ရန်ကုန်သား တာတေ | နိုဝင်ဘာ ၅၊ ၂၀၀၈
အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အိုဘားမားက ဂျွန်မက်ကိန်းကို မဲ အပြတ်အသတ်ဖြင့် အနိုင် ရရှိသွားသလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ၂ ဦးက ဦးရုက္ခစိုးကြီး အပေါ်တွင် ဝမ်းတေဘယ် အနိုင်ရရှိသွား ပြီဖြစ်သည်။ သူတို့ ၂ ဦးကတဘက် အိုဘားမားဘက်မှ လောင်းထားပြီး ဦးရုက္ခစိုးကြီးက မက်ကိန်းဘက်မှ လောင်းထား ခြင်းဖြစ်သည်။
ကြွက်စုတ်။ ။ ဖိုးရှုပ်ရေ ပါးစပ်သာပြင်ထားတော့ဟေ့။ ဘာပဲဖြစ်ဖြစ် ဗိုက်ခွေးနမ်းပြီကွ။ အောင်ပွဲခံရမယ်။
ဖိုးရှုပ်။ ။ အပြောမကြီးနဲ့ဦးကွ။ တော်ကြာ ဦးရုက္ခစိုးကြီးက သူလည်း အငွေ့ပဲရှူတာ ငါတို့ကိုလည်း အနံ့ပဲခံဆိုရင် သေပြီ။
ထိုအချိန်တွင် ဘယ်အချိန်က ဘယ်လို သူတို့အနား ရောက်နေမှန်းမသိသော ဦးရုက္ခစိုးကြီး ဘွားခနဲ ပေါ်လာပြီး ….
ရုက္ခစိုး။ ။ အောင်မာမာမာ။ ငါ့အတင်းချနေကြတာပေါ့ ဟုတ်လား။ မင်းတို့ကို ဝမ်းတေဘယ် ပေးလိုက်ရတာ ဘာမှ မဖြစ်ဘူးကွ။ ငါက မက်ကိန်းကြီးရှုံးသွားတာကို စိတ်မကောင်းဖြစ်နေတာ။
ဖိုးရှုပ်။ ။ ဟာဗျာ ပြောပုံကလည်း ခုပဲငိုတော့မှာလိုလို။ မက်ကိန်းက ခင်ဗျားအမျိုးကျနေတာပဲ။ ကျုပ်တို့ နိုင်တဲ့သူတွေ မျိုမကျအောင်တော့ မလုပ်ပါနဲ့။
ရုက္ခစိုး။ ။ မဟုတ်ဘူးကွ။ သေချာစဉ်းစားကြည့် သူနိုင်မှ ငါတို့မြန်မာ့အရေး နည်းနည်း စဉ်းစားပေးဖော် ရမှာလေ။
ကြွက်စုတ်။ ။ ဟာ လုပ်မနေပါနဲ့ဗျာ … ။ ဘုရှ်ကြီးက သက်တမ်းကုန်ခါနီးလေး အထွက်ကောင်းအောင် အတိုက်အခံ တွေနဲ့ ထမင်းလေး တဝိုင်းစားသွားတာနဲ့ ဒီလူကြီးကို မျှော်လင့်တာကတော့ ဟုတ်သေးပါဘူး။ ကျုပ်တို့ကတော့ အိုဘားမားပဲ။ အသက်ငယ်တာ တခုတည်းနဲ့တင် ကြိုက်တယ်။
ရုက္ခစိုး။ ။ မင်းတို့ အဲဒါခက်တာပေါ့ကွ။ အဲဒီငယ်တာကိုပဲ ငါက မကြိုက်တာ။ မင်းတို့စဉ်းစားကြည့်။ တို့ အန်အယ်လ်ဒီ မှာတောင် သူ့အဆင့်ဆို လူငယ်ပဲရှိသေးတယ်။ စီအီးစီထဲ မပါနိုင်သေးဘူး။ ဒင်းက အမေရိကန် သမ္မတ တက်လုပ်တယ် ဆိုတော့ ဘယ်ဖြစ်သင့်မလဲဟ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကတော့ ရမ်းပြီ။ ခင်ဗျား မက်ကိန်းကြီး ကျတော့ကော … အသက်က မိုးထိုးနေပြီ။ ခုချိန်မှ သမ္မတ လုပ်ရင် တုန်တုန်ချိချိနဲ့ ဘာလုပ်နိုင်မှာလဲဗျ။ ပြီးတော့ သူငယ်ထပြန်နေရင် ဘုမသိဘမသိနဲ့ ကမ္ဘာက ဒုက္ခရောက်ဦးမယ်။
ရုက္ခစိုး။ ။ ဟာ ဟေ့ကောင်တွေ။ မက်ကိန်းကြီးကို အသက်ကြီးပြီလို့ မပြောကြပါနဲ့ကွာ။ ၇၀ ကျော် ဆိုတာ ငယ်ငယ်လေး ရှိသေးတာကို။ တို့အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေတောင် ၉၁ နှစ်ရှိပြီ။ အေးဆေးပဲ မဟုတ်ဘူးလား။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကြီး …။ ခင်ဗျား ရှုံးမဲမဲပြီး လျှောက်ပြောမနေနဲ့။ ဘာကြောင့်ပဲနိုင်နိုင်၊ ဘယ်လို ကြောင့်ပဲ ဖြစ်ဖြစ် အိုဘားမားနိုင်ပြီ။ ဒီလို အိုဘားမား နိုင်လိုက်တာဟာ ကမ္ဘာကြီးက အပြောင်းအလဲကို လိုလားနေတာ၊ အပြောင်းအလဲကို သဘောကျတာကို ပြတာပဲ။ ပြီးတော့ အပြောင်းအလဲကို လိုလား တဲ့သူတွေအနိုင်ရတဲ့ ပွဲပဲဗျ။ ဒါ မြန်မာပြည်အတွက်လည်း နိမိတ်ကောင်းပဲ။
ဖိုးရှုပ်။ ။ ဟား ကြွက်စုတ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ အတင်း အတင်း ဆွဲ ဆွဲ ချိတ်တဲ့ နေရာ မှာတော့ စံပြပဲ။ ဘယ်သူတွေ ဘယ်လို အပြောင်းအလဲ လိုလားလိုလား မင်းဘကြီး ပေါတာကြီးတို့ အဖွဲ့က ဘယ်တော့မှ အပြောင်းအလဲ မလိုလားဘူးဆိုတာ မသိဘူးလား။
ရုက္ခစိုး။ ။ ဟာ ပေါတာကြီးတို့တင် မပြောင်းတာ မဟုတ်ဘူးလေ။ တဘက် အတိုက်အခံကကော ဘာတွေများ အပြောင်း အလဲ ရှိလို့လဲ။ အတူတူပဲ။ သူများတွေ အပြောင်းအလဲကို ကြိုဆိုနေတဲ့ အချိန်မှာ သူတို့က မဲပြာပုဆိုးလေး ဝတ်ပြီး ထွက်ချင် နေတုန်း။ အဲဒီမဲပြာပုဆိုးကလည်း အပေါက်အဖာ ပလပွနဲ့ ရိပြီး စုတ်နေလို့ ရှေ့ကဖုံးနောက်ကပေါ် ဖြစ်နေပြီ။ ဘုရားစူး ပြောင်းမယ်ဟေ့ ဆိုရင်တောင် ကုလားကြီးကနေ အရာကြီးပဲ ပြောင်းမှာ။
ကြွက်စုတ်။ ။ ကျုပ်ကလည်း နိမိတ်ကောင်းတယ် လို့ပဲ ပြောရသေးတာပါဗျာ။ သြော် ကုလားကြီးဆိုလို့ ကုလားကြီး မြန်မာပြည် ပြန်လာဦးမယ်တဲ့နော်။
ကြွက်စုတ်က ၂ ယောက် ၁ ယောက် ဖြစ်သွားသည့် အနေထားကို ရိပ်မိလိုက်သဖြင့် ဆက်လက်နွှဲရဦးမည့် ပွဲကို စဉ်းစား မိကာ ချက်ချင်း မျက်နှာချို ပြန်သွေးပြီး စကားလွှဲလိုက်သည်။
ဖိုးရှုပ်။ ။ ဟုတ်ပါ့။ မြန်မာပြည်ကိုများ သာလာယံ ဇရပ်ကျနေတာပဲ။ ဝင်လိုက်ထွက်လိုက်နဲ့။ ဖိတ်တဲ့ သူတွေကလည်း ဖိတ်တယ်တဲ့။ ကြည့်ရတာ ပေါတာကြီးတို့ အဖွဲ့နဲ့ ကာရာအိုကေဆိုဖို့များ ချိန်းထားလား မသိဘူး။
ရုက္ခစိုး။ ။ ကုလားကြီးက သင်္ကြန်အမြောက်ကြီးဆိုတာ လူလည်ကြီးတွေက သိနေတော့ ဖိတ်တာပေါ့ကွာ။ လာလိုက် သွားကြီးဖြီးပြလိုက် ပြန်သွားလိုက်။ ပြန်လာလိုက် ပြန်ဖြီးပြလိုက် ပြန်သွားလိုက်နဲ့။ ဘာမှလည်းမထူး။ အပြောင်းအလဲလည်း မရှိ။
ကြွက်စုတ်။ ။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကျနော်က အပြောင်းအလဲကို အမြန်ဆုံး လိုလား နေပြီဗျ။ အဲဒီတော့ အနိုင်ရတဲ့ အိုဘားမားကို ဂုဏ်ပြုတဲ့ အနေနဲ့ တဆိုင်ဆိုင်ကို အမြန်ဆုံး ချီတက်ရင် ကောင်းမယ်။ ဗိုက်ကဆာနေပြီ။
ဖိုးရှုပ်။ ။ အဲဒီအပြောင်းအလဲတော့ ကျနော်လည်း လိုလားတယ် ဦးရုက္ခစိုးရေ … ဒီနေရာမှာ ရပ်နေတာ ကြာပြီ။ အပြောင်း အလဲလေး ဖြစ်သွားအောင် ဘယ်ဆိုင်ကိုလစ်ရင်ကောင်းမလဲ လုပ်ပါဦး။
ဦးရုက္ခစိုး။ ။ တော်တော်လည်တဲ့ ကောင်တွေ။ စကားကို ဘယ်လိုမှ လွှဲလို့မရဘူး။ အင်းလေ မင်းတို့ ၂ ကောင်က မက်ကိန်းနိုင်ရင်လည်း မြန်မာ့အရေး ပိုမိုစွမ်းဆောင်နိုင်သူကြီးအတွက် ဆိုပြီး ဂုဏ်ပြုကြဦးမှာပါ။ ကဲ ကဲ ကြွချင်ရာသာ ကြွပေတော့။
ထို့နောက်တွင် အပြောင်းအလဲ လိုလားသူ သုံးဦးသား ခေတ္တ မဟာမိတ်လုပ်ကာ အပြောင်းအလဲဖြစ်စေရန် ယခင် သွားနေကျ ဆိုင်များကို ရှောင်၍ တခါမှမသွားဘူးသေးသော ဆိုင်ကို စဉ်းစားမရလဲ အချိန် ၃ နာရီ တိတိ ကြာသွားသဖြင့် နောက်ဆုံး မြန်မာထမင်းဆိုင်ကိုသာ ရွေးချယ်လိုက်ကြရလေတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment