ကြည်ဝေ | နိုဝင်ဘာ ၁၁၊ ၂၀၀၈
ကထိန်လှည့်ရာတွင် ပဒေသာပင်များ ထမ်းလာကြသော လူငယ်လူရွယ်အများစုမှာ အရက်သောက်ထားကြသောကြောင့် ထမ်းလာသော ပဒေသာပင်များမှာ ရှေ့နောက် ယိမ်းထိုးလျက်ရှိသည်။
ပဒေသာပင် ထမ်းသူများသာမက ရှေ့ဆုံးမှ ငွေဖလား ကိုင်ပြီး အလှူခံသူ၊ အသံချဲ့ စက်တင်ထားသော ဆိုက်ကား တွန်းသူ၊ အသံချဲ့စက် မိုက်ကိုင်သူ စသဖြင့် ကထိန် လှည့်ရာတွင် ပါဝင်ကြသော ယောက်ျား ကြီးကြီးငယ်ငယ် အများစုတို့ အားလုံး အရက်သောက်ထားကြသည်။
“အရင်ခေတ်တွေတုန်းကတော့ လူငယ်တွေက ပဒေသာပင်တွေကျောင်းပို့ပြီး ကိစ္စ တွေအားလုံးပြီးမှ ကာလသားတွေစုပြီး သောက်ကြတာပဲ။ ခုတော့ မြင်တဲ့အတိုင်းပဲ မနက်ကတည်းက မူးနေကြပြီ” ဟု ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ ရပ်ကွက် တွင်းမှ သာရေးနာရေးကိစ္စများကို ဆောင်ရွက်လျက်ရှိသော အသက် ၆၈ နှစ်အရွယ် ဓမ္မာရုံလူကြီးက ဆိုသည်။
၎င်းတို့ နေထိုင်သော ရပ်ကွက်အတွင်းတွင် အိမ်ခြေပေါင်း ၅၀ ကျော်၊ လူဦးရေပေါင်း ၅၀၀ ၀န်းကျင်ခန့်၌ အရက်ဆိုင် ၁၃ ဆိုင်ရှိနေသည်။ အရက်ဖြူတပတ်လျှင် ကျပ် ၅၀ နှင့် ပေါပေါလောလော ရနိုင်ခြင်းကလည်း လူငယ်များကို အရက်သေစာ သောက်စားကြရန် တွန်းအားပေးလာသော အကြောင်းရင်းတရပ် ဖြစ်သည်ဟု ဓမ္မာရုံလူကြီးက သုံးသပ် ဝေဖန်သည်။
ယနေ့ခေတ် လူငယ်များအနေနှင့် သင်္ကြန်၊ နှစ်သစ်ကူးနေ့ကဲ့သို့သော ပျော်ပွဲရွှင်ပွဲပါသည့် နေ့များတွင်သာမက ဘာသာရေး နှင့် သက်ဆိုင်သော နေ့ရက်များတွင်ပါ အရက်သောက်သူ ပေါများလာပြီး အရက်သေစာ သောက်စားခြင်းကို ဒုစရိုက်တပါး ဟုပင် သိပုံမရတော့ကြောင်း သူက ဆိုသည်။
“အရင်ခေတ်တုန်းက အရက်ဆိုင်ဆိုရင် တရပ်ကွက်လုံးမှာ တဆိုင်လောက်ပဲ ရှိတာ ခုတော့ခေတ်က ပြောင်းသွားပြီ။ အရက် ဆိုင်ဖွင့်မှ သူဌေးဖြစ်တယ်တဲ့။ အရက်ဆိုင်ဆိုတာ ရပ်ကွက်တိုင်းမှာ မှိုလိုပေါက်နေတော့တာပဲ ဟိုမှာ ဒီမှာ လက်ညှိုးထိုးမလွဲ တော့ဘူး” ဟု လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် နေထိုင်သူ တဦးက ပြောဆိုသည်။
အရက်ဆိုင်များတွင် အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော်အရွယ်အမျိုးသားများ ထိုင်လေ့ရှိပြီး အများစုမှာ စီးပွားရေး မပြေလည်မှုကြောင့် စိတ်ညစ်ညစ်နှင့် လာသောက်နေ ကြခြင်း ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှ ကထိက တဦးကဆိုသည်။
“အမျိုးသားတော်တော်များများက ပြဿနာတခုခုဖြစ်လာပြီး မဖြေရှင်းနိုင်တော့ဘူးဆိုရင် အဲဒါကို မေ့ပစ်ဖို့ အရက်မူးအောင် သောက်ပြီး အိပ်ပစ်လိုက်တာမျိုး၊ နေ့စဉ် ရက်ဆက် အရက်ချည်းသောက်နေတာမျိုး လုပ်ရင်းနဲ့ အရက်စွဲသွားကြတာ များတယ်” ဟု အဆိုပါ ကထိက ကဆိုသည်။
အလုပ်သဘောအရ ဧည့်ခံရသူများ၊ စိတ်ပျော်ရွှင်မှု လိုချင်သောကြောင့် လာသောက်ကြ သူများ၊ အလုပ်ပင်ပန်းသောကြောင့် သောက်ကြသူများထက် မပြေလည်၍ အရက်သောက်သူ ပိုများကြောင်း သူက သုံးသပ် ပြောဆိုသည်။
“နောက်တခုက ခုခေတ်လူငယ်တယောက်အနေနဲ့ ကိုယ့်သူငယ်ချင်းနဲ့ အတူထိုင်ဖို့ လက်ဖက်ရည်ဆိုင်တွေရဲ့ နှုန်းကမြင့်လာ တော့ မထိုင်နိုင်ကြတော့ဘူး။ အဲဒီမှာ ငွေ ၁၀၀၊ ၂၀၀ လောက်နဲ့ ထိုင်လို့ရတဲ့ အရက်ဆိုင်တွေထဲကို လူငယ်တွေ ရောက်လာ ကြတော့တာပဲ” ဟု သူက ဆက်ပြောသည်။
လက်ရှိ လက်ဖက်ရည်တခွက် ဈေးနှုန်းမှာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ် ဖြစ်နေပြီး အရက်ဖြူ တပက်လျှင် ၅၀ ကျပ်သာရှိသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ထိုင်တာထက် အရက်ဖြူ ဆိုင်ထိုင်တာက စီးပွားရေးအရ ပိုတွက်ခြေကိုက်သည်ဟု ယူဆလာကြတော့သည်။
ရွှေပြည်သာ၊ ပြည်ထောင်စုလမ်းထဲတွင် အရက်ဖြူဆိုင်ဖွင့်ထားသော အရက်ဆိုင်ရှင် တဦး ကလည်း ယနေ့ခေတ် မြန်မာ နိုင်ငံတွင် အရောင်းရဆုံး ကုန်ပစ္စည်းမှာ အရက် ဖြစ်ပြီး ငွေရင်းနည်း၍ အမြတ်များများကျန်သော ရောင်းကုန်မှာလည်း အရက်ပင်ဖြစ်သည်ဟု ဆိုသည်။
“အရက်ရောင်းတာက အရင်းနည်းတဲ့အပြင် အမြတ်ငွေက ၄၊ ၅ ဆလောက်ကျန်တော့ အရက်ဆိုင်တွေ ပေါလာတော့ တာပေါ့” ဟု သူက ဆိုသည်။
လက်ရှိ ဈေးကွက်အတွင်း ၉၅ ရာခိုင်နှုန်း အရက်ဆီ ၁ဂါလန်၏ တန်ဖိုးမှာ ကျပ် ၂၄၀၀ ဖြစ်ပြီး၊ အရက်ဆီ ၁ ပေပါ၏ တန်ဖိုး မှာ ကျပ် ၁ သိန်း ၂ သောင်းဖြစ်သည်။
ပုံမှန်အားဖြင့် အရက်ဆီ ၁ ပုလင်းလျှင် ရေ ၄ ပုလင်းနှင့်ရောစပ်ရသောကြောင့် အရက်ဆီ ၁ ဂါလံလျှင် ရေရောပြီး အရက် ပုလင်းပေါင်း ၃၀ ထိ ထွက်လေ့ရှိသည်။
လက်ရှိ အရက်ဖြူ ၁ လုံး (၁ ပုလင်း) ၏ တန်ဖိုးမှာ ကျပ် ၅၀၀ ဈေးရှိသောကြောင့် အရက်တဂါလံလျှင် အနည်းဆုံး အမြတ်ငွေ ကျပ် ၁ သောင်းကျော် ကျန်သည်။ အရက်ဖြူကို အနည်းဆုံး ကျပ် ၅၀ ဖိုး၊ ၁၀၀ ဖိုးစသဖြင့် ရောင်းချပေးသည်။
ပြည်တွင်းဖြစ် ရမ်တလုံး၏ တန်ဖိုးမှာ ၂၀၀၀ ကျပ်ဖြစ်ပြီး ၀ီစကီ တလုံး၏ တန်ဖိုးမှာ ၂၆၀၀ ကျပ် ဈေးရှိသည်။ အရက်ဆိုင် များတွင် ရမ်တပက်ကို ၂၅၀ ကျပ်၊ ၀ီစကီ တပက်လျှင် ၂၅၀ ကျပ်နှုန်းနှင့် ရောင်းခြင်းကြောင့် အရက်ဆိုင် လုပ်ငန်းမှာ အမြတ်များများကျန်သော လုပ်ငန်းဖြစ်သည်။
ထို့ပြင် အရက်ဆိုင်တချို့သည် နှီးဖျားကို အင်ဒရင်း (အဆိပ်) ပုလင်းထဲသို့ စိုရုံ နှစ်၍ ပြန်ထုတ်ကာ အခြောက်ခံပြီး ခြောက် သွားသော နှီးဖျားကို မီးရှို့၍ ရလာသော ပြာကို အရက်အိုးထဲသို့ ထည့်လိုက်ခြင်းအားဖြင့် ပိုပြင်းသွားသည့် အဆိပ်ပါသော အရက်ကို အရက်ပြင်း ဟုဆိုကာ ရောင်းနေကြကြောင်း အနှစ် ၂၀ နီးပါး အရက်သောက်လာသူ တဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတနိုင်ငံလုံးအနေနှင့် အစိုးရနှင့် ပုဂ္ဂလိက အရက်ချက် စက်ရုံ စုစုပေါင်း ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရ သည်။ အဆိုပါ စက်ကြီးများမှာ တနေ့လျှင် အရက်ဆီ အနည်းဆုံး ဂါလံ ၁၀၀၀ မှ ဂါလံ ၅၀၀၀ အထိ ထုတ်လုပ်နိုင်သည်။
အစိုးရအနေနှင့် အရက်ထုတ်လုပ်ခွင့်လိုင်စင်များကို စစ်ဗိုလ်မှူးဟောင်းများ၊ တာဝန် ထမ်း ဆောင်နေသော ၀န်ကြီးများနှင့် ပတ်သက်သူများကို ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ထိုအရက်ချက် စက်ရုံကြီးများမှ အရက်ဆီထုတ်လုပ်မှု နှုန်းမှာ တနေ့လျှင် ဂါလံ ၆ သောင်း နှင့် အထက် ရှိပြီး အရက်ဆီ ဂါလံ ၆ သောင်းတွင် သောက်သုံး၍ရသည့်အဆင့် အရက်ဖြူ ဂါလံပေါင်း ၂ သိန်း ၄သောင်းကျော် ထွက်လျက်ရှိ ကြောင်း စက်မှု(၁) ၀န်းကြီးဌာနမှ ၀န်ထမ်းတဦးက ပြောပြသည်။
တခြားသော ပြည်နယ်နှင့်တိုင်းများတွင်လည်း လိုင်စင်မဲ့ အရက် ချက်လုပ်နေသူများ ရှိနေပြီး ၎င်းတို့၏ အရက်ထုတ်လုပ်မှု နှုန်းမှာ တနေ့လျှင် ဂါလံပေါင်း ၁ ထောင်နှင့်အထက် ရှိနိုင် ကြောင်း စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းတဦးက ခန့်မှန်းပြော ဆိုသည်။
မြန်မာနိုင်ငံတွင် အသည်းခြောက်ပြီး သေဆုံးသည့်နှုန်းမှာ တနှစ်ထက်တနှစ် မြင့်တက် လာသည်ကို တွေ့မြင်ရပြီး အသည်း ခြောက်သူများ၏ ၉၇ ရာခိုင်နှုန်းမှာ အရက်ကြောင့် ဖြစ်နေသည်ကို တွေ့မြင်ရကြောင်း အသည်း အထူးကု ဆရာဝန်ကြီး တဦးက ပြောဆိုသည်။
နည်းစနစ်တကျ ထုတ်လုပ် ထားခြင်းမဟုတ်သော အရက်များကို သုံးစွဲနေသူများ၊ တနေ့ကို အရက်တပုလင်းမှ ၂ ပုလင်း ကြား ပုံမှန်သောက်တတ် နေသူများသည် သက်ဆိုး မရှည်နိုင်ဘဲ ၃ နှစ်မှ ၄ နှစ်အတွင်း အသည်းခြောက် သေဆုံးတတ် ကြောင်း အဆိုပါ ဆရာဝန်က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ အရက် ဈေးကွက်တွင် ပြည်တွင်းဖြစ် အရက်ဖြူကို အနံ့နှင့်အရောင် ထည့်သွင်းကာ နိုင်ငံခြားဖြစ် အရက်များ အဖြစ် အတုပြုလုပ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံတွင်းရှိနေသော နိုင်ငံခြားဖြစ်အရက်များ၏ ၇၅ ရာခိုင်နှုန်းမှာ ပြည်တွင်း ၌ပင် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း အရက်ချက် လုပ်ငန်းရှင်တဦးက ပြောပြသည်။
အရက်ဆိုင်ကြီးတဆိုင်တွင် အရောင်းဝန်ထမ်းလုပ်နေသူ တဦးကလည်း ၎င်းတို့ထံမှ သုံးပြီးသား နိုင်ငံခြားဖြစ် အရက်ပုလင်း ခွံများကို ပုံမှန်လာကောက်သူများရှိနေပြီး ပုလင်းခွံ၏ တန်ဖိုးမှာ အရက်အမျိုးအစားနှင့် ပုလင်းခွံရှားပါးမှုအလိုက် အနည်းဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ထိ ဈေးပေးဝယ်ကြောင်း ပြောပြသည်။
ထို့ပြင် ပြည်တွင်းဖြစ် ကုန်ကြမ်းအစစ် အမှန်နှင့် ထုတ်လုပ်ထားသော ပြည်တွင်းဖြစ် ၀ီစကီနှင့်ရမ် ရှားပါးလာပြီဖြစ်ကြောင်း အရက်ချက်စက်ရုံတခုမှ ဓာတုဗေဒ အင်ဂျင်နီယာတဦးက ပြောဆိုသည်။
နိုင်ငံခြားဖြစ်အရက်များသာမက ပြည်တွင်းထုတ်လုပ်လျက်ရှိသော ၀ီစကီနှင့် ရမ်တို့ သည်လည်း အတုများဖြစ်နေတတ် ကြောင်း သူက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ယစ်မျိုးလိုင်စင်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုင်ဆောင်ထားကြောင်း သိရှိရသည်။
အရက်ရောင်းချခွင့် လိုင်စင်များမှာလည်း အမျိုးမျိုးရှိကာ အရက်ဖြူဆိုင် ထိုင်သောက် ရောင်းချ ခွင့် လိုင်စင်ကြေးမှာ ၁ နှစ် လျှင် ကျပ် ၁ သိန်း၊ ဘီယာဆိုင်ထိုင်သောက် ရောင်းချခွင့် လိုင်စင် မှာ ၁ နှစ်လျှင် ကျပ် ၅ သိန်း ဖြစ်ပြီး အနီ (ရမ်နှင့် ၀ီစကီ) ဆိုင်ထိုင်သောက် ရောင်းချခွင့် လိုင်စင်မှာမူ ကျပ် ၁၂ သိန်းဖြစ်သည်။ အရက်ဆိုင်အများစုမှာ အဖြူရောင်းချခွင့် လိုင်စင်သာ တင်ထားသော်လည်း တခြားသော အနီ၊ ဘီယာစသဖြင့် တွဲရောင်းကြသည်။
ထို့ပြင် စတိုးဆိုင်များတွင် အရက်တင်ရောင်းမည်ဆိုပါက အရက် အမျိုးအစားပေါ်တွင် မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်း မှ ကျပ် ၁၂ သိန်းထိ လိုင်စင်ကြေးရှိကြောင်း သိရှိရသည်။
အရက်ချက်စက်ရုံ လုပ်ငန်းလိုင်စင်နှုန်းများ မှာလည်း စက်ရုံအကြီးအသေး ပေါ်တွင် မူတည်ပြီး ၁ နှစ်လျှင် အနည်းဆုံးကျပ် ၁၂ သိန်း၊ ဒုတိယ တန်းစား ကျပ် ၂၄ သိန်းနှင့် အများဆုံးကျပ် ၃၆ သိန်းထိ ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
စစ်အစိုးရ လက်ထက်တွင် အရက်ချက်စက်ရုံ တည်ထောင်ခွင့်ကို ၁၉၈၉၊ ၁၉၉၀ တွင် ပုဂ္ဂလိကသို့ စတင်ချပေးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် တရားဝင် ပိတ်သွားခဲ့သော်လည်း အရက်ချက် လုပ်ငန်းများမှာ တရားမ၀င်သောနည်းလမ်းများဖြင့် တောနယ် များတွင် ယနေ့ထက်တိုင် ဆက်လက်တိုးပွား လျက်ရှိကြောင်း မြင်တွေ့နေရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment