ရန်ကုန်သားတာတေ | နိုဝင်ဘာ ၁၂၊ ၂၀၀၈
လွန်ခဲ့သည့်အပတ်များက ရာသီဥတုသည် နေပူလိုက်၊ မိုးရွာလိုက်ဖြင့် စိတ်မမှန်သည့် စစ်အစိုးရကဲ့သို့ မျောက်စိတ်ဖြစ်နေ ရာက တဖန် အေးစက်သည့် ဆောင်းရာသီသို့ အချက်မပြဘဲ ချိုးကွေ့လိုက်သည်မှာ လမ်းနဘေးရပ်နေသူကို ခရီးသည် အမှတ်ဖြင့် ချည်းကပ်သွားသည့် အငှားယာဉ်ကဲ့သို့ပင်။
ချင်းမိုင်လိုတောင်ပတ်လည်ဝိုင်းနေတဲ့မြို့ကလေးအတွက်တော့ အပူချိန်အနည်းငယ်လျော့ကျပြီဆိုရင်ဖြင့် အအေးဓာတ်က သိသိသာသာကြီး တိုး၍လာတတ်ပါသည်။ နေ့အခါသိပ်မသိသာပေမယ့် အခုလို နေဝင်ရိုးရီအခါမျိုးကစ၍ သိသာလာသည့် အအေးဓာတ်သည် ညဥ့်နက်လေ ပိုအေးလေပင်။
ဒွိုင်ဆူထေ့တောင်ခြေရှိညောင်ပင်အောက်တွင်မူ ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ မသာယာသည့်မျက်နှာများဖြင့် ဓားလွယ်ခုတ် အနေအထားဖြင့်ထိုင်နေသည်မှာ အလွမ်းမင်းသားများအလားပင်။ သဘာဝကြီးကပေးစွမ်းသည့် အအေးဓာတ်သည် လည်းကောင်းတို့ရင်တွင်းက အပူမီးကိုငြှိမ်းနိုင်စွမ်း မရှိပေ။
ထိုစဉ် သရီးရှဲဒိုး (အရိပ်သုံးပါး) နားမလည်သူတဦး ညောင်ပင်အောက်သို့ဆိုင်ကယ်ထိုးရပ်လိုက်ကာ …
ဖိုးရှုပ်။ ။ အောင်မယ် ခင်ဗျားတို့ထိုင်နေပုံက စိတ်ကောက်နေတဲ့စုံတွဲလိုပဲ ကြည့်လို့ကောင်းသဗျ။ ဟိုကောင် … ကြွက်စုတ် ဖြစ်နေပုံကလည်း ခိုးရာလိုက်လာပြီးမှ အမေကိုလွမ်းလို့မှိုင်နေတဲ့ အပျိုဖျန်းလေးလိုလိုနဲ့ … ဒီမှာ ထောင်တန်တွေဖောင်းပွ နေတယ်၊ ထောင်တန်တွေဖောင်းပွနေတယ်။
ဖိုးရှုပ်၏နှောင့်ယှက်မှုကြောင့် အလွမ်းသမားနှစ်ဦး ရင်တွင်းကအပူမီးသည် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးသို့ ဖြတ်သန်း ကာ နောက်ဆုံး၌ ဆဲရေးတိုင်းထွာသည့်စကားလုံးများပါးစပ်ဖျားမှ အန်ကျလာလေတော့သည်။
ရုက္ခစိုး။ ။ ခွေးကောင် ဖိုးရှုပ် နင့်ဂျီးဒေါ်ကြီး လင်နောက်လိုက်သွားလို့ ဒီလောက်တောင် ပျော်နေရသလား။ တလောကလုံး စီးပွားပျက်ကပ်စိုက်နေမှတော့ ထောင်တန်ဖောင်းပွတာဆန်းသလား။
ဖိုးရှုပ်။ ။ ထောင်တန်မဟုတ်ဘူးဗျ၊ ထောင်ဒဏ်၊ ထောင်ချခံရတာကိုပြောနေတာ။ ၈၈ ကျောင်းသားတွေကို ထောင် ၆၅ နှစ်ဆီချလိုက်လို့ ထောင်ဒဏ်တွေဖောင်းပွတယ်လို့ပြောနေတာ။
ကြွက်စုတ်။ ။ အေး … အဲဒီသတင်းကြောင့် စိတ်မကောင်းဖြစ်နေကြတာ။ မင်းတို့သတင်းထောက်တွေကတော့ အဲဒီကိစ္စ ကိုအကြောင်းပြုပြီး ၃၊ ၄ ရက်စာလောက် သတင်းတွေရတော့မှာမို့ ပျော်နိုင်တာပေါ့။
ဦးရုက္ခစိုးကလည်း ကြွက်စုတ်၏စကားကိုထောက်ခံသည့်အလား ဖိုးရှုပ်အား မျက်ထောင့်နီကြီးဖြင့်ကြည့်နေ၏။
ဖိုးရှုပ်။ ။ ကြွက်စုတ်ရာ … သတင်းထောက်ဆိုတာဦးရုက္ခစိုးလို နတ်စိမ်းမဟုတ်ပါဘူး၊ တကယ့် ပုထုဇဉ် လူသားတွေမို့ နှလုံးသားနဲ့ပါ။ ငါတို့နိုင်ငံမှာ လွမ်းစရာကို နာစရာနဲ့ ဖြေရလွန်းလို့လဲ ကြက်နာကြီး လည်လိမ်ခံထားရသလို့ အနေရခက် ခဲ့တာ ကြာလှပါပြီ။ သေချာတာတခုကတော့ ဒီတိုင်းပြည်မလွတ်မြောက်သေးသရွေ့ နှိပ်စက်မှုတွေက ဆုံးနိုင်မှာမဟုတ်သလို ထောင်သံသရာကလည်း ရှိနေဦးမှာ။ ဒီဘဝကနေအမြန်လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အရေးအကြီးဆုံးပါ။
ဖိုးရှုပ်၏စကားကြောင့် ရုက္ခစိုးကြီးမှာ ဘရမ်းကြက်ပေါင်းရည် ၂ ပုလင်းတပြိုင်တည်းမော့လိုက်သကဲ့သို့ ခွန်အားများပြန်ပြည့် လာကာ …
ရုက္ခစိုး။ ။ အေး ဟုတ်တယ်ကွ … ငါတို့တွေထိုင်ဆွေးနေရုံနဲ့ ထောင်ထဲကလူတွေပြန်လွတ်လာမှာမဟုတ်ဘူး။
ဖိုးရှုပ်။ ။ သေချာတာပေါ့ဗျ … ငိုပြရုံနဲ့သာတိုင်းပြည်ကောင်းစားမယ်ဆိုရင် ကျနော်တို့သတင်းထောက်တွေ တနေ့ကို အနည်းဆုံး ၂ နာရီလောက်တော့ သတင်းအလုပ်တွေဘေးချထားပြီး ငိုပေးနိုင်ပါတယ်ဗျ။
ရုက္ခစိုး။ ။ ဒါဆို ငါတို့ဘာလုပ်ကြမလဲ။
၎င်းတို့ဘာလုပ်သင့်သည်ကို ချက်ချင်းအဖြေမထုတ်နိုင်ကြသေး … ကွမ်းတညက်ခန့်ကြာသောအခါ ကြွက်စုတ်က …
ကြွက်စုတ်။ ။ ဟုတ်ပြီ … ဘာလုပ်ရမယ်ဆိုတာ သိပြီဗျ၊ သိပြီ။
ရုက္ခစိုး။ ။ ပြောစမ်းကွာ … ဒီနေရာမျိုးကျတော့ မင်းတို့လိုနိုင်ငံရေးသမားက ပိုသိသကွ။
ကြွက်စုတ်။ ။ ဒီနေရာမှာ ယူအန်ကို အသုံးချရမယ်။ ကျုပ်တို့သုံးယောက်လက်မှတ်ထိုးပြီး ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်လွှတ်ဖို့ ယူအန်ကနေတဆင့် ဖိအားပေးရမယ်ဗျ။
ကြွက်စုတ်စကားကြောင့် ရင်ခေါင်းနားအထိ တဖြည်းဖြည်းပြန်တက်လာသည့်စိတ်ဓာတ်သည် ခြေမျက်စိအောက်အထိ ဘုတ်ခနဲ ပြုတ်ကျသွားပြန်၏။ သို့သော် ငိုအားထက် ရယ်အားသန်သည်ဟု ဆိုရမလိုပင်၊ ညစ်နေသောစိတ်တွေ ဘယ်ရောက် ကုန်သည်မသိ ရုက္ခစိုးကြီးနှင့် ဖိုးရှုပ်တို့ ခွက်ထိုးခွက်လန် ရယ်ကြလေသည်။
ဖိုးရှုပ်။ ။ ကောင်းလိုက်တဲ့အကြံကွာ။ မြန်မာဆိုင်က ဒီမနက်ရောင်းလိုက်တဲ့ မနေ့ကဟင်းကျန်ထက်ကို ကောင်းသေး။
ရုက္ခစိုး။ ။ ၂၀၀၈ ခုနှစ်အတွက် အပြောင်မြောက်ဆုံးနဲ့ နောက်ဆုံးပျက်လုံးပဲဟေ့။ အောင်မလေး ဉာဏ်ကြီးရှင်ရယ် … မိုးပေါ်ကသိကြားမင်းကိုယ်တိုင်ဆင်းပြီး နင့်ဂျီးဒေါ်ယောက်ျား စစ်ဗိုလ်တွေကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါလို့ သွားပြောရင် သွားပြောတဲ့ သိကြားမင်းကိုပါ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ဖမ်းပြီး ရှေ့နေတွေကိုထောင်ချသလို ၄ လ (သို့မဟုတ်) ၆ လ အနည်းဆုံး ထောင်ချလိုက်မှာ။ နင်တို့ ဘန်ကီမွန်လောက်ကတော့ ရှိတယ်လို့ကိုမထင်တာ။
ကြွက်စုတ်။ ။ အဲလိုလည်း မဟုတ်သေးဘူးလေ … ယူအန်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးက ဆင်းသက်လာတဲ့ အဖွဲ့အစည်းကြီးပါဗျ။
ဖိုးရှုပ်။ ။ မင်းဟာမင်း အသင်းချုပ်ကြီးဖြစ်ဖြစ် အရှုပ်ထုပ်ကြီးဖြစ်ဖြစ် … ယူအန်လုပ်လို့ ကောင်းစားသွားတဲ့တိုင်းပြည် ဒီကမ္ဘာမှာမရှိသေးဘူး၊ ယူအန်မှာလုပ်လို့ ကောင်းစားသွားတဲ့ ပုဂ္ဂိုလ်တွေတော့ နိုင်ငံတိုင်းလိုလိုမှာရှိသကွ။ မြန်မာပြည်သူ သန်း ၅၀ ထဲက ၁၅ သန်းလောက် ယူအန်မှာအလုပ်ရမယ်ဆိုရင်တော့ … အဟဲ … တို့တိုင်းပြည် ကောင်းသွားနိုင်ပါတယ်။
ကြွက်စုတ်က ယူအန်ကိုအားကိုးသလောက် ဖိုးရှုပ်က ယူအန်ကို လုံးဝရှုတ်ချနေ၏။ ဧကန္တ ဖိုးရှုပ်၏ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာကို ယူအန်က ပယ်ချထားပုံရသည်။ အခြေအနေကို ရုက္ခစိုးကြီး ကြားဝင်ဖြေရှင်းမှဖြစ်တော့မည်။ ဤနေရာမျိုး၌ ဦးရုက္ခစိုးသည်လည်း အချဉ်မဟုတ်ပေ။ မြန်မာ့အရေးကျွမ်းကျင်သူပီပီ ပြဿနာတက်နေသူနှစ်ဦးအား သီးခြားအကြောင်းအရာတခုသို့ အာရုံလွှဲပေးလိုက်၏။
ရုက္ခစိုး။ ။ ကဲပါကွာ … မြန်မာ့နိုင်ငံရေးကို တို့သုံးယောက်တည်းနဲ့ တထိုင်တည်းပြောင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကွ။ တဖြည်းဖြည်းစဉ်းစားအဖြေရှာရင်း နည်းလမ်းကောင်းတွေရှာကြတာပေါ့ကွာ။ အခုတော့ နိုင်ငံရေးသမားတွေ ထောင်ချတာ အပြင် ပြည်တွင်းမှာ ဘာတွေထူးတယ်ဆိုတာ ဆက်ဆွေးနွေးကြတာပေါ့ကွာ။ ပြောကြစမ်း ပြည်တွင်းသတင်း။
ဖိုးရှုပ်က သတင်းသမားပီပီ သတင်းကိစ္စကို ဦးဆောင်ဆွေးနွေးလေ၏။
ဖိုးရှုပ်။ ။ ပြည်တွင်းမှာ စီးပွားရေးကျချက်ကတော့ ကမ်းကုန်ပေါ့ဗျာ။ ဒီနေရာမှာတော့ ကျုပ်တို့မြန်မာတွေ ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်သဗျ။ အမေရိကန်တွေ စားသောက်ဆိုင်မထိုင်နိုင်တော့တာ ကျုပ်တို့မြန်မာတွေက ပျင်းတောင်ပျင်းသေးတယ်။ အခု ရန်ကုန်က ကာရာအိုကေဆိုင်တွေမှာအရင်ကလို ပန်းကုံးစွပ်မယ့်လူ ရှားသွားပြီ။ သွားဖို့တောင်အနိုင်နိုင်လို့ ပြောလို့ရတယ်။ စားသောက်ဆိုင်တွေဆိုလည်း လူမစည်တော့ဘူး။
ကြွက်စုတ်။ ။ စားပွဲထိုးကောင်မလေးတွေ သနားပါတယ် …
ရုက္ခစိုး။ ။ ကြွက်စုတ်နော် … ဝင်မနှောက်နဲ့ …
ရုက္ခစိုးကြီး ဝင်ဟန့်သဖြင့် ကြွက်စုတ်မှာ တခါပြန်ငြိမ်ကျသွား၏။
ဖိုးရှုပ်။ ။ စားသောက်ဆိုင်ကြီးတွေမှာ နိုင်ငံခြားအရက်သောက်နေကြသူဌေးတွေတောင် အခုဆို ဖြစ်တွင်းဖြစ် မန္တလေးရမ် ကို ပြောင်းသောက်ကုန်ကြပြီဗျ။ တခြားအရက်ကြိုက်တဲ့လူအတော်များများလည်း အရက်ဖိုးမတတ်နိုင်တော့လို့ ပြတ်ကုန် ကြပြီဗျ။
ရုက္ခစိုး။ ။ ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ မဆိုးဘူးနော်။
ကြွက်စုတ်။ ။ အဲဒါတော့ဟုတ်တယ်ဗျို့ … စာရေးဆရာတွေနဲ့ ကဗျာဆရာအသိုင်းအဝန်းထဲမှာ အရက်ဖိုးမတတ်နိုင်ကြလို့ တရားထိုင်တဲ့ ဝိပဿနာသမားတွေ တနေ့တခြား များလာပြီဗျ။
ရုက္ခစိုး။ ။ ဒါဆို ပြည်တွင်းက စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဘုန်းကြီးဝတ်ကုန်တော့မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သာဓုခေါ်ပါတယ်ကွာ။
ဖိုရှုပ်။ ။ ဦးရုက္ခစိုးကြီး … အပြောမစောနဲ့ဦး။ ထိုင်းနယ်စပ်ကို တောခိုလာတဲ့ စာပေသမားတွေ အရက်သောက်ခွင့် ပိုရကြ တယ်ဆိုပြီး ပြည်တွင်းစာပေသမားအတော်များများလည်း တောခိုချင်နေကြတယ်ဗျ။
ရုက္ခစိုး။ ။ အင်း … တောင်တန်းကြီးက မိုဟာမက်ဆီမလာတော့လဲ မိုဟာမက်က တောင်တန်းကြီးဆီ သွားရတာပေါ့ကွာ။ ငါလဲလစ်ပြီဟေ့ … ရာသီဥတုက အားကစားသမားအကြိုက်ဆိုတော့ ကိုကြီးကျော်နဲ့မြန်မာ့အရေးဆွေးနွေးဖို့ ချိန်းထားတယ်။ တောင်တန်းကြီးဆီ သွားလိုက်ဦးမယ်။ နောက်တပတ် ဒီနေရာကို လာခဲ့ကြဦး။
ရုက္ခစိုးကြီးသည် ပြောပြောဆိုဆိုပင် ကိုယ်ရောင်ဖျောက်သွားလေ၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment