ရုက္ခစိုးကြီးက အထင်တကြီးဖြင့် မိဘအခွင့်အရေးအဆွေးနွေးရန် နားချနေ၏။
ကြွက်စုတ်။ ။ ဒီခေတ်ကြီးမှာ ချောင်ပိတ်တဲ့ကိစ္စကတော့ ဝင်သင့်၊ မဝင်သင့်နဲ့ မဆိုင်တော့ဘူးဗျ။ အခုဆို ဘန်ကောက်က ဒွန်မောင်းလေဆိပ်ကနေ ဝန်ကြီးချုပ်ပြန်ဝင်မလာအောင် ဆန္ဒပြသမားတွေကဝိုင်းထားကြလို့ အထဲမှာ တိုးရစ်တွေပိတ်မိနေပြီတဲ့။
ရုက္ခစိုး။ ။ ဘာဆိုင်လို့လဲကွ။ ငါတို့ပြောနေတဲ့မိသားစုကိစ္စနဲ့ ထိုင်းနိုင်ငံရေး တခြားစီပါကွာ။
ကြွက်သုတ်။ ။ ဟဲဟဲ …. ဆိုင်တာ မဆိုင်တာအသာထားလေ။ ချောင်ပိတ်တာချင်းတော့တူတယ်မလား။
ရုက္ခစိုး။ ။ လေယာဉ်ကွင်းပိတ်တာတော့ ဒွန်မောင်းတင်ဘယ်ကမလဲ၊ အသစ်ဖွင့်ထားတဲ့ သုဝဏ္ဍဘူမိ (စုဝနာဘွန်) လေယာဉ်ကွင်းလဲ ပိတ်ထားတယ်လေ။ ခရီးသည်တွေ အခိုက်အတန့်တော့ ဒုက္ခရောက်ကြမှာပေါ့။
ဖိုးရှုပ်။ ။ ဟုတ်ပီဗျို့ … ဘန်ကောက်က လေယာဉ်ကွင်း ၂ ကွင်းလုံးမှာ ဝန်ကြီးချုပ်ဆင်းမရအောင် ဆန္ဒပြသူတွေဝိုင်းထားလို့ပိတ်ထားတယ်ဆိုရင် ဝန်ကြီးချုပ်ကိုထောက်ခံသူတွေပေါတဲ့ ချင်းမိုင်က လေယာဉ်ကွင်းမှာ ဆင်းဖို့များသွားပြီဗျ။ သတင်းလေးဘာလေးရလိုရငြား သွားစောင့်လိုက်ဦးမယ်ဗျို့။ ကျုပ်အတွက်တော့ မိသားစုပြဿနာထက် သတင်းပြဿနာက ပိုအရေးကြီးသဗျ။
ဖိုးရှုပ်သည် ပြောပြောဆိုဆိုပင် ၎င်း၏နောက်ဆုံးပေါ်ဆိုင်ကယ်အစုတ်ကလေးကိုစက်နှိုးကာ ချင်းမိုင်လေဆိပ်သို့ ပြေးလေတော့သည်။ သာယာလှပသည့် ဒွိုင်ဆူထေ့တောင်လမ်းကလေးလည်း ဆိုင်ကယ်အိပ်ဇောမှထွက်သည့် မီးခိုးလုံးကြီးကြောင့် မည်းမှောင်သွားလေတော့သည်။

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်
အေးချမ်းမြေ့ | နိုဝင်ဘာ ၂၆၊ ၂၀၀၈
စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။
နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။
အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။ ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။
ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။
မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။
သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။ အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။
ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။
“ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး” ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။
ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။
ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက “ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်” ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။
ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။
လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက “ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ” ဟု ပြောသည်။
ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။
“နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ” ဟု ကိုအောင်သူငြိမ်းက ဆိုသည်။
ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။
ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။
ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။
“အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ” ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။
ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။
ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။
မြန်မာစကားတွင်လည်း “ကြောက်မွေးပါဇာဂနာနဲ့နုတ်” ဟူ၍ ရှိထားသည် မဟုတ်ပါလား။

နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့ ဆက်လက်ပြုလုပ်
ဧရာဝတီ | နိုဝင်ဘာ ၂၆၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသည့် သံဃာ ၂ ပါး အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးကို မကြာသေးခင်က ပြစ်ဒဏ်များ ချမှတ်၍ ယနေ့တွင် အင်းစိန်ထောင်မှ ဝေးလံသည့် နယ်ထောင် များသို့ပြောင်းရွှေ့ လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်မှ ဦကောဝိဒနှင့် ဦးစန္ဒာသီရိတို့ကို ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်သို့ လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုသိန်းဆွေ နှင့် ဗကသ မှ ကိုစည်သူမောင် တို့ကို စစ်တွေထောင်သို့ လည်းကောင်း ပြောင်းရွှေ့လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦးကပြောသည်။
ထို့အပြင်တခြားသော နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီး တဦးဖြစ်သည့် မထားထားသက် ကိုလည်း ပဲခူးထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။
ယခုအပတ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်း စစ်အာဏာပိုင်များက ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေးလှုပ်ရှားသူ ၃၀ ကျော်ကို အင်းစိန်ထောင်မှ နယ်ထောင်များကို ပြောင်းရွှေ့ခဲ့သည်ဟုလည်း အထက်ပါ ထောင်ဝန်ထမ်းက ပြောဆိုသည်။
တချိန်တည်းတွင်ပင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ကျခံရပြီးသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၁၃ ဦးကိုလည်း ယမန်နေ့နှင့် ယနေ့တွင်ရုံးထုတ်ကြောင်းနှင့် လာမည့်သောကြာနေ့တွင် ထပ်မံ၍ ပြစ်ဒဏ်ချမှတ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
ထို့အပြင် ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံရပြီးသော ဗကသ အဖွဲ့မှ ကျောင်းသားလူငယ် ဒီငြိမ်းလင်း ကိုလည်း ပဲခူးတိုင်း ထန်တပင်မြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်သော်လည်း ထပ်မံ၍ ပြစ်ဒဏ် ချမှတ်မှုမပြုလုပ်သေး ကြောင်း ရန်ကုန်မြို့မှ နီးစပ်သူ တဦး ကပြောသည်။
လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်သူများအပါအ၀င် စစ်အစိုးရက ဖမ်းဆီးထားသူ လူ ၄၀ ခန့် ကို ထပ်မံ၍ ပြစ်ဒဏ်များ ချမှတ်နိုင်ဖွယ်ရှိကြောင်းလည်း ထောင်ဝန်ထမ်းအသိုင်း အ၀န်းကပြောဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
စစ်အစိုးရက ဖမ်းဆီးထားသည့် သံဃာ ၂ ပါး အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးကို မကြာသေးခင်က ပြစ်ဒဏ်များ ချမှတ်၍ ယနေ့တွင် အင်းစိန်ထောင်မှ ဝေးလံသည့် နယ်ထောင် များသို့ပြောင်းရွှေ့ လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်မှ ဦကောဝိဒနှင့် ဦးစန္ဒာသီရိတို့ကို ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်သို့ လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် ကိုသိန်းဆွေ နှင့် ဗကသ မှ ကိုစည်သူမောင် တို့ကို စစ်တွေထောင်သို့ လည်းကောင်း ပြောင်းရွှေ့လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦးကပြောသည်။
ထို့အပြင်တခြားသော နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီး တဦးဖြစ်သည့် မထားထားသက် ကိုလည်း ပဲခူးထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။
ယခုအပတ် တနင်္လာနှင့် အင်္ဂါနေ့များတွင်လည်း စစ်အာဏာပိုင်များက ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေးလှုပ်ရှားသူ ၃၀ ကျော်ကို အင်းစိန်ထောင်မှ နယ်ထောင်များကို ပြောင်းရွှေ့ခဲ့သည်ဟုလည်း အထက်ပါ ထောင်ဝန်ထမ်းက ပြောဆိုသည်။
တချိန်တည်းတွင်ပင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ကျခံရပြီးသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၁၃ ဦးကိုလည်း ယမန်နေ့နှင့် ယနေ့တွင်ရုံးထုတ်ကြောင်းနှင့် လာမည့်သောကြာနေ့တွင် ထပ်မံ၍ ပြစ်ဒဏ်ချမှတ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
ထို့အပြင် ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံရပြီးသော ဗကသ အဖွဲ့မှ ကျောင်းသားလူငယ် ဒီငြိမ်းလင်း ကိုလည်း ပဲခူးတိုင်း ထန်တပင်မြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်သော်လည်း ထပ်မံ၍ ပြစ်ဒဏ် ချမှတ်မှုမပြုလုပ်သေး ကြောင်း ရန်ကုန်မြို့မှ နီးစပ်သူ တဦး ကပြောသည်။
လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်သူများအပါအ၀င် စစ်အစိုးရက ဖမ်းဆီးထားသူ လူ ၄၀ ခန့် ကို ထပ်မံ၍ ပြစ်ဒဏ်များ ချမှတ်နိုင်ဖွယ်ရှိကြောင်းလည်း ထောင်ဝန်ထမ်းအသိုင်း အ၀န်းကပြောဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
နာမည်ကြီး စီးပွားရေးသမား မောင်ဝိတ်ကို ထောင် ၁၅ နှစ်ချ
ကိုစိုး | နိုဝင်ဘာ ၂၆၊ ၂၀၀၈
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူထားသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ အသိုင်းအ၀န်း အပါအ၀င် မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် အပတ်က အင်းစိန်ထောင် အထူးတရားရုံးတွင် အဆိုပါ မောင်ဝိတ်ကို ပြစ်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။
“၁၅ နှစ် ချလိုက်တာကတော့ သေချာတယ်”ဟု အထက်ပါ ရှေ့နေက ပြောသည်။
ထိုသို့ မောင်ဝိတ် ပြစ်ဒဏ် ၁၅ နှစ် ကျခံရသည်ကို သိရှိသော်လည်း ယခုလောလောဆယ် အင်းစိန်ထောင်တွင် ရှိမရှိကိုမူ ၎င်း မသိရှိကြောင်း Maung Weik and Family co.,Ltd မှ အမျိုးသမီး ၀န်ထမ်းတဦးကလည်း ပြော သည်။
“ကုမ္ပဏီမှာ အခု ဘယ်သူမှ မထိုင်သေးပါဘူး၊ မိသားစု ဖုန်းနံပါတ်လည်းပေးလို့မရပါဘူး၊ အခုလောလောဆယ် မိသားစု က ဖုန်းလက်ခံ စကား မပြောဘူးလို့သိရပါတယ်”ဟု ၎င်းက ပြောသည်။
ယခု မောင်ဝိတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက ဇနီးဖြစ်သူ မယဉ်မင်းသီ အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။
ယင်းမောင်ဝိတ်ကို ဇွန်လအတွင်းတွင် အပေါင်းအပါ ၆ ဦးနှင့် အတူ သက်ဆိုင်ရာက အက်တာစီ ဆေးပြား သုံးစြွဲ့ဖန့်ချိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းမတော် ရဲစခန်းက မယ (ပ) ၂/၀၈ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (င)/၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။
မောင်ဝိတ်နှင့် အတူ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသား Mr. Peter Too Huat Haw အပါအ၀င် မောင်နေထွန်းလွင် ၊ မောင်အောင်မင်း ၊ မောင်ကျော်ဖုန်းနိုင် ၊ မောင်ကျော်လှိုင် နှင့် မောင်ကျော်ကျော်ဝင်း တို့ဖြစ်ကြောင်း ဇူလိုင်လ အတွင်း က မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြထားသည်။
အသက် (၃၅) နှစ်ရှိ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ Mr. Peter Too Huat Haw ထံတွင် အက်တာစီ ဆေးပြားများ ၀ယ်ယူ သုံးစွဲခဲ့ရုံမက ကုမ္ပဏီ နှစ်ပတ်လည်နေ့များ ၊ မွေးနေ့ပွဲများတွင် တခြားသူများကိုပါ ဖြန့်ဝေ သုံးစွဲစေခဲ့သောကြောင့် အရေးယူခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယင်းမူးယစ်ဆေးဝါးများကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဆေးပြား တပြား၏ တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ၀န်းကျင်ရှိ သည် ဟု ဆိုသည်။
လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် ယင်း အက်တာစီ ဆေးပြားများ သုံးစွဲနေသည်ကို မိဘများသိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေး ဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲ မြင့် စသည့် စစ်တပ်အကြီးအကဲများနှင့်နီးစပ်သူများကိုပါ မဖြစ်မနေဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့် ကိုမူ ယခုအချိန်အထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖြန့်ချိခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ် ၊ ၁၀ နှစ် နှင့် တသက်တကျွန်း အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

November 25, 2008
အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)
နော်မန် ရိုဘက်စ် စပီရီ | နိုဝင်ဘာ ၂၅၊ ၂၀၀၈
ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။
ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့် အရေးကို ကမ္ဘာက အချိန်တိုအတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ်ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာ စစ်အစိုးရအဖို့လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။
ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန်ရှိ သော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာ တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည်ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် တွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့် ရလဒ် ပြစရာမရှိ ဖြစ်နေရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင်ဂုဏ်ယူဖွယ်အချက် ဖြစ် စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစု သော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင် ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်းလာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ်ခံရခြင်းလည်း ရှိခဲ့သည်။
အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာနိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။
ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံနှင့် တိုင်းရင်းသား သူပုန် လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိအဖွဲ့များဖြစ်ကြသည့် လွတ်လပ် သည့် လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။
ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူး ယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာ လာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုးကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှု သင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါသည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင် ဖြစ်သည်။
ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ် ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်းရေးမှူး -၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျစွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။
အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦး တည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာစေ ခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့် ရစေခဲ့ပြီး အချို့သောဖြစ်ရပ်များတွင် စစ်အစိုးရ လက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရလျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာ မည့် အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင် မည့် အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။
ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝမှုအောက်တွင် တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်းဝင်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ် ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက်ရေးနည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ ခေါင်း ဆောင်များ အနေနှင့် လာဘ်လာဘများ မျှော်ကိုးလက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။
စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုးစီးပွားအရ မတူ ကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ် ပေါက်လာစေနိုင် သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိ စေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင်၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွား ရေး အကျိုးစီးပွားများ ပျက်စီး ဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရ က လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ်အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့ သည်။
ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများ နှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်း ကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ်ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကိုယူ၍ တိတ်တဆိတ်ခွင့်ပြုထား သောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုးပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိစေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များ မျှော်လင့်ချက်မဲ့သေဆုံးနေရ
အေးချမ်းမြေ့ | နိုဝင်ဘာ ၂၅၊ ၂၀၀၈
အာရှတွင် ခုခံအားကျဆင်းမှုဝေဒနာ အဆိုးရွားဆုံး ခံစားနေ ရသော နိုင်ငံတနိုင်ငံ ဖြစ်သည့် မြန်မာ နိုင်ငံအစိုးရနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများ ပူးပေါင်းကာ ၎င်း ဝေဒနာသည်များ အတွက် အေအာရ်ဗီ ဆေးထောက်ပံ့ရေး အရေးပေါ် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့မှာ ဆေးကုသမှုခံယူခွင့်မရရှိဘဲ မျှော်လင့်ချက်မဲ့စွာ သေဆုံးရန် အလားအလာရှိနေကြောင်း ၎င်းအဖွဲ့ အစည်း၏ ကြေညာချက်တွင် ထည့်သွင်း ရေးသား ထားသည်။
အကြမ်းဖျင်း အားဖြင့် မြန်မာပြည်တွင်း၌ ခုခံအားကျဆင်းမှု ဝေဒနာရှင်ပေါင်း ၂၄၀၀၀၀ ခန့် ရှိနေပြီး ၎င်းတို့ အထဲမှ ၇၆၀၀၀ ခန့်မှာ အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်လျှက်ရှိကြောင်း အမ်အက်စ်အက်ဖ် က သတင်း ထုတ်ပြန် ထားသည်။ အမ်အက်စ်အက်ဖ်က ဆေးကုသရေး အတွက် ထောက်ပံ့ပေးနိုင်မှုမှာ ယခုလက်ရှိ အနေအထားအရ ဝေဒနာသည်အားလုံး၏ ၂၀ ရာခိုင်းနှုန်းထက်ပင် နည်းသေးကြောင်း သိရသည်။
“မနှစ်ကဆိုရင် ဝေဒနာရှင် နှစ်သောင်းခွဲ ကျော်ဟာ အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်နဲ့ ဆက်နွှယ်နေတဲ့ တခြား ရောဂါတွေကြောင့် ကွယ်လွန်ခဲ့ရတယ်။ ဒီနှစ်လည်း အဲဒီကိန်း ဂဏန်းထက် မနည်းတဲ့ အရေ အတွက်လောက် ကွယ်လွန်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဆိုလိုတာက အေအာရ်ဗီဆေး လိုအပ်နေပြီ ဆိုတာ ထင်ထင်ရှားရှား ပြနေတာပဲ” ဟု အမ်အက်စ်အက်ဖ်၏ အော်ပရေးရှင်း မန်နေဂျာ ဂျိုးဘယ်လီဗျူ ကပြောသည်။
အမ်အက်စ်အက်ဖ် အနေနှင့် မြန်မာနိုင်ငံအတွင်းရှိ ခုခံအားကျဆင်းမှု ဝေဒနာသည် ၁၁၀၀၀ ခန့်ကို အေအာရ်ဗီဆေး ထောက်ပံ့ပေးခဲ့ချိန်တွင် မြန်မာအစိုးရနှင့် တခြားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း များက မပြောပလောက်သော အရေအတွက်ခန့်သာ ထောက်ပံ့ပေးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“အန်ဂျီအို အဖွဲ့ တဖွဲ့တည်းက ဒီလောက်ပမာဏများပြားတဲ့ ဝေဒနာရှင်တွေအတွက် ဆေး ထောက်ပံ့ဖို့ဆိုတာ လက်ခံနိုင်စရာ မရှိပါဘူး။ ပြီးတော့ လိုအပ်နေတဲ့ သူတွေအားလုံးကို ကျနော်တို့ လက်လှမ်းမမီနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုက်ရတာပါ” ဟု ဘယ်လီဗျူက ကြေညာချက်တွင် ပြောဆိုထားသည်။
အမ်အက်စ်အက်ဖ် အဖွဲ့အစည်းအနေနှင့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်သစ်များအတွက် အေအာရ်ဗီ ထောက်ပံ့မှု မလုပ်ပေးနိုင်သောကြောင့် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ ထိုဝေဒနာရှင်များထဲမှ အနည်းငယ်ခန့်ကို တခြားသော အေအာရ်ဗီထောက်ပံ့ပေးနေသည့် အန်ဂျီအို တချို့သို့ လွှဲပြောင်းပေးလိုက်ရပြီဖြစ်သည်။
“ဆေးလိုအပ်တဲ့ ဝေဒနာရှင်တွေ အမြောက်အများ ကျန်နေပါသေးတယ်။ ဒါကြောင့် မြန်မာအစိုးရ ကဦးဆောင်ပြီး တခြား နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အေအာရ်ဗီ ထောက်ပံ့မှုနှုန်းမြှင့်ပေးကြဖို့ ပြင်းပြင်း ထန်ထန် တောင်းဆိုချင်ပါတယ်” ဟု ဘယ်လီဗျူက ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။
ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များမှာ တနေ့ထက် တနေ့ များပြားလျှက်ရှိနေသည်။ ၂၀၀၇ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရသည် ဝေဒနာရှင် တဦးအတွက် သုံးငွေ ကျပ် တထောင်ပင် မပြည့်သကဲ့သို့ ၂၀၀၈ ခုနှစ်တွင်လည်း အလားတူ မပြောပလောက်သော ငွေကြေးပမာဏကိုသာ သုံးခဲ့သည်။ ထိုပမာကို ထောက်ပံ့သည် ဆိုရာတွင် ဝေဒနာရှင် အရေအတွက် ၁၈၀၀ ခန့်အတွက်သာ ဖြစ်သည်။
တခြားတဘက်တွင် ပြန်ကြည့်မည်ဆိုလျှင်လည်း ခုခံအားကျဝေဒနာရှင်များအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့နေမှုမှာ အနိမ့်ဆုံးအဆင့်တွင်ရှိပြီး တဦးလျှင် အမေရိကန် ၃ ဒေါ်လာခန့်သာ ထောက်ပံ့ပေးနိုင်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ အေအာတီဆေး သောက်သုံးနေသူ မြန်မာအမျိုးသားဝေဒနာရှင် တဦးက“ဒီရောဂါ ဆိုးကြီးကို တိုက်ဖျက်ဖို့ သက်ဆိုင်တဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်။ လူသားတိုင်းက လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း မခွဲခြားဘဲ အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကို ကူညီချင်တဲ့ လူသားချင်းစာနာတဲ့စိတ် ရှိကို ရှိရမယ်” ဟု ပြောသည်။
အမ်အက်စ်အက်ဖ် အနေနှင့် မြန်မာပြည်အတွင်းရှိ အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို အေအာရ်ဗီဆေးကို ဝေဒနာရှင်များနှင့် တိုက်ရိုက်ထိတွေ့ ထောက်ပံ့ပေးသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု ဆိုသည်။
အမ်အက်စ်အက်ဖ်သည် မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှစတင်၍ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား စောင့်ရှောက်ခြင်း လုပ်ငန်းကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ အမ်အက်စ်အက်ဖ် ဝန်ထမ်းများသည် မြန်မာပြည်တွင်းရှိ ဒေသ ၅ နေရာတွင် ဆေးခန်းပေါင်း ၂၃ ခုဖွင့်လှစ်ကာ ဝေဒနာရှင်များအား ပြုစုခြင်း၊ ရောဂါစစ်ပေးခြင်း၊ ကုသခြင်း အပါအဝင် ထောက်ပံ့မှုများ ပေးခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်
အေးလဲ့ | နိုဝင်ဘာ ၂၅၊ ၂၀၀၈
ဒီမိုကရေစီ တိုးတက်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ာ ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံ အခြေစိုက် “Club of Madrid” အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။
၎င်းအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က “ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့က အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ” ဟု ပြောသည်။
သူက ဆက်လက်ပြီး “ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်” ဟု လည်း ပြောသည်။
အဆိုပါ “Club of Madrid”ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲ မှအမြင့်ဆုံးရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်းချမ်း ရေး ဆုအပါ အဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထား သော်လည်း ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချ ခံနေရဆဲဖြစ်သည်။
သူသည် ၂၀၀၃ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ် အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိနေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။
ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့် အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။
WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။
WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်လုပ်ကိုင် လာစေရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

မြစ်ဝကျွန်းပေါ် ဒေသအတွက် ကုလသမဂ္ဂ အစီအစဉ်သစ် စတင်မည်
ဧရာဝတီ | နိုဝင်ဘာ ၂၅၊ ၂၀၀၈
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ရှိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ အတွက် Food for work အစီ အစဉ်ကို ၎င်းတို့ အနေနှင့် ဒီဇင်ဘာလ အတွင်း စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောသည်။
“အခု အစီအစဉ်ကို မုန်တိုင်းဒဏ် ပိုခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသတွေမှာ ပိုမို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု WFP ဒေသဆိုင်ရာ ဒါရိုက်တာ ခရစ္စ ကေရီက ပြောသည်။
Food for work (FFW) အစီအစဉ် အနေနှင့် ပျက်စီး ယိုယွင်း နေသော လမ်းများနှင့် ရေတွင်း၊ ရေကန်၊ ရေနုတ် မြောင်းများ၊ တာတမံများ ပြုပြင် တူးဖော်ရေး၊ သောက်သုံး ရေသန့် ရရှိရေး တို့ကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ရေနုတ်မြောင်း စနစ်များ၊ ဆည်မြောင်း စနစ်များ ကောင်းမွန်ရေးနှင့် သစ်ပင် သစ်တောများ ပြန်လည် စိုက်ပျိုးရန်၊ မသန့်ရှင်းသော ကုန်းမြေများကို ရှင်းလင်းရန် တို့လည်း ပါဝင်သည်ဟု ခရစ္စ ကေရီက ဆိုသည်။
FFW အစီအစဉ်တွင် ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့ အဆောက်အအုံများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဌာနများ၊ စားရေရိက္ခာ ပိုမိုထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။
ယခုအစီအစဉ်ကို ဒုက္ခသည် မိသားစုအချိုးအစားအလိုက် စီစဉ်ထားရာ လူဦးရေ ၄၀၀၀၀ ခန့် အတွက် ကူညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
တချိန်တည်းတွင်ပင် ဘိုကလေးမြို့နယ်အာဏာပိုင်များ၏ အမိန့်ဖြင့် ကျွန်းသာယာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာမှ ရွာသားများကို ရွာ ၁၁ ရွာ တွင် ပြောင်းရွှေ့စုစည်းနေထိုင်ခိုင်းမှုများပြုလုပ်နေကြောင်း ဘိုကလေး ဒေသခံ များက ပြောဆိုသည်။
ယင်း ရွာ ၁၁ ရွာ ၌ ပြောင်းရွှေ့နေထိုင်ရမည့်ရွာသားများတွင် အာမခံ ၊ ဒညင်းဖြူ ၊ မုန်တိုင်းကြီးနှင့် မုန်တိုင်းလေး ရွာများမှ ရွာသားများပါဝင်ကြောင်း သိရသည်။
နေအိမ်အဆောက်အဦများ ပြန်လည်ပြင်ဆင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နေပြီဖြစ်သော ရွာသား များမှာ အထက်ပါအမိန့်ညွှန်ကြားချက်အပေါ် စိတ်မချမ်းမြေ့မှုများဖြစ်နေကြကြောင်း၊ တချို့မှာ ၎င်းတို့၏ လယ်ယာလုပ်ငန်းများအတွက် အချိန်ကုန် ငွေကုန်ခံ၍ လုပ်ကိုင်ထားပြီးသူများ ဖြစ်ကြောင်း ဒေသခံ ရွာသား တဦးက ပြောသည်။
ထို့အပြင် အဆိုပါ ကျေးရွာများသို့ ရေတွင်း၊ ရေကန်များနှင့် စာသင်ကျောင်းများ ဆောက်လုပ်၍ စရိတ်များစွာ အကုန်အကျခံ ထောက်ပံ့ကူညီပေးနေသော ဒေသခံ အန်ဂျီအို အဖွဲ့များကလည်း ထိုသို့ ပြောင်းရွှေ့ခိုင်း နေခြင်း ကို စိတ်ပျက် နေကြကြောင်း သိရသည်။
ယင်း မုန်တိုင်း ဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရွာတချို့သည် ပြန်လည်ထူထောင်နိုင်ပြီဖြစ်သော်လည်း တချို့ မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ယခုအချိန်အထိ အကူအညီလိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရ သောကြောင့် FFW အစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု WFP က ပြောသည်။
လက်ရှိအခြေအနေအရ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးဆိုင်ရာ အကူအညီ များ စောစောပိုင်းကပင် ပိုမိုလိုအပ်လျှက်ရှိကြောင်း ပြဆိုနေခြင်းဖြစ်သည်ဟုလည်း ပြောဆိုသည်။
တခြားသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တဖွဲ့ဖြစ်သည့် ယူကေနိုင်ငံ အခြေစိုက် Save the Children အဖွဲ့ကလည်း ဆိုင်ကလုန်းဒုက္ခသည်များသည် ယခုအချိန်အထိ အကူအညီများလိုအပ်နေဆဲ ဖြစ်ကြောင်း၊ စိုးရိမ် ဖွယ်ရာ သောက်သုံးရေသန့် လိုအပ်ချက်ပြဿနာသည် ဒုက္ခသည် ထောင်ပေါင်းများစွာကို ခြိမ်းခြောက်လျှက်ရှိ ကြောင်း ပြောဆိုသည်။
ဘိုကလေးမြို့နယ်ရှိ ကျေးရွာတချို့မှ ရွာသားများသည် ၎င်းတို့ ကျေးရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ် သောကြောင့် တခြားသော ရွာသို့ သွားရောက် သယ်ယူရကြောင်း၊ အလောင်းကောင်များကြောင့် ရေတွင်း ရေ ကန်များရှိ ရေများမှာ အနံ့ဆိုးများထွက်ကာ မသန့်မပြန့် ညစ်ညမ်းနေဆဲဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဒေသခံများ က ပြောသည်။
“FFW ရဲ့ အစီအစဉ်ထဲမှာ ရေကောင်း ရေသန့်တွေ ပိုမိုရရှိရေးအတွက် ရေတွင်းရေကန် တူးဖော်ရေးလုပ်ငန်းတွေ၊ ရေနုတ်မြောင်းနဲ့ ဆည်မြောင်း တာတမံ ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်”ဟု ခရစ္စ ကေရီက ပြောသည်။

November 24, 2008
ဟာသအလုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးများ
ရဲနည် | နိုဝင်ဘာ ၂၄၊ ၂၀၀၈
လက်ရှိ မြန်မာ နိုင်ငံသည် ရန်သူ သိမ်းပိုက် ခံနေရသည့် တိုင်းပြည် တခုကဲ့သို့ ဖြစ်နေသည့် အပြင် စစ်အစိုးရကို ဆန့်ကျင်သော သံဃာတော်များနှင့် လှုပ်ရှား တက်ကြွသူ များကိုလည်း နေ့စဉ်ညတိုင်း ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွဲနေဆဲ ဖြစ်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် သွေးမြေကျရမှုနှင့် ၎င်းနောက်ပိုင်း ယခုနှစ်မေလက အဖျက်အဆီး ကြီးမားလှသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံရမှုအပေါ်တွင် စစ်အစိုးရ၏ အကြင်နာတရားမဲ့ တုံ့ပြန် ဆောင်ရွက် မှုများကြောင့် ကမ္ဘာတဝန်း ဒေါသူပုန်ထခဲ့သည်။
အထူးသဖြင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ်တွင် ပို၍ ဒေါသဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ လူအများ၏ အမြင်တွင် သွေးအေးအေးဖြင့် ရက်စက်သည့် ခေါင်းမာသော ဗိုလ်ချုပ်ကြီးများကို ရယ်သွမ်းသွေးစရာ၊ ဒေါသထွက်စရာ ရုပ်ပြောင်များအဖြစ် ဆက်လက်သဘောထားခဲ့ကြပြန်သည်။
ဗိုလ်ချုပ်ကြီးများ၏ ကျောက်သားကဲ့သို့ တင်းမာနေသော မျက်နှာပေးနှင့် ပုံမှန်မြင်နေကျ ရုပ်ပုံများကို လူအများက ကာတွန်းများ ပြန်ဆွဲကြသလို ဓာတ်ပုံများကို ပြန်လည်ပြုပြင်၍ ပြောင်ချော်ချော် ပြုမူခဲ့ကြသည်။ ဤပုံများကို အင်တာနက်ပေါ်တွင် တင်ထားကြပြီး စစ်အစိုးရ ဆန့်ကျင်သူများက အင်တာနက်ပေါ်မှ ပြန်လည်ဆွဲချကာ နီးစပ်ရာသို့ ဖြန့်ဝေခဲ့ကြသည်။
လူကြိုက်အများဆုံးသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ပုံမှာ နိဗ္ဗာန်ယာဉ်ပေါ်တွင် ကွာတားဘောင်းဘီတို ဝတ်ကာ ရပ်နေရင်း သူ၏ စစ်တပ်ကို စစ်ဆေးနေသော ပုံဖြစ်သည်။
ပုံတူကူးထပ်ထားသော နောက်ထပ်ပုံတပုံတွင် ဗိုလ်ချုပ်မှူးကြီးကို အယ်လ်ကေဒါ အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် နှင့် ထပ်တူပြုထားပြန်သည်။ နောက်ထပ်တပုံမှာ မြန်မာနိုင်ငံတွင် လူသိများသည့် ရမ်ဘို (၄) ရုပ်ရှင်ကြော်ငြာ ပိုစတာနဘေး၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရမ်အရက်ပုလင်းကြီးတလုံးကို ပိုက်ထားသော ပုံဖြစ်သည်။ ဤပုံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို “ရမ်ဗိုလ်” ဟု အမည်ပေးထားသည်။ “ရမ်” အရက်ကိုသောက်၍ ဘိုကျ ရမ်းကားနေသူဟု ဆိုလိုခြင်းပင် ဖြစ်သည်။
နောက်တခုမှာ အငြိမ့်ပိုစတာတခုသဖွယ် ပြုထားခြင်းဖြစ်ပြီး “ချီးလေးချီး” နှင့် “ခွေးရောင်စုံအငြိမ့်” အမည်ပါ ပိုစတာ ဖြစ်သည်။ နိုင်ငံကျော် အငြိမ့်အဖွဲ့တခုဖြစ်သော သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့ကို ရည်ညွှန်း၍ ယင်းစကားစုနှင့် မြန်မာပြည်ကို အုပ်စိုးနေသော ဗိုလ်ချုပ်ကြီးလေးဦးကို ပေါင်းစပ် ကြည့်လိုက်သော် ရွံစရာ ပစ္စည်းလေးခုနှင့် ခွေးရောင်စုံတအုပ် ဖြစ်သွားသည့်ဟန် သရုပ်ဖော်ထားခြင်း ဖြစ်သည်။
စစ်အစိုးရကို သရော်သည့်ပုံစံ တခုတွင် ရန်ကုန်မြို့၏ လမ်းများပေါ် ခြေဦးတည့်ရာ သွားနေသော ခွေးလေခွေးလွင့် များ၏ လည်ပင်းတွင် ဗိုလ်ချုပ်မှူးကြီး၏ ပုံများချိတ်ဆွဲကာ လွှတ်ပေးလိုက်ခြင်းသည်လည်း တခုအပါအ၀င် ဖြစ်သည်။
အင်တာနက်ပေါ်တွင် ၎င်းပုံများကို အလျင်အမြန် တွေ့နေကြရခြင်းမှာ မောင်တီထွင် (Mr. Creator) ဟု အမည်ခံထားသည့် ပြည်ပရောက် မြန်မာအနုပညာရှင်တဦး၏ ဖန်တီးမှု လက်ရာကြောင့် ဖြစ်သည်။ ဆွဲချခံရသော သူ၏ ဓာတ်ပုံများနှင့် ကာတွန်းများသည် ဆိုက်ဘာအတိုက်အခံများ အကြား အထူးပင် ရေပန်းစားလှသည်။
အင်တာနက် နည်းပညာသည် မောင်တီထွင်ကဲ့သို့သော အနုပညာရှင်များအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ကို ပစ်မှတ်ထား ပျက်ရယ်ပြုတိုက်ခိုက်ရန် ထိရောက်သည့် လက်နက်တခုအဖြစ် စွမ်းဆောင်ပေးနေသည်။
ဟားဗတ် တက္ကသိုလ်၊ အင်တာနက်နှင့် လူမှု အဖွဲ့အစည်းဆိုင်ရာ ဘာ့မင်ဌာန (Berkman Center for Internet & Society at Harvard University) အတွက် မရီဒူလ်ချောင်ဒရီ ရေးသားသည့် လေ့လာရေးစာတမ်း တခုဖြစ်သော “မြန်မာ့ရွှေဝါရောင် တော်လှန်ရေးအတွင်း အင်တာနက်၏ အခန်းကဏ္ဍ” တွင် သူက “တယ်လီဖုန်းနဲ့ ဖက်စ်က စရိတ်စကများတယ်။ တခါတလေမှာ မြို့ပေါင်းများစွာ ဒါမှမဟုတ် တိုင်းပြည်အနှံ့ ပြုလုပ်ကြရတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေအတွက် စီစဉ်ဆောင်ရွက်မယ် ဆိုရင်လည်း ဒီနည်းပညာ အဟောင်းတွေက အံဝင်ခွင်ကျ မဖြစ်လှဘူး” ဟု ရေးသားထားသည်။
လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သူများနှင့် စည်းရုံးရေးသမားများ ရေးဆွဲရသည့် မဟာဗျူဟာ၊ လိုအပ်သော ဆုံးဖြတ် ချက်များချရသည့် လှုပ်ရှားမှု အရှိန်အဟုန် နှစ်ခုအကြား အကွာအဝေးသည် အင်တာနက်ပေါ်တွင် အကြီးအကျယ် မှီတည်နေသည်ဟုလည်း သူကဆိုခဲ့သည်။
ချောင်ဒရီ၏ အဆို မှန်ကန်သည်။ သတင်းနည်းပညာသစ် ပေါ်ထွန်းလာမှုနှင့်အတူ မြန်မာလူမျိုးများသည် အင်တာနက် ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရှိသော နည်းလမ်းတခုအဖြစ် ထူးထူးခြားခြား မြင်လာကြသည်။
သံဃာတော်များ ဦးဆောင်ခဲ့သော ၂၀၀၇ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာလူမျိုးများ၏ တွေးခေါ်ပုံ၊ ဆက်သွယ်ပုံ နှင့် အထီးကျန်သော၊ စစ်တပ်အုပ်ချုပ်သော တိုင်းပြည်အတွင်း ပျော်ရွှင်မှု ဖန်တီးရာတွင်ပါ အင်တာနက်က များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
မြန်မာလူမျိုးများသည် ယခုအခါ ဂျီတော့ခ် ပေါ်တွင် ပုံမှန်စကားပြောကြခြင်း၊ လူမှုကွန်ရက် ၀က်ဘ်ဆိုက်များဖြစ်သော Facebook, Hi5 နှင့် Friendster များပေါ်တွင် မိတ်ဖွဲ့ကြခြင်း၊ ပြည်ပရောက် မြန်မာ ၀က်ဘ်ဆိုက်များသို့ ၀င်ရောက် ဖတ်ရှုကြခြင်း ပြုနေကြပြီး စစ်အစိုးရက ပိတ်ပင်ထားသော ၀က်ဘ်ဆိုက်များကို ပရောက်ဆီ ဆာဗာများသုံး၍ မည်ကဲ့သို့ ကျော်ဖြတ်ဝင်ရသည်ဆိုသည့် သတင်းအချက်များကိုပင် ဖလှယ်တတ်ကြပြီ ဖြစ်သည်။
၎င်းတို့၏ ဘလော့များနှင့် အီးမေးကွန်ရက်များတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ နိုင်ငံရေးအရ အရေးကြီး သော ကိစ္စရပ်များနှင့် တခြားသော ပြည်တွင်းကိစ္စရပ်များကို ဆွေးနွေးငြင်းခုံကြခြင်း၊ အုပ်စိုးသူ ဗိုလ်ချုပ်ကြီးများ ဒေါ သူပုန်ထစေသော ကာတွန်းများ၊ ဂိမ်းများ ပြလုပ်ကြခြင်း စသည့်လုပ်ငန်းများကိုလည်း တက်တက်ကြွကြွ လုပ်ကိုင်လာ ကြသည်။
အင်တာနက်ပေါ်တွင် ကစားရသော အကြီးအကျယ်အောင်မြင်နေသော ဂိမ်းတခုမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ အခြေစိုက် စစ်အစိုးဆန့်ကျင်သော အုပ်စုတစုက တင်ထားသည့် “ငြိမ်းချမ်းရေးအတွက် အတွင်းခံဘောင်းဘီ လှုပ်ရှားမှု” ဆိုသည့် ရယ်စရာ ကစားနည်းတခု ဖြစ်သည်။ ကစားသူများသည် အမျိုးသမီး အတွင်းခံဘောင်းဘီပုံ ဒုံးကျည်များ ဖြင့် ဗိုလ်ချုပ်မှူးကြီး၏ ပုံကို ပစ်နိုင်သည်။ တည့်တည့်မှန်ပါက အမှတ်ရသည်။ နိုင်ငံရေးဂိမ်းများ ထုတ်လုပ်သော ၀က်ဘ်ဆိုက်တခုဖြစ်သည့် READYAIMVOTE.com က ဖန်တီးထားခြင်း ဖြစ်သည်။
မြန်မာကာတွန်းပညာရှင်များကလည်း အလားတူ ကစားနည်းတခုကို မကြာသေးမီက ထုတ်လွှင့်ခဲ့သေးသည်။ ထိုကစားနည်းတွင် ကစားသူများက ပုံပါသော လေထဲတွင် ပျံဝဲနေသည့် ခွေးဘီလူးသန်းရွှေအား လောက်လေးခွဖြင့် ပစ်ချနိုင်သည့် ကစားနည်း ဖြစ်သည်။
နာဂစ်ဆိုင်ကလုန်းကဲ့သို့သော သဘာဝဘေး ကပ်ဆိုးကြီးသည်ပင်လျှင် မြန်မာလူမျိုးများ၏ ဒုက္ခအတွင်း ရယ်မောနိုင် စွမ်းကို မဖျောက်ပစ်နိုင်ခဲ့ပေ။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခံခဲ့ရသော ဒေသများအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည့် သြဂုတ်လအတွင်းက ရန်ကုန်မြို့၏ အထင်ကရ နေရာတခုဖြစ်သော လောကနတ် ခန်းမတွင် သဘာဝ ဘေးဆိုးကို ဟာသ သရုပ်ဖေါ်ထားသည့် ကာတွန်းပုံ ၄၀၀ အား “မုန်တိုင်းမှ နိုးထလာခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ခင်းကျင်းပြသခဲ့ကြသည်။
ထိုပြပွဲအတွက်ရေးဆွဲပေးကြသော ကာတွန်းဆရာ ၇၀ သည် စာပေစိစစ်ရေးနှင့်ပတ်သက်၍ ပြဿနာ တက်နိုင် သည်ကို သိသော်လည်း ရေးဆွဲဖော်ပြခဲ့ကြသည်။ သူတို့ကို ငြိုငြင်မည့်အရေး အမှုမထားဘဲ ဆန့်ကျင်၍ လူထု ဒုက္ခ ရောက်ချိန်တွင် တစုံတရာ အမောပြေ ရယ်မောနိုင်စေရန် ဦးစားပေး ဆောင်ရွက်ခဲ့ကြသည်။
ပြပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ပြသခဲ့ခြင်းအားဖြင့် ထိုကာတွန်းဆရာများသည် မြန်မာ့ရိုးရာ သရော်လှောင် ပြောင်ခြင်းအစဉ်အလာ သရုပ်မှန်ကို ဖော်ထုတ်ပြသခဲ့ကြသည်။
ပျက်ရယ်ပြုခြင်းတခုတည်းဖြင့် ရက်စက်သော စစ်အစိုးရကို ဖြုတ်မချနိုင်ဟု မြန်မာပြည်သူများက ကောင်းစွာသိကြပါ သည်။ သို့သော်လည်း နိုင်ငံရေး ဟာသများသည် တော်လှန်ခြင်း၏ အသိမ်မွေ့ဆုံးသော ပုံစံတခုဖြစ်ပါသည်။ အာဏာရှင်များ၏ သူတို့ကိုယ် သူတို့တန်ဖိုးထားမှုကို ယင်းဟာသများက ဖျက်ဆီးနိုင်ကြသကဲ့သို့ အာဏာရှင် စနစ်အောက် အသက်ရှင်နေထိုင်ရန်အတွက် ပုံစံတခု ဖြစ်ကြောင်းလည်း ၎င်းတို့ နားလည်ကြသည်။
တခါက အမေရိကန် စာရေးဆရာနှင့် ဟာသပညာရှင် မက်တွိန်း ရေးသားခဲ့သလို “လူသားများတွင် လုံးဝ ထိရောက် သော လက်နက်တခုသာလျှင် ရှိသည်။ ဤသည်မှာ ရယ်မောခြင်းပင် ဖြစ်တော့သည်” ဟု ဆိုရပေလိမ့်မည်။
ရဲနည်ရေးသားသည့် The Joke's on the Generals ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။

ပြည်ပပို့ အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်
ကြည်ဝေ | နိုဝင်ဘာ ၂၄၊ ၂၀၀၈
ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် ပြည်ပ နိုင်ငံများမှ အထည်အော်ဒါများ လျှော့ချလိုက်ရာ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် စက်ရုံများမှ အလုပ်သမားများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြကြောင်း သိရှိရသည်။
ဆက်လက်၍ ၎င်းက အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်စက်ရုံအလုပ်သမား အရေအတွက်မှာ ၈ သောင်းမှ ၁ သိန်းထိရှိနိုင်သည်ဟုဆိုသည်။
ပြည်တွင်းတွင် လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၁၆၀ ၀န်းကျင် ရှိပြီး အဆိုပါ စက်ရုံများကို မှီခို အလုပ်လုပ်နေသည့် အလုပ်သမားပေါင်း ၆ သိန်းမှ ၈ သိန်းထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။
“ရှေ့အလုပ်ရမရ ဆိုတာလည်း မသေချာတော့၊ ဒီလ၀က်စာ ငွေလေးနဲ့ ဘယ်လိုနေရမလဲ ဆိုတာတောင် မတွေးတတ်တော့ပါဘူး” ဟု လှိုင်သာယာစက်မှုဇုန် ၂၊ အထည်ချုပ်စက်ရုံတရုံမှ စက်ချုပ် အလုပ်သမား တဦးဖြစ်သည့် မအေးမာကပြောပြသည်။
မအေးမာသည် အသက် ၁၇ နှစ်သာရှိသေးပြီး ၎င်းအလုပ်လုပ်နေသည့်စက်ရုံက အလုပ်သမားများ လျှော့ချလိုက်သဖြင့် လဝက်စာ လခ ကျပ် တသောင်းသာရရှိပြီး အလုပ်ပြုတ် လာခဲ့သူ ဖြစ် သည်။
သူတို့ အထည်ချုပ်စက်ရုံမှ သူအပါအ၀င်တခြားအလုပ်သမားများကို နိုဝင်ဘာလအတွင်း အလုပ်ဆင်းခဲ့သော ရက်များအတွက် တွက်ချက်ကာ ငွေထုတ်ပေးလိုက်ပြီး နောက်နေ့ အလုပ်လာမဆင်းတော့ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ကစပြီး အလုပ်မဆင်းနဲ့ဦး။ အလုပ်ရှိတဲ့အခါ အကြောင်းကြားလိုက်မယ်လို့ သူတို့က လွယ်လွယ် ပြောနိုင်ပေမယ့် ကျမတို့မှာ ဒီနေ့ အလုပ်မရှိရင် နောက်နေ့ ငတ်မှာပဲ” ဟု အထည်ချုပ်စက်ရုံတရုံတွင် နေ့စားအလုပ်သမားအဖြစ် အလုပ်ဆင်းခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။
အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံလူတန်းစားများဖြစ်ကြပြီး အများစုမှာ နေ့စားအလုပ်သမား များသာ ဖြစ်ကြ၍ အသက် ၁၅ နှစ်မှ အသက် ၂၇ နှစ် ၀န်းကျင်အရွယ်အမျိုးသမီးများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမားတဦးကို လစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ပေးနိုင်ရာ အလုပ်သမားများအနေနှင့် လစာငွေတခုတည်းနှင့် ရပ်တည်ရာတွင် ခက်ခဲမှု ရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပိုဆင်းကြရသည်။
သို့သော်လည်း ထိုအလုပ်သမားများမှာ အမြဲတမ်းဝန်ထမ်းများ မဟုတ်သောကြောင့် အလုပ်ရှင် များမှ အလွယ်တကူပင်အလုပ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ အလုပ်သမားများကို အလုပ်ထုတ် လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်း မရှိကြောင်း အလုပ်ပြုတ်ခဲ့သူများထံမှ ကြားသိရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေ အာဏာသက်ရောက်မှု မရှိသောကြောင့် လည်းကောင်း၊ အလုပ်သမား အများစုမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် လည်းကောင်း အလုပ်သမားဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ ရှေ့နေ တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများမှ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ သာမက ဥရောပဈေးကွက်ရှိ ဂျာမနီ၊ မက္ကဆီကို၊ အာဂျင်တီးနား စသည့် နိုင်ငံများသို့ ချုပ်ပြီးအထည်များ တင်ပို့လျှက် ရှိကြောင်း သိရသည်။ အများစုမှာ ကုန်ကြမ်းယူ ကုန်ချောပေးစနစ်ဖြင့် တင်ပို့နေရခြင်းဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ချုပ်ထည် အော်ဒါလက်ခံမှုများ တဟုန်ထိုးကျဆင်းခဲ့၍ ယခုအခါ ရပ်ဆိုင်းလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် တဦးက ပြောပြသည်။
လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းများ အကြပ်အတည်းတွေ့နေချိန်တွင် အစိုးရအနေနှင့် အခွန်ငွေများ လျှော့ချပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးသင့်သော်လည်း ယနေ့ထိတိုင် ဆောင်ရွက် ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
“အလုပ်လက်မဲ့တွေက အရင်ကထက် ၂ ဆပိုလာတော့မယ့် အနေအထားမှာ အစိုးရက ဘာပြင်ဆင်မှုမှမရှိဘူး။ တရုတ်တို့၊ စင်ကာပူတို့၊ တောင်ကိုရီးယားတို့လိုတောင်မှ ပြည်သူတွေ အတွက် ဘယ်လို လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိဘူး” ဟု စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသား ၁၈ ဦးကို နယ်ထောင်များသို့ ဆက်လက်ပြောင်းရွှေ့
ကိုစိုး | နိုဝင်ဘာ ၂၄၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး လှုပ်ရှားသူများကို မကြာသေးခင်က ပြစ်ဒဏ်များ ချမှတ်၍ ဝေးလံသည့် နယ်ထောင်များသို့ အပြောင်းအရွှေ့များ ပြုလုပ်လျက်ရှိရာ ယနေ့တွင် လည်း လူပေါင်း ၁၈ ဦး ကို ထပ်မံ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ချခံရသည့် ဦးသဒ္ဒမ ခေါ် လူအမည် သက်ဇော်၊ ဦးဇာဏေယျ ခေါ် လူအမည် ဥာဏ်ဝင်း သံဃာ ၂ ပါး နှင့် မဟန်နီဦး၊ မကြည်ကြည်ဝါ ၊ မအိ ၊ မငယ် စသည့် အမျိုးသမီး ၄ ဦး အပါအ၀င် စုစုပေါင်း ၁၈ ဦး ကို ယနေ့တွင် အာဏာပိုင်များက အင်းစိန် ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (အေအေပီပီ)က ပြောဆိုသည်။
ယင်းသို့ ထောင်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် အပြောင်းအရွှေ့ခံတချို့မှာ မူလပြောဆိုသည့်ထောင် နေရာ မဟုတ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ အခက်အခဲများနှင့်ကြုံတွေ့ရပြီး စိုးရိမ်ပူပန်ကြရကြောင်း လည်း သိရသည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က“နာမည်ရှိတဲ့လူတွေဆိုရင် အစွန်အဖျားထောင်တွေကို ပြောင်းတယ်၊ အဲဒီလို လူတွေကို ခွဲပြီးပို့တာတွေလည်း ရှိတယ်၊ ကျနော်တို့ သိရသလောက် ကိုမင်းကိုနိုင် က ပူတာအို ထောင် ကို ပြောင်းလိုက်တယ်၊ ကိုကိုကြီးက ကျောက်ဖြူထောင်၊ ဒါပေမယ့် ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ဘယ်ထောင်မှာ ရှိတယ်ဆိုတာ သူတို့ မိသားစုတွေက အတိအကျ မသိရဘူးဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
“ဒီထက်ဆိုးဝါးတာက မိသားစုတွေ လိုက်သွားရင် ထောင်ဝင်စာတွေ့ခွင့်မရ တာတွေ၊ ထောင်ဝန်ထမ်းတွေက အချေမငံ ဆက်ဆံတာတွေရှိတယ်၊ အဲဒါတွေက အထက်အာဏာပိုင် အဆင့်ဆင့်က ညွှန်ကြားလို့လုပ်တယ်လို့ ယူဆပါတယ်၊ မြန်မာ ပြည်သူလူထုရော နိုင်ငံတကာကပါ သည်းမခံနိုင်စရာဖြစ်လာတယ်လို့လည်း ထင်ပါတယ်” ဟု ဦးတိတ်နိုင်က ဆက်လက်ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီးကို စစ်အာဏာပိုင်များက နိုဝင်ဘာ ၁၁ ရက် တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီး နောက် ရှမ်းပြည်နယ် ကျိုင်းတုံ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရ၍ ကျိုင်းတုံထောင်ကို ဆက်သွယ်စုံစမ်းသော်လည်း ထောင်အာဏာပိုင်များက ရေရာစွာ ပြန်လည် ဖြေကြားခြင်းမပြု ၍ စိုးရိမ်ကြောင်း ကိုကိုကြီး၏ ညီ ကိုအောင်ထွန်းကလည်း ပြောဆိုသည်။
“ကျနော် ထောင်မှာ မေးတော့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးကို ကျိုင်းတုံကို ပို့လိုက်တယ်တဲ့၊ ကျနော်က တာဝန်ခံကို သေချာလားလို့မေးတော့ သေချာတယ်တဲ့၊ ဒါနဲ့ ကျနော်ကျိုင်းတုံ ထောင်ကို ဆက်သွယ်တယ်၊ ကိုမင်းကိုနိုင်ကို တော့ ရှိတယ်လို့ သူ့မိသားစုကိုပြောတယ်၊ ကျနော်က ကိုကိုကြီးရှိလားလို့ ပထမ တခေါက်ဆက်တော့ မသိဘူးလို့ ပြောတယ်၊ နောက် တခေါက်လည်း ဆက်ရော ဖုန်းချပြီးတော့ ဘာမှပြန်မဖြေဘူး၊ သီချင်းတွေပဲ ဖွင့်ထားတယ်၊ အဲဒါ နဲ့ ကျနော်လည်း ၁၀ မိနစ်လောက်ကြာတော့ ချလိုက်တယ်၊ အခြေအနေကတော့ အဲဒါပဲ”ဟု ကိုအောင်ထွန်း က ပြောသည်။
ထို့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကိုလည်း အာဏာပိုင်များက မူလတွင် မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟုပြောဆိုသော်လည်း ကလေးထောင်တွင် ရောက်ရှိနေသည်ဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
ပြီးခဲ့သည့် စနေ့နေ့က ၎င်း၏ ခင်ပွန်းသည် ရှေ့နေကြီး ဦးအောင်သိန်းရှိရာ ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ သွားရောက်တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း အမျိုးသားနေ့ဖြစ်၍ ထောင်ပိတ်သောကြောင့် အာဏာပိုင်များ က တွေ့ခွင့်မပေးသည့်အတွက် ရန်ကုန်မြို့သို့ ပြန်ခဲ့ရသည်ဟု ဦးအောင်သိန်း၏ ဇနီးက ပြောသည်။
“သားအမိ ၂ ယောက်သွားတာ ဦးအောင်သိန်း ထောင်ဝင်စာအတွက် မပါဘဲ ခရီးစရိတ် ကျပ် ၂ သောင်းလောက် ကုန်တယ်၊ ၂ ရက်လောက်လည်း အချိန်ကုန်တယ်၊ ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးလို့ပြန်ခဲ့ရတယ်၊ သူကတော့ ကျန်းမာရေးကောင်းတယ် လို့ သိရပါတယ်”ဟု ၎င်းက ပြောပြသည်။
ယနေ့ပြောင်းရွှေ့လိုက်သည့် အကျဉ်းသားများကို သထုံ ၊ မော်လမြိုင်၊ ကလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ဗန်းမော်၊ တောင်ကြီး၊ လာရှိုး၊ ထားဝယ်၊ ပေါင်းတည်၊ သာယာဝတီ စသည့် ထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း အေအေပီပီ က ထုတ်ပြန်ထားသည်။
ယခုလအတွင်း ပြစ်ဒဏ် ကျခံရသူပေါင်း ၁၄၃ ဦး ရှိပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ ကြောင်းလည်း အေအေပီပီက ဆိုသည်။

ရင်ဖွင့်သံလှုပ်ရှားမှု အစီရင်ခံစာ ဖြန့်ဝေ
အေးလဲ့ | နိုဝင်ဘာ ၂၄၊ ၂၀၀၈
၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနှင့် ကိုမြအေးတို့ ဦးဆောင် ပြုလုပ်ခဲ့သော ရင်ဖွင့်သံ လှုပ်ရှားမှု (Open Heart Campaign) အစီရင်ခံစာ စာအုပ်ကို မြန်မာနိုင်ငံ ရန်ပုံငွေ အဖွဲ့ (Burma Fund)က ယနေ့ဖြန့်ဝေလိုက်သည်။
အဓိကအားဖြင့် မြန်မာပြည်သူလူထုက စစ်အစိုးရလက်အောက်တွင် လူ့အခွင့်အရေးချိုးဖောက်ခံ နေရခြင်း အပေါ်ရင်ဖွင့်နိုင်ရန်အတွက်၂၀၀၇ ခုနှစ် မတ်လအတွင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ပြုလုပ်ခဲ့သော ၎င်းအစီရင်ခံစာကို နိုင်ငံတကာနှင့် မြန်မာပြည်သူလူထုသိရှိစေရန်ရည်ရွယ်ကာ ဖြန့်ဝေလိုက် သည်ဟု မြန်မာနိုင်ငံရန်ပုံငွေ အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသောင်းထွန်းက ပြောသည်။
“အခုအချိန်မှာ ဖြန့်ဝေခြင်းက ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဒီ ပြည်သူလူထုရင်ဖွင့်သံနဲ့ပတ် သက်ပြီး ပြုလုပ်ခဲ့တာတွေ ဟာ စာရွက်၊စာတမ်းအနေနဲ့ စနစ်တကျမရှိသေးဘူး။ နောက်တခုက ၈၈ကျောင်းသားများ ရဲ့ဆောင်ရွက်မှုတွေကို နအဖအစိုးရကနေ ဥပဒေမဲ့ နှစ်ရှည်ထောင်ဒဏ် ချတာတွေ၊ နယ်ထောင်တွေ ကို ပို့နေတာ တွေကို နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုကို သိစေချင်တဲ့ သဘော၊ သိဖို့ရည်ရွယ်ပါတယ်” ဟု ၎င်း က ပြောသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်မှုကို အခြေခံပြီး အကြမ်းမဖက်လုပ်ဆောင်နေသည့် ၈၈မျိုးဆက်ကျောင်းသားများအပေါ် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်နေခြင်းအပါအ၀င် လူ့အခွင့် အရေး ချိုးဖောက်နေခြင်း စသည့်တို့ကို သိရှိစေရန် ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်း အဝေးမတိုင်မီ ယခုအစီရင်ခံစာကို တင်ပြရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါက်တာသောင်းထွန်းက“ကနေ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်မှာ ကျောင်းသားခေါင်းဆောင်တွေ လုံးဝလွတ်မြောက်ဖို့လိုတယ်၊ အစစ်အမှန်တွေ့ဆုံဆွေးနွေး မှုတွေ လိုတယ်၊ ဒါကြောင့်မို့ အာဆီယံအစည်းအဝေးကာလမှာ အာဆီယံလွတ်တော်ကိုယ်စားလှယ်များနဲ့ ပူတွဲပြီး ရှင်းလင်းမှုတွေလုပ်မယ်၊ ဒါတွေဟာ ညီလာခံထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်တွေထုတ်တဲ့ အပေါ်မှာ သက်ရောက်မှုရှိမယ်၊ ဒေသတွင်းနိုင်ငံများက မြန်မာပြည်အရေးကိုလျစ်လျူရှု့မထားစေဖို့ သံတမန် ရေးအရ တွန်းအားပေးလုပ်ဆောင်စေဖို့ ရည်ရွယ်ပါတယ်” ဟုလည်းပြောသည်။
ယင်း အစီရင်ခံစာကို ၁၉၂၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ဗြိတိသျှအစိုးရကိုဆန့်ကျင် ခဲ့သော ပထမဦးဆုံးအကြိမ် ကျောင်းသားသပိတ်မှောက်ခဲ့သည့် ၈၈နှစ်မြောက်အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ်နှင့် ယနေ့စစ်အာဏာရှင်ဆန့်ကျင်မှုများကို လက်ရှိ ၈၈မျိုးဆက်သစ်ကျောင်းသားများကလည်း ၆၅နှစ်အထိ ထောင်ဒဏ်နှစ်ရှည်ကျခံပြီး ပြုလုပ်ခဲ့သည့်အပေါ်ဂုဏ်ပြုထုတ်ဝေခြင်းဖြစ်သည်ဟု သိရသည်။
ရင်ဖွင့်သံလှုပ်ရှားမှုမှာ မြန်မာပြည်သူများ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး စသည့် အကြပ်အတည်းများနှင့် ပတ်သက်သောခံစားချက် ရင်ဖွင့်ပန်ကြားစာများကို ၈၈မျိုးဆက်ကျောင်းသားများက စုစည်းပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေထံ သို့ တင်ပြသည့် လှုပ်ရှားမှု တရပ်ဖြစ်သည်။
ယင်းလှုပ်ရှားမှုကို၂၀၀၇ ခုနှစ်ဇန်နဝါရီ ၄ရက်နေ့ လွတ်လပ်ရေးနေ့မှစတင်ခဲ့ပြီး ကာယကံရှင်ပြည်သူတို့၏ ရင်ဖွင့်ပန်ကြားစာကို ကိုယ်တိုင်ရေးသားလက်မှတ်ထိုးပြီး တိုင်ကြားပေးပို့နိုင်ရန် ၈၈မျိုးဆက်ကျောင်း သား များက တိုက်တွန်းနှိုးဆော်ခဲ့သည်။
အဆိုပါ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို စစ်အစိုးရက တရားရုံးမထုတ်ဘဲ နိုဝင်ဘာလ ၁၁ရက် နေ့ က မအူပင်ထောင်တွင်း၌ ပြစ်ဒဏ် ၆၅ နှစ်ချမှတ်ကာ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပို့ခဲ့ပြီးနောက်ပိုင်း ဝေးလံသည့်ဒေသများရှိ ထောင်များသို့ ပို့ဆောင်ခဲ့သည်။

November 21, 2008
ကုလသမဂ္ဂနှင့် အာဆီယံတို့က နှုတ်ဆိတ်မနေသင့်
ဧရာဝတီ | နိုဝင်ဘာ ၂၁၊ ၂၀၀၈
အပြစ်မဲ့ ပြည်သူများအပေါ် မြန်မာ စစ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကြောင့် တနှစ်ကျော် ကာလအတွင်း နှစ်ကြိမ်တိုင်တိုင် ဂုဏ်သိက္ခာ ကျသည်အထိ ပြစ်တင်ဝေဖန် ခံခဲ့ရသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် သံဃာများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းချေမှုန်းစဉ်က အလွန်ထိတ်လန့် တုန်လှုပ်ခဲ့ရပြီးပြီ။်တဖန် နာဂစ်မုန်တိုင်း တိုက်ခတ်ဖျက်ဆီး ခံရစဉ်ကလည်း သိန်းနှင့်ချီသော ဒုက္ခသည်ပြည်သူများကို နိုင်ငံရပ်ခြားအကူအညီများ မရနိုင်အောင် ရက်သတ္တပတ်ပေါင်းများစွာ ငြင်းပယ်ပိတ်ဆို့ထားသဖြင့် လူ့အသက်များကို အကြင်နာတရားမဲ့စွာ အရေးမစိုက်ကြောင်း တနည်းတဖုံ ပြသခဲ့ပြန်သည်။
ဤသို့ ဒေါသဖြစ်ဖွယ်စော်ကားမှုများနှင့် ယှဉ်လျှင် အခြေခံလူ့အခွင့်အရေးများကို အလေးမထား ချိုးဖောက်နေသည့် စစ်ဗိုလ်ချုပ်များ၏ နောက်ဆုံးလုပ်ရပ်များက ထူးမခြားနား အသေးအဖွဲကိစ္စများဟု ဆိုရပေတော့မည်။ သို့သော်လည်း ထိန်း သိမ်းခံထားရသူ ကျောင်းသားခေါင်းဆောင်များနှင့် လှုပ်ရှားသူများအား အင်းစိန်ထောင်အတွင်းရှိ ရုပ်သေးတရားရုံးများက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံတကာအနေနှင့် ယခင်ကာလများထက် တုန့်ပြန်ချက် ပိုမို ပြင်းထန် တင်းမာ သင့်သည်ကတော့ အမှန်ပင် ဖြစ်သည်။
လွန်ခဲ့သည့် အပတ်ကစ၍ မြန်မာနိုင်ငံ၏ သတ္တိခဲများနှင့် အစွမ်းဆောင်နိုင်ဆုံးဟု ဆိုနိုင်သည့် အတိုက်အခံ ခေါင်းဆောင်များ အား တရားရုံးများက မတန်တဆပြစ်ဒဏ်များ ချမှတ်နေသည့်သတင်းများကို စိတ်ဓာတ် ကျဆင်းဖွယ် ဆက်တိုက် ကြားခဲ့ရသည်။ တချို့ကို ၆၅ နှစ်ထိ ထောင်ဒဏ်များ ချမှတ်ခဲ့၏။ ဆိုလိုသည်မှာ စစ်အစိုးရသည် ကမ္ဘာက ပြောသမျှကို နားမ၀င်၊ အရေးမစိုက်ဘဲ ဆက်လုပ်နေသေးသည်ဟု ပြနေခြင်းဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ် မုန်တိုင်း ကာလများတွင် နိုင်ငံတကာ အသိုင်းအဝန်းက ပြောဆိုဝေဖန်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ကြောင်း ပြသနေသည့်နှယ်။
ဤသို့ဖြစ်ရသည်မှာလည်း အံ့သြဖွယ် မရှိပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း ၎င်းတို့ကို အမာခံ ထောက်ခံပေး နေသည့် အိမ်နီးချင်းများနှင့် ကျောလုံနေသရွေ့ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်လာမှုမှန်သမျှကို ကောင်းကောင်း ကျော်လွှား သွားနိုင်ကြောင်း စစ်အစိုးရက သိထားပြီး ဖြစ်သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ရံဖန်ရံခါ ကြုံရတတ်သည့် မျက်နှာပျက်စရာ အသေးအဖွဲ ကိစ္စကလေးများအဖြစ်သာ သဘောထားနေကြသည်။
သို့သော်လည်း နောက်ဆုံးဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် မြန်မာစစ်ဗိုလ်ချုပ်များ တာဝန်သိမှု ရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတကာ၏ ဂုဏ်သိက္ခာကိုပါ ခြိမ်းခြောက်နေသည်။ ကုလသမဂ္ဂကရော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ကပါ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး ကိစ္စများတွင် စစ်အစိုးရကို လေးနက်သည့် မိတ်ဖက် လုပ်ငန်းများ ပူးတွဲဆောင်ရွက်နေသူဟု ပုံဖော်ရန် ကြိုးပမ်းနေသည့် ယခုအချိန်တွင် ပို၍ အရေးကြီးလှပါသည်။
နာဂစ်မုန်တိုင်းက ဖျက်ဆီး၍ လူအများအပြား သေကြေကာ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးကြရချိန်တွင်မှ စစ်အစိုးရက ကာလ ကြာရှည် ကြိုးပမ်းလာခဲ့သည့် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုကို ကံကောင်းထောက်မစွာ အလွယ်ရလာခြင်းက လည်း အတော် မလျော်ကန်လှသော ကိစ္စဖြစ်သည်။ သဘာဝကပ်ဘေးအပြီး ယခင်က ပိတ်ဆို့ထားခဲ့သည်များကို ဖွင့်ပေးရုံ ဖွင့်ပေးလိုက်သည့် စစ်ဗိုလ်ချုပ်များအား ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ချက်ချင်း အရေးပါတာဝန်သိသော ဇာတ်ကောင်များအဖြစ် ပွဲထုတ်လာခြင်းကလည်း လွဲချော်နေပြန်သည်။
ထိုထက်ပို၍ ဆိုးသည်က စစ်အစိုးရခေါင်းဆောင်များကို နိုင်ငံတကာ အသိုင်းအဝန်းက မိတ်ဖက်များဟု အသိအမှတ်ပြု ဆက်ဆံကြမှုကြောင့် ပို၍ အတင့်ရဲလာစေပြီး သူတို့၏ အတိုက်အခံများအပေါ် သူတို့စိတ်ကြိုက် တရားစီရင်ရန် ခွင့်ပြုပေးထားသလို ဖြစ်လာခဲ့ခြင်းပင်။
လူ့အခွင့်အရေး ဘက်တော်သားများဟု ပြောနေကြသည့် ကမ္ဘာ့ဦးဆောင်အဖွဲ့ကြီးများနှင့် အဓိကကျသည့် ဒေသတွင်း နိုင်ငံများကို ဆိုးရွားကြမ်းကြုတ်သည့် စစ်အစိုးရနှင့် လက်တွဲမည်လား ပြီးတော့ ၎င်း၏ အတိုက်အခံများအပေါ် လက်လွတ်စပယ် တရားစီရင်နေသည့် စစ်အစိုးရနှင့် ကမ္ဘာ့ အလေးစားခံ အဖွဲ့တို့ကို တန်းတူအမြင် ခံနိုင်မလားဟု မေးခွန်းများ ထုတ်ရမလို ဖြစ်နေသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ သက်တော်ရှည်ဝန်ကြီးများ၏ စိတ်ကို သိရဖို့ မဖြစ်နိုင် သည်ကတော့ သေချာလှသည်။ တချိန်တည်းတွင် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေထက် စစ်အစိုးရနှင့် ဆက်ဆံရေးမပျက်စေရန်ကိုသာ အာရုံထားနေကြသည်။
မြန်မာ့ဒီမိုကရေစီ အတိုက်အခံများကို စစ်အစိုးရက နောက်ဆုံး နှိပ်ကွပ်ခဲ့မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “အထူးစိုးရိမ်ပူပန်ကြောင်း” ပုံမှန် ၀တ်ကျေတန်းကျေ ကြေညာချက်တစောင် ထုတ်ပြန် ပေးခဲ့သော်လည်း အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝန်က ယခုထိ မည်သို့မျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် ရုပ်ဆိုးပြင်းထန်လှသော ပြစ်မှုများကို ရေငုံ နှုတ်ပိတ် လုပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
ကုလသမဂ္ဂနှင့် တွဲချိတ်ထားသည့် လူ့အခွင့်အရေးကျွမ်းကျင်သူတို့ထံမှ တာဝန်ကျေ ထုတ်ပြန်ကြေညာချက်များတော့ ထွက်ပေါ်လာခဲ့ပါသည်။ မျှတစွာတရားစီရင်ရန် တောင်းဆိုထားခဲ့သော်လည်း ယခုတကြိမ် မြင်တွေ့ရသည်နှင့် ချိန်ထိုးလျှင် မြန်မာစစ်အာဏာပိုင်များအတွက် အနည်းငယ်မျှပင် ဖိအားသက်ရောက်ပုံ မရပေ။
ယခုတကြိမ်တွင်တော့ မစ္စတာဘန်ကီမွန်းနှင့် မစ္စတာ ပစ်ဆူဝန်အနေနှင့် ၎င်းတို့ အဖွဲ့များ၏ ဂုဏ်သိက္ခာကို ဆည်နိုင်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာစစ်အစိုးရကို ပိုမို ဖိအားပေးသင့်နေပေပြီ။ သို့မဟုတ်ပါက မြန်မာစစ်အစိုးရ အနေနှင့် ၎င်းတို့ကို နိုင်ငံတကာက ရာဇ၀တ်ပြစ်မှုများ စိတ်ရှိလက်ရှိ ကျူးလွန်နိုင်သည့် အခွင့်အရေးများ ပေးထားသည် ဟူ၍ ထင်မြင် ယူဆနေပေတော့မည်။
ဧရာဝတီ အင်တာနက်စာမျက်နှာ (အင်္ဂလိပ်ပိုင်း) ၏ အယ်ဒီတာ့အာဘော် UN, Asean Must Speak Up ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဆေးဖြတ်ချိန်
မာတင် ဂျယ်လ်စမာ | နိုဝင်ဘာ ၂၁၊ ၂၀၀၈
ဘိန်းပြောင်းဖြင့် ဘိန်းရှုရှိုက် ခဲ့ကြရသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပေပြီ။ ယနေ့ ကာလတွင်မူ မြန်မာနိုင်ငံရှိ ဘိန်းသုံးစွဲသူ အများစု က ဘိန်းဖြူ (ဟီးရိုးအင်း) ကို အကြောတွင်း ထိုးသွင်း နေကြပြီး လူငယ်များက မက်သာအဖက်တမင်း စိတ်ကြွဆေးပြားများကို ပို၍ သုံးစွဲလာကြသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တောင်တန်းများပေါ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုက သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဤသို့ဖြစ်ရသည့်အကြောင်းမှာ တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲရေးအဖွဲ့ အာဏာပိုင်များကို ဖိအား ပေးခဲ့ခြင်းကြောင့် ဖြစ်သလို မြန်မာစစ်အစိုးရကလည်း အာဆီယံအဖွဲ့ ရည်မှန်းချက်ထားသည့်အတိုင်း ၂၀၁၅ ခုနှစ်တွင် ရွှေတြိဂံဒေသကို မူးယစ်ဆေး ကင်းရှင်းဇုန်ဖြစ်စေရန် ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဘိန်းအထွက်ကျဆင်းသွားခြင်းကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှု အလိုအလျောက် ကျဆင်း သွားမည်ဟု မျှော်လင့်ထားရန် မဖြစ်နိုင်ပါ။ ဤသို့ဖြစ်ရမည့်အစား ဘိန်းနှင့် ဘိန်းဖြူ ရှားပါးလာခြင်းအတွက် မူးယစ်ဆေး သုံးသူများက အခြားအရာဝတ္ထုများ ပြောင်း၍ သုံးစွဲလာကြပါသည်။
ဘိန်းစိုက်ပျိုးမှု နည်းပါးသွားခြင်းကြောင့် ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းများ မြင့်တက်ကုန်သည်။ သို့အတွက်ကြောင့် ဘိန်းနှင့် ဘိန်းဖြူကို ရှုနေကြရာမှ ဘိန်းဖြူကို အကြောတွင်း ထိုးသွင်းသည့် ပုံစံက ပို၍များပြားလာသည်ကို တွေ့လာရသည်။
ဘိန်းအထွက် ကျဆင်းလာမှုကြောင့် ဘိန်းနှင့် ဘိန်းဖြူ သုံးစွဲသူ အရေအတွက် ကျဆင်းသွားဖွယ် ရှိသော်လည်း မူးယစ် ဆေးသုံးစွဲသူ လူသစ်များက ပို၍ ပြဿနာကြီးမားစေနိုင်သည့် ဘိန်းထွက်ပစ္စည်းများအား အကြောတွင်း ထိုးသွင်းခြင်းကို ပြုလာကြသည်။ ဤသို့ သွေးကြောတွင်းထိုးသွင်းမှုကြောင့် အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက် ခြင်း အပါအ၀င် တခြား သွေးမှတဆင့် ကူးစက်နိုင်သည့် ရောဂါများလည်း ဖြစ်စေနိုင်ပါသည်။
ဘိန်းနှင့် ဘိန်းဖြူဈေးနှုန်းက ဒေသအလိုက် ကွာခြားသလို ရာသီအလိုက်လည်း ကွာခြားကြသည်။ ဆိုလိုသည်မှာ ဈေး ကွက်က ပြိုကွဲကာ ပြန့်ကျဲနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း ကချင်ပြည်နယ်တွင် ဘိန်းဈေးနှုန်းက ပျမ်းမျှအားဖြင့် နှစ်ဆခန့် တိုးလာခဲ့သည်။ ဘိန်း အစိမ်းကို ရံဖန်ရံခါ တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ အောက် ရောင်းဝယ်နေကြပြီး အကောင်းဆုံး အရည်အသွေး ရှိသည့် ဘိန်းအခြောက် တကီလိုလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၁၆၀၀ အထိ အရောင်းအ၀ယ် ဖြစ်နေကြသည်။
သို့သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်အတွင်း ဘိန်းအထွက်က သိသိသာသာ တိုးတက်လာနေပြန်သည်။ ဘိန်းအစိမ်းအတွက် ခြံထွက်ပေါက်ဈေးက တသမတ်တည်း တည်ငြိမ်နေခဲ့ပြီး ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ သာ ရှိသည်။ ထိုအချိန်တွင် ထိုင်းနယ်စပ်ဈေးကွက်ဈေးက တကီလိုလျှင် အမေရိကန် ၆၅၀ ဒေါ်လာမျှ ရှိနေသည်။
ဈေးနှုန်း မြင့်တက်လာစဉ်တွင် ဘိန်းဖြူများ၏ သန့်စင်မှု ရာခိုင်နှုန်းက လျော့ကျလာသည်။ ရောင်းချသူများက ဘိန်းဖြူတွင် အခြားဈေးချိုသည့် ဓာတ်ပစ္စည်းများနှင့် ရောနှောလာကြသည်။
“အရင်တုန်းကတော့ ဘိန်းဖြူရှုဖို့ တနေ့ကို ၅ ယွမ်လောက် (၁၀၀၀ ကျပ်) လောက်ဆိုရင် လုံလောက်တယ်။ အခုတော့ အနည်းဆုံး တနေ့ကို ၁၅ ယွမ်လောက် (၃၀၀၀ ကျပ်) သုံးနေရတယ်” တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့ရှိ မူးယစ်ဆေး သုံးစွဲသူ တဦးက ပြောသည်။
“လူတွေက ဆေးထိုးတာ စပြီး လုပ်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံမရှိကြဘူး။ လူအများစုက ဘိန်းဖြူကို ရှုတာနဲ့စကြပေမယ့် ဆေးထိုးသွင်းတာက ဈေးပိုချိုပြီး ပိုထိရောက်တာကို သဘောပေါက်လာကြတယ်။ ပမာဏနည်းနည်းနဲ့ ပိုပြင်းတဲ့ အာနိသင်ကို ရနိုင်တယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျရောဂါ (အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်) ဖြစ်ပွားစေသည့် ပင်မအကြောင်းတခုမှာ မူးယစ် ဆေးသုံးစွဲသူများက ပိုးမွှားရှိနေသည့် ဆေးထိုးအပ်တခုကို အတူတကွမျှဝေ သုံးစွဲနေသောကြောင့် ဖြစ်သည်။ တချို့သော အန်ဂျီအိုများက ဤကိစ္စအပေါ်တွင် ဆောင်ရွက်ကူညီနေကြသော်လည်း မူးယစ်ဆေးစွဲနေသူ အများစုမှာ အန္တရာယ် နည်းသည့် ဆေးသုံးစွဲမှုအတွက်နှင့် အန္တရာယ်ကင်းသည့် လိင်ဆက်ဆံမှုအတွက် နည်းနာ အကြံပေးမှုများ မရရှိကြပါ။ သူတို့၏ မူးယစ်ဆေးစွဲနေမှု ပြတ်စေရန်၊ ကုသနိုင်ရန်အတွက်လည်း အခွင့်အလမ်း အနည်းအကျဉ်းမျှသာ ရှိနေသည်။
မူးယစ်ဆေးစွဲသူများကို ကူညီနိုင်ရန်အတွက်ဆိုလျှင် ပထမအဆင့် လိုအပ်ချက်မှာ ကွန်ဒုံများ၊ ပိုးသတ်ပြီး ဆေး ထိုးအပ်များနှင့် ဆေးထိုးပြွန်များ အလွယ်တကူရရှိနိုင်ရန်နှင့် အစားထိုး ကုသရန်ဆေးများအဖြစ် သုံးနိုင်မည့် မီသာဒုံး၊ ဗျူပရီနိုဖင်း စသည့် ဆေးဝါးများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်တိုင် ဥပဒေအရ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ ထောက်ပံ့ပေးခြင်း၊ ပိုင်ဆိုင် လက်ဝယ်ထားရှိခြင်းကို တားမြစ်ထားပါသည်။ သို့သော်လည်း လက်တွေ့တွင် ဆေးထိုးအပ်များ ထောက်ပံ့ပေးမှုက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံရှိ နေရာ ၂၄ ခုတွင် ဆောင်ရွက်နေပါသည်။ မီသာဒုံးဖြင့် ကုသခြင်း ပဏာမ စီမံ ကိန်းကို ၂၀၀၆ ခုနှစ်မှစတင်ဆောင်ရွက်နေပြီး အနည်းဆုံး ကုသရေးဌာန ၆ ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။
နောက်ဆုံးထုတ်ပြန်သည့် ကုလသမဂ္ဂ ကိုယ်ခံအားကျရောဂါဆိုင်ရာ (UNAIDS) အဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ အရှေ့ တောင်အာရှဒေသရှိ မူးယစ်ဆေး ထိုးသွင်းနေကြသော သုံးစွဲသူ ၃ ရာခိုင်နှုန်းတွင်သာ အလားတူ အန္တရာယ်နည်းသည့် ၀န်ဆောင်မှုမျိုး ရရှိသုံးစွဲနိုင်ကြသည်ဟု ဆိုပါသည်။ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တခု၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အကြောတွင်း ထိုးသွင်းနေသူများ၏ ၄၀ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသည်ဟု ဆိုပါသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူ အနည်းငယ်မျှသာ အေအိုင်ဒီအက်စ်ရောဂါအတွက် ဗိုင်းရပ်စ်ပိုး ကာကွယ် ကုသပေးမည့်ဆေး (အေအာရ်တီ) သောက်သုံးနိုင်ခွင့် ရှိကြသည်။
“မူးယစ်ဆေးသုံးသူတွေကို အေအာရ်တီ ဆေး မပေးရဘူး။ တချို့ကိစ္စ နည်းနည်းက လွဲလို့ သူတို့ကို ဖယ်ထားတယ်။ လူ ၂၀ လောက်ပဲ ဆေးသောက်နိုင်တယ်” ဟု အန်ဂျီအိုအဖွဲ့တခု၏ ကိုယ်စားလှယ်က ပြောသည်။
မြန်မာဘန်းစကားဖြင့် ရာမ သို့မဟုတ် မြင်းဆေးဟု ခေါ်ဆိုနေကြသည့် မက်သာအဖက်တမင်း ဆေးပြားများကို နောက်ထပ် မျိုးဆက်သစ်လူငယ်များက အလွယ်တကူ ရွေးချယ်သုံးစွဲလာနေကြသည်။
“ရန်ကုန်မှာ ဘိန်းဖြူသုံးတဲ့သူက မရှိသလောက်နည်းလာတယ် ရှာရတာလည်း မလွယ်ဘူး။ ဈေးကလည်း မြင့်လွန်းတယ်။ အခုတော့ လူတွေက ရာမပဲ ပိုသုံးစွဲလာကြတယ်။ အဲဒါက လွယ်လွယ်ရပြီး သိမ်းထားလို့ရတယ်။ လူတွေက ဘိန်းဖြူမရ နိုင်တာကြောင့် အခြားဆေးသစ်တွေကို စမ်းသုံးလာကြတယ်။ တချို့လူငယ်တွေဆိုရင် ကော်ရှုတာတွေ၊ ဒီဇယ်ရှုတာတွေ ရှိလာတယ်” ဟု ပြည်တွင်းရှိ အပြန်အလှန်ကူညီရေး အဖွဲ့တခုတွင် အလုပ်လုပ်နေသည့် မူးယစ်ဆေးဝါး သုံးစွဲသူတဦးက ပြောပြသည်။
စိတ်ကြွဆေးအမျိုးအစားဖြစ်သည့် အဖက်တမင်းဆေးပြားများကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရန်ကုန်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ဟု သူက ဆက်ပြောသည်။
“အဲဒီတုန်းကတော့ ဆေးပြားတွေက အရမ်းဈေးပေါတယ်။ လူငယ်တွေက ဆေးပြားတွေကို နိုက်ကလပ်တွေမှာ သုံးကြတယ်။ စီးပွားရေးသမားတွေ၊ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားတွေ၊ ကုန်ကား မောင်းတဲ့သူတွေလည်း သုံးကြတယ်” ဟု သူက ဖြည့်စွက်သည်။
ရွှေလီရှိ အသက် ၂၅ နှစ်အရွယ် လိင်အလုပ်သမ တဦးက တခါတရံ တရက်လျှင် ဆေးလုံး ၂၀ ခန့်အထိ သုံးစွဲသည် ဟုဆိုသည်။
“ကျမ ဘ၀က ကြမ်းတမ်းလွန်းလို့ ရာမ သုံးမိတာ မနက်မှာ ကျမ ၅ လုံးသုံးတယ်။ ဖောက်သည်ရှိရင် ပိုသုံးတယ်။ အရမ်းပင်ပန်းလွန်းလို့ပါ။ ဆေးသောက်ပြီးရင်တော့ လန်းဆန်းလာတယ်။ ဖောက်သည် တွေနဲ့တွေ့ရင်လည်း ပိုပြီးသည်းညည်းခံနိုင်လာတယ်” ဟု သူကပြောသည်
တချို့သော မူးယစ်ဆေးသုံးသူများက ဘိန်းထွက်ကုန်များမှ စိတ်ကြွဆေးဘက်သို့ ကူးပြောင်းလာကြသော်လည်း ဘိန်းဖြူ သုံးစွဲနေသူ အများစုကမူ စိတ်ကြွဆေးအာနိသင်ထက် ဘိန်းအာနိသင်နှင့် ပိုတူသည့် တခြားဆေးဝါးများကို ရွေးချယ် သုံးစွဲကြသည်။
မူးယစ်ဆေးစွဲနေသူများက ဆေးရှားပါးလာမှုနှင့် ဘိန်းဖြူဈေးနှုန်း မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လာမှုကို ဖြေရှင်းရန် ဗျူဟာမျိုးစုံသုံးကြသည်။ စက်ရုံထုတ်ဆေးပြားများ၊ ချောင်းဆိုးပျောက်ဆေးရည်နှင့် ထိုးဆေးများကို ရောစပ်၍ သုံးစွဲကြသည်။
တချို့ကလည်း အဆိပ်ဖြေဆေးပြားများ (detoxification) ကို အဆမတန်သုံးစွဲ၍လည်းကောင်း၊ ဆေးရုံများတွင် မေ့ဆေးအဖြစ်သုံးသည့် ဆေးများကို စမ်းသပ်သုံးစွဲ၍လည်းကောင်း မူးယစ်ဆေးကို အစားထိုးဖြေရှင်းနေကြသည်။ ဤသို့ ဖြင့် ဆေးအတိုင်းအဆလွန်၍ ဒုက္ခသင့်ရသူများလည်း ရှိနေသည်။ တချို့ကလည်း ၀မ်းပိတ်ဆေး သို့မဟုတ် တခြားသော ဖျားနာမှုများအတွက် သုံးသည့် ဘိန်းဆီအနည်းငယ်ပါရှိသော ဆေးများကို သုံး၍ စိတ်ဖြေနေကြပါသည်။
“သူတို့က တခါတည်း ဆေးပြား ၄၀ သုံးတာ။ ဒီဆေးတွေက ဆေးဆိုင်မှာ ၀ယ်ရင်လည်း ရနိုင်တယ်” ဟု မူးယစ်ဆေးသုံးစွဲသူ တဦးက ပြောပြသည်။
မူးယစ်ဆေးစွဲမှုကြောင့် ဖြစ်ရသည့် ထင်ရှားသော ကျန်းမာရေးနှင့် လူမှုရေးပြဿနာများအပြင် သူတို့ကို ရာဇ၀တ်သားများ သဖွယ် သဘောထားသည့် ဖိနှိပ်ရေးဥပဒေများကြောင့်လည်း ဆေးစွဲနေသူများက ကျန်းမာရေး စောင့်ရှောက်မှုများ မခံစား ကြရသည်များ ရှိသည်။
ဒေသအတွင်း ကျင့်သုံးနေသော မူးယစ်ဆေးဝါးဥပဒေများ မှာ အထူးပြင်းထန်လွန်းပြီး ချမှတ်သောပြစ်ဒဏ်များမှာလည်း ပြစ်မှုနှင့် မမျှလောက်အောင် ကြီးလေးနေသည်။ မြန်မာစစ်အစိုးရထိန်းချုပ်ရာ နယ်မြေများတွင် ဆရာဝန် ဆေးညွှန်းမရှိဘဲ လက်တဆုပ်စာမျှသော စက်ရုံထုတ်ဆေးဝါးများ လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မျှအထိ ကျခံရ နိုင်သည်။ အကယ်၍ လူတဦးကို ဘိန်းဖြူ ၀. ၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိပါက ထောင်ဒဏ် ၁၅ နှစ်မျှ အပြစ်ပေးခံရဖွယ်ရှိပြီး စိတ်ကြွဆေး ၅ လုံးမျှ သို့မဟုတ် ဆေးခြောက် ၅ ဂရမ်မျှ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိပါက ထောင်ဒဏ် အနှစ် ၂၀ မျှ ကျခံရဖွယ် ရှိပါသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် မူးယစ်ဆေး သုံးစွဲ ခြင်းကြောင့် အဖမ်းခံရသူများ၊ မိမိသုံးစွဲရန် မူးယစ်ဆေးအနည်းငယ် သိမ်းဆည်းထားမိ၍ အဖမ်းခံရသူများကို ယေဘုယျ အားဖြင့် ထောင်ချလေ့ရှိပြီး လအနည်းငယ်အကြာ အစိမ်းဖြတ် ဆေးဖြတ်ပြီးချိန်၌ ပြန်လွှတ်ပေးတတ်သည်။
“ကျနော်တို့က မူးယစ်ဆေးသုံးစွဲသူတွေကို ပထမဦးဆုံးဖမ်းမိရင် ၃ လ ထောင်ဒဏ်ချတယ်။ နောက်တကြိမ် ထပ် ဖမ်းမိရင်တော့ ထောင်ဒဏ် ၆ လကနေ ၁၂ လအထိ အပြစ်ပေးတယ်။ နေ့လယ်ပိုင်းမှာ အလုပ်လုပ်ခိုင်းပြီး ညပိုင်းထောင်ထဲမှာ အိပ်ရတယ်။ အလုပ်ဆိုတာကတော့ လမ်းဖောက်တာတွေ၊ ရာဘာခင်းနဲ့ ကြံခင်းတွေမှာ ခိုင်းတဲ့ အလုပ်ကြမ်းမျိုးပေါ့” ဟုကိုးကန့် အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။
အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုဖြစ်သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ - ကေ) မှ အရာရှိတဦးကလည်း ၎င်းတို့၏ ပန်ဝါဒေသတွင် မူးယစ်ဆေးရောင်းသူနှင့် သုံးစွဲသူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောပြသည်။
“ဆေးရောင်းတဲ့သူတွေလည်း ဆင်းရဲတာပါပဲ။ သူတို့က ရာမ ရယ်၊ ဘိန်းဖြူရယ်ကို နေ့စဉ် လိုအပ်ချက်တွေအတွက် ရောင်းနေကြတာလေ။ အဲလို ရောင်းသူ၊ ၀ယ်သူတွေကို ဖမ်းလိုက်တော့ သူတို့မိသားစုတွေ ကြပ်တည်း ဒုက္ခရောက် ကုန်တာပေါ့” ဟုသူက ဆိုသည်။
အန်ဒီအေ - ကေ အဖွဲ့ အရာရှိ၏ အဆိုအရ မြို့ပြများတွင် မူးယစ်ဆေးသုံးသူများက ဘိန်းဖြူနှင့် ရာမကို ပိုသုံးစွဲလာကြ သော်လည်း ယခုတိုင် ကျေးရွာအများစုတွင် ဘိန်းကိုသာ အများစု ဆက်လက်သုံးစွဲနေသည်ဟု သိရသည်။
“ကျနော်တို့မှာ အဲလို မူးယစ်ဆေးသုံးနေတဲ့သူတွေအတွက် ကုပေးဖို့ ဆေးတွေလိုတယ်။ အစီအစဉ်တွေလိုတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသက သိပ်ပြီးခေတ်နောက်ကျတယ်။ ဗဟိုအစိုးရကလည်း ဘာမှထောက်ပံ့ပေးတာ မရှိဘူး” ဟု သူက ဆက်ပြောသည်။
လူသားတို့၏ ၀မ်းနည်းကြေကွဲဖွယ် ဆုံးရှုံးနစ်နာနေရမှုကို တရုတ် - မြန်မာနယ်စပ်ဒေသများတွင် အထင်အရှား တွေ့ရှိနေရ သည်။ မူးယစ်ဆေးသုံးစွဲနေသူများအတွက် ပြဿနာ အများအပြားရှိနေပြီး ဆင်းရဲမွဲတေမှု၊ လူမှုရေးအရ ဖယ်ကျဉ်ထားမှု အပြင် ရောဂါဘယများကလည်း အကျယ်အပြန့် တည်ရှိနေသေးသည်။
မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် အခြေအနေမှာ မူးယစ်ဆေးစွဲသူများအာ ကုသပေးမှု အစီအစဉ်များကို အရည် အသွေးမြှင့်တင်ပေးရန်နှင့် မူးယစ်ဆေးသုံးရာ၌ အန္တရာယ်နည်းစွာ သုံးနိုင်ရေး အစီအစဉ်များ ပံ့ပိုးပေးရန် ဖြစ်သည်။
ထို့အပြင် ဥပဒေများကိုလည်း ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုပါလိမ့်မည်။ မူးယစ်ဆေးသုံးစွဲနေသူများကို ရာဇ၀တ်သား များအဖြစ် မမြင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိသည့် လူသားတဦးအဖြစ် ရှုမြင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။
မူဝါဒချမှတ်ရာတွင်လည်း မူးယစ်ဆေးထိန်းချုပ်ရေး လုပ်ငန်းများတွင် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ပြစ်ဒဏ်များ၏ အတိုင်းအဆကိုလည်း ပြန်၍ ချိန်ညှိရပေလိမ့်မည်။
Martin Jelsma ရေးသားသည့် Withdrawal Symptoms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
မာတင် ဂျယ်လ်စမာသည် အမ်စတာဒမ်တွင် အခြေစိုက်သည့် Transnational Institute (TNI) တွင် မူးယစ်ဆေးဝါးနှင့် ဒီမိုကရေစီ အစီအစဉ်ဆိုင်ရာ ညှိနှိုင်းရေးမှူးတဦး ဖြစ်သည်။
TNI အဖွဲ့၏ လေ့လာချက်တခုဖြစ်သည့် အရှေ့တောင်အာရှ မူးယစ်ဆေးဝါးဈေးကွက်တွင် ဆေးဖြတ်ချိန် ကြုံတွေ့ရသည့် ဝေဒနာများ (Withdrawal Symptoms¬Changes in the Southeast Asian drugs market) အစီရင်ခံစာကို www.tni.org/drugs တွင် ရရှိနိုင်ပါသည်။ လက်ရှိဆောင်ရွက်နေသည့် TNI အဖွဲ့၏ ဒေသတွင်း သုတေသန လုပ်ငန်းတွင် သုတေသီ ၁၅ ဦး ပါဝင်ဆောင်ရွက်နေပြီး ပိုမိုအသေးစိတ်ကျသည့် အစီရင်ခံစာကို ယခုနှစ်ကုန် တွင် ရရှိနိုင်မည် ဖြစ်ပါသည်။

မှိန်ဖျော့ပျောက်ကွယ်လုနီးပါး အမျိုးသားအောင်ပွဲနေ့
အေးချမ်းမြေ့ | နိုဝင်ဘာ ၂၁၊ ၂၀၀၈
၁၉၂၀ ပြည့်နှစ်က မြန်မာနိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်နေသည့် ဗြိတိသျှအစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် နိုးကြားတက်ကြွသော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်ကာ စတင် သပိတ်မှောက်ကြတော့သည်။
ထိုအခါ မြန်မာပြည်တဝန်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများပါ လိုက်ပါ သပိတ်မှောက်ကြပြီး ကျောင်းသားတော်လှန်ရေး တိုက်ပွဲကြီး ဆင်နွှဲကြတော့သည်။
ကျောင်းသား သပိတ်ကြီး စတင်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့ အဖြစ် သက်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုနေ့ထူး နေ့မြတ်ကြီးက မြန်မာလူငယ်တို့ အကြား မှိန်ဖျော့ ပျောက်ကွယ်ကာ ရုံးပိတ်ရက်တရက် အဖြစ်သာ ကျန်ရှိတော့သည်။
၁၉၂၃ ခုနှစ်၊ မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ထက်တွင် တက္ကသိုလ် အက်ဥပဒေကို လက်ခံနိုင် လောက်အောင် ပြင်ပေးခဲ့ပြီး သပိတ်မှောက် ကျောင်းသားများ တည်ထောင် ခဲ့ကြသည့် အမျိုးသား ကျောင်းများကို အသိအမှတ် ပြုကာ အထောက်အပံ့ ပေးလာခဲ့သည်။ ကျောင်းသားတို့၏ အောင်ပွဲကား အံ့မခန်း ဖြစ်ခဲ့သည်ဟု ဆိုရပေ လိမ့်မည်။
ကျောင်းသား သပိတ်၏ ရလာဒ်အဖြစ် တက္ကသိုလ်တွင် ကျောင်းသား ကိုယ်စားလှယ် ကောင်စီ ဖွဲ့စည်းခွင့် ရခဲ့သည်။ ထို့အပြင် ပါမောက္ခ ဦးဖေမောင်တင်က မြန်မာစာကို အားပေးပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးကို အားထား ဆောင်ရွက်ခဲ့သဖြင့် မြန်မာစာပေ လောကကို တခေတ်ဆန်းစေသည့် စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာကြီး သိပ္ပံမောင်ဝ၊ ဆရာကြီးဇဝန၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့ကဲ့သို့သော စာရေးဆရာများလည်း တက္ကသိုလ်မှ စတင်ပေါ်ထွက် ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တမျိုးသားလုံး၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာနိုင်ငံရေး လောကတွင် ချန်လှပ်ထား၍ မဖြစ်နိုင်သော သခင်မြ၊ ဦးရာဇတ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ထိုကျောင်းသား သပိတ်မှ စတင်သန္ဓေတည် မွေးဖွားပေး လိုက်သည်ဟု ဆိုရမည် ဖြစ်သည်။
ဝမ်းနည်းစရာမှာ ကျောင်းသားထုက မတရားသော အမိန့်ဥပဒေကို ဆန့်ကျင် တော်လှန်ရာမှ စတင်အခြေခံ ဖြစ်ပေါ်လာခဲ့သော အမျိုးသား အောင်ပွဲနေ့ အကြောင်းကို ယခုခေတ် တက္ကသိုလ် ကျောင်းသား အများစုက လုံးဝနီးပါး မသိရှိတော့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ပညာသင်ကြားဆဲ ကျောင်းသားကျောင်းသူ ၂၅ ဦး၊ ဘွဲ့ရလူငယ် ၁၀ ဦး နှင့် အခြေခံပညာအဆင့်အထိ ပညာသင်ကြားခဲ့ရသည့်လူငယ် ၁၀ ဦး စုစုပေါင်း ၄၅ ဦးကို အမျိုးသားအောင်ပွဲ နေ့နှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ရာ တက္ကသိုလ်ပညာသင်ကြားဆဲ လူငယ် ၅ ဦးနှင့် ဘွဲ့ရ လူငယ် ၄ ဦးတို့ကသာ အမျိုးသားနေ့၏ အဓိပ္ပာယ်ကို သိရှိပြီး ကျန်လူငယ်များမှာ လုံးဝ မသိရှိတော့ကြောင်း ဖြေကြားသည်ကို တွေ့ရသည်။
“တက္ကသိုလ်မှာ အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာတွေတော့ မရှိတော့ဘူး။ တကယ်ဆိုရင် လုပ်သင့်တယ်။ အင်္ဂလိပ်အစိုးရကို ပထမဆုံး စတင်တော်လှန်ခဲ့တာ ကျောင်းသားတွေပဲ။ အောင်လည်း အောင်မြင်ခဲ့တယ်။ အင်္ဂလိပ်အစိုးရကို အနုနည်းနဲ့ ပထမဆုံးအနိုင်ရတဲ့ ကျောင်းသားတွေရဲ့တိုက်ပွဲပဲ” ဟု ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
လှိုင်သာယာမြို့နယ်မှ ကိုးတန်းအထိသာပညာသင်ကြားခဲ့သူ အသက် ၂၀ နှစ်အရွယ်လူငယ်တဦးကလည်း အမျိုးသားနေ့ကို အလုပ်ပိတ်ရက်တခုအဖြစ်သာ နားလည်သည်ဟု ဆိုသည်။
“အမျိုးသားနေ့ဆိုတာ ကျောင်းသားလူထုက အာဏာရှင် အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို အကြမ်းမဖက် အနုနည်းနဲ့ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့တဲ့ နေ့တနေ့ပါ” ဟု ရန်ကုန်မြို့ခံ စာရေးဆရာတစ်ဦးက ဆိုသည်။
ထိုသို့သော နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့်စိတ်ဓာတ်များ အရှိန်မြင့် လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း သူက ဆက်လက် သုံးသပ်သည်။
“အမျိုးသားနေ့နဲ့ ကျောင်းသားဆိုတာက ခွဲခြားလို့မရဘူး။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်က နောက်ဆုံး မြန်မာနိုင်ငံကို လွတ်လပ်ရေးရစေတဲ့အထိ ၀ံသာနုစိတ်ဓာတ်တွေ အုံကြွစေခဲ့တယ်။ ဒါကြောင့် ဒီနေ့ခေတ် စစ်အစိုးရက အမျိုးသားနေ့ကို မျက်ကွယ်ပြုနေတာ။ အမျိုးသားနေ့အကြောင်းပြောတိုင်း ကျောင်းသားထုရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တွေ့ရမှာပါ” ဟု ထိုစာရေးဆရာက ပြောသည်။
အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ
စိစစ်ရေးက သတိထားဖြုတ်ပယ်ကြောင်းလည်း လစဉ်ထုတ် စာပေမဂ္ဂဇင်းတစောင်မှ အယ်ဒီတာ တဦးက ပြောသည်။
၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးမတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိန်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက်ပိုင်းတွင်တော့ လက်ရှိစစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှိန်ဖျော့အောင် ပြုလုပ်လာရာ လူငယ်များအနေနှင့် ထိုနေ့ရက်များကို တန်ဖိုးထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့သည်။
၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့သည့်အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသားလူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ စွဲထင်နေခဲ့ကြရသည်။
ထို့ပြင် ကလေးဖတ်စာစောင်များ ဖြစ်သော ရွှေသွေး၊ တေဇ စသည်တို့၏ မျက်နှာဖုံးများတွင် ပန်းချီ ဦးဘကြည် ကဲ့သို့သော မြန်မာ့ပန်းချီကျော်ကြီးများ၏ သရုပ်ဖော်ပုံများ၊ ဇာတ်လမ်းများဖြင့် အမျိုးသားနေ့အကြောင်းကို ကလေးငယ်များပင် သိရှိစေခဲ့သည်။
ယနေ့ခေတ်တွင်တော့ စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ တပည့်များကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း အချိန်ပေးပြောဆိုရန် အလွန် အားနည်းနေပေပြီ။
ငယ်ရွယ်နုပျိုသော ဆရာ၊ ဆရာမများမှာလည်း ၎င်းတို့ကိုယ်တိုင် မသိရှိတော့သော အကြောင်းအရာ များကို ကျောင်းသားများအား လက်ဆင့်ကမ်းရန် မဖြစ်နိုင်တော့ပေ။
“မျက်ဖြူစိုက်လေ ဆရာကြိုက်လေပေါ့။ အစိုးရကလည်း လူငယ်တွေ များများသိမှာ စိုးရိမ်နေတာနဲ့ .. လက်ရှိ လူကြီးတွေ၊ ဆရာ ဆရာမတွေက နောက်လူငယ်တွေကို မပြောပြနိုင်တာနဲ့ အတော်ပဲလေ” ဟု ရန်ကုန်မြို့နေ စာရေးဆရာမ တဦးကပြောသည်။
၁၉၂၁ ခုနှစ်က မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ အသင်းကြီး၏ ပြည်လုံးကျွတ် ညီလာခံကြီးတွင် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့သောကြောင့် ယခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာလ ၂၂ ရက်) တွင်ကျရောက်မည့် အမျိုးသားနေ့ သည် ၈၈ ကြိမ်မြောက် ဖြစ်သည်။
မှတ်ချက်။ ။ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်းမှ ဖြည့်စွက် သတင်းပေးပို့သည်။

Subscribe to:
Posts (Atom)