ဦးလင်း | နိုဝင်ဘာ ၁၇၊ ၂၀၀၈
“၀၉ … ၄၉၁၀ … ဟဲလို … မင်္ဂလာပါ” ရွှေမန္တလေးမှ ဒကာတော်က နှုတ်ဆက်လိုက်သောအခါ … “ဟာ … ဟေ့လူ ကျနော် နေမကောင်းဖြစ်နေတယ်” ရန်ကုန်က အရှင်ဂမ္ဘီရမှ ပြန်လည်မိန့်ကြားတဲ့ အသံပါ။ ဆိုလိုတာက တော့ အင်ဖေါ်မာတွေက နောက်မှ လိုက်နေတဲ့ သတင်းစကားပေးတာ ဖြစ်ပါတယ်။ ဒကာက နားလည်လိုက်ပါ၏။
“ပွင့်လင်းရာသီကျရင် လှေတစင်းငှားပြီး သောက်ရေသုံးရေ လိုက်ရောင်းစားမယ်” ဟု လပွတ္တာမြို့ခံ စီးပွား ရေးသမား တဦးကပြောသည်။ လာမည့်ပွင့်လင်းရာသီတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ရွာများအားလုံး သောက်ရေ သုံးရေ အခက်အခဲနှင့် ကြုံတွေ့ရနိုင်သဖြင့် ဒေသခံများက ညည်းညူနေကြသည်။
“ကျနော်တို့ ရောက်ခဲ့တဲ့ ရွာတိုင်းလိုလိုမှာ ကန်ရေတွေက လုံးဝသုံးလို့မရဘူး” ဟု မနေ့ကမှ လပွတ္တာက ပြန်ရောက်လာသည့် ကိုသန့်ဇင်က ပြောပြသည်။
ကိုသန့်ဇင်တို့ သူငယ်ချင်း ၆ ယောက်က ယခင်တခေါက် ရောက်ခဲ့ဖူးသော လပွတ္တာအပိုင် ရွာတချို့ကို လှေနှင့် ငါးဖမ်း ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရွှေ ကုန်း၊ မဒေါ့၊ မာန်ကုန်း၊ ဒေါင်ကျောင်း၊ ရွာလေးချောင်းနှင့် ပိန္နဲကုန်း ဆိုသည့် ရွာ ၆ ရွာကို သူတို့ရောက်ခဲ့သည်။
ပိန္နဲကုန်းရွာကြီးကတော့ အရင်တခေါက်ထက်ပိုမိုစည်ကားနေသည်ဟု သူက ပြောပြသည်။ အဲဒီရွာမှာပဲ သူတို့ညအိပ်ခဲ့ကြ သည်။ မီးစက်ကြီးများဖြင့် မီးပေးနေသောကြောင့် ညပိုင်း ၁၀ နာရီကျော်ထိ တရွာလုံးထိန်လင်းနေသည်။ ဗီဒီယို ရုံလည်း ရှိသည်။ ညနေပိုင်းမှာတော့ ဘော်လီဘောကွင်းတွင် လူငယ်တချို့ ကစားနေကြသည်တဲ့။
“ပိန္နဲကုန်းရွာက ရွာကြီးဆိုတော့ ရေကိစ္စသိပ်ပူစရာမလိုဘူး။ ခုလည်းမာလင်းအဖွဲ့က ရေသန့်စက်ထိုင်ပေးဖို့ စီစဉ်နေတာ တွေ့ခဲ့တယ်” ဟု ကိုသန့်ဇင်ကပြောပြသည်။
သူတို့ရောက်ခဲ့သည့် ရွာ ၆ ရွာစလုံးပင် စက်ရေတွင်းတူးရန်မဖြစ်နိုင်သော ရွာများ ဖြစ်သည်ဟု သူက ဆိုသည်။ ရေချိုကျော သီးသန့်မရှိသည့် ဒေသများဆိုတော့ ယခင် ကတည်းက ကန်ရေကိုသာ အားကိုး ခဲ့ကြရ၏။ ပိန္နဲကုန်းကတော့ ယခင် အိမ်ခြေ ၄၀၀ ရှိရာမှ ယခု ရွာနီးချုပ်စပ် ရွာငယ်ကလေးများမှ အခြေချ လာသောသူများနှင့် အိမ်ခြေ ၇၀၀ ကျော်ရှိနေပြီ။
ကျန်သည့် ရွာကလေးတွေက အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်သာ ရှိသော ရွာများဖြစ်သည်။ ရေလုပ်ငန်းဖြင့် အသက်မွေးကြ သည်။ ကိုသန့်ဇင်တို့က ပြည်တွင်းပြည်ပမှ သူငယ်ချင်း များ၏ အကူအညီဖြင့် လှေနှင့် ပိုက်များ သွားလှူကြသည်။ စုစုပေါင်း ကျပ် သိန်း ၅၀ ဖိုးခန့် ရှိမည်။ ရွာတရွာလျင် ဂေါက်ချွန်းလှေ ၂ စီးစီ၊ လှေတစင်းလျင် တားပိုက် ၃ စုံစီပါသည်။
ရေကိစ္စကို ရွာသားတွေက စိုးရိမ်နေကြသည်။ ထမင်းအသက် ၇ ရက် ရေအသက်က တမနက် ဆိုသည့်စကားအရ သောက် သုံးရေ အရေးပါပုံကို သူတို့အားလုံး နားလည်သည်။ ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့သည့် သောက်ရေကန်ကြီးများက ပြန်လည် တူးဖော်ခဲ့သည့်တိုင် သုံးမရသေး။
“ကန်တွေကို ပြန်ဖော်တာ ခုဆို ၃ ကြိမ်လောက်ရှိပြီ။ ဒါပေမယ့် ပြန်သုံးလို့မရသေးဘူး” ဟု ပိန္နဲကုန်း ရွာသားတဦးကပြော သည်။ သုံး၍ရသောကန်များမှာလည်း မိုးရေက အလုံအလောက် မဝင်ဟုသူက ဆက်ပြောသည်။ ပွင့်လင်းရာသီကနေစပြီး နွေကုန်သည်ထိ ရေပြဿနာရှိနိုင်သည်။
အန်ဂျီအိုများနှင့် အိုင်အန်ဂျီအို အဖွဲ့များက ရေပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုများ ရှိသော်လည်း နေရာအနှံ့အပြားရဖို့ ဆိုသည်ကတော့ ဖြေရှင်းရခက်သည့် ပြဿနာ ဖြစ်သည်။
“ကျမတို့လည်း ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ် နဲ့ ဘိုကလေး ဒေသတွေနဲ့ သတ်မှတ်ပေးထား တဲ့ ရွာတွေမှာ ရေသန့်စက်တွေ တည်ဖို့ တက္ကနစ်ရှင်တွေ လွှတ်ထားပါတယ်” ဟု ဝေါလ်ဗစ်ရှင်း အဖွဲ့မှ တာဝန်ရှိသူ တဦးကပြောပြသည်။ သို့သော်လည်း သူတို့ပင် မြို့တမြို့အပိုင် ရွာ ၁၅ ရွာခန့်ကိုသာ ရောက်ရှိ၍ လိုအပ်ချက်များ ဖြေရှင်းနိုင်ရုံမျှရှိသည်။ ရွာစုံ၊ ရွာနှံ့ မရောက် နိုင်ဟု ဆိုသည်။
ယူနီဆက်က တာဝန်ယူပြီး သန့်ရှင်းရေးလုပ်၊ ရေညစ် ရေဆိုးများကို စုပ်ထုတ်ခဲ့သည့် ကန်ပေါင်း ၄၄၂ ကန် ရှိသည်ဟု စာရင်းအရ သိရသည်။ ပြည်တွင်း စေတနာရှင်များ စုပေါင်း ရှင်းလင်းပြီးသည့် ကန်များကတော့ စုစုပေါင်း ၁၈၀၂ ကန်ရှိ ကြောင်း ကြားသိရ၏။ ထို အရေအတွက်မှာ ဧရာဝတီတိုင်း တတိုင်းလုံးမှ အရေ အတွက် ဖြစ်သည်။
ခုတခေါက်မှာ ကိုသန့်ဇင်တို့က ကားလမ်းကို အသုံးမပြုဘဲ ရေလမ်းခရီးကိုသာ သုံးခဲ့ကြသည်။ ကားလမ်းက သုံးမရအောင် အခြေအနေဆိုးရွားနေရာ လမ်းခရီးတွင် နှေးဖင့်သောကြောင့်ဟု ပြောသည်။ နောက်ပြီး သူတို့သယ်ဆောင်ခဲ့သည့် လှေလို ပစ္စည်းတွေကျတော့လည်း သင်္ဘောနှင့်သာ အဆင်ပြေသည်။
“ရွာတွေမှာ ပေါပေါများများ မြင်ရတာကတော့ အရက်မူးနေတဲ့ သူတွေပဲဗျ” ဟု ကိုသန့်ဇင်က ပြောပြသည်။ နေ့လယ်ခင်း တွင်ပင် ရွာထဲ၌ အရက်မူးနေသူများ များစွာရှိသည်တဲ့။ စိတ် ဒဏ်ရာကို ကုစားရင်း သောက်ဖြစ် နေကြပုံရသည်ဟု သူက ထင်မြင်ချက်ပေးသည်။
သူတို့အဖွဲ့ အပြန်မှာ လပွတ္တာမြို့ပေါ် ဝင်ခဲ့ကြသည်။ လပွတ္တာမြို့ပေါ်မှာတော့ စည်စည်ကားကား ရှိလှသည်။ အိုင်အန်ဂျီအို၊ အန်ဂျီအို အဖွဲ့များ ရုံးစိုက်ရာမြို့တမြို့ ဖြစ်သော ကြောင့် ဒေသခံ လက်ဖက်ရည်ဆိုင်၊ ထမင်း ဆိုင်များ အထူးအလုပ်ဖြစ် သည်ကို မြင်ခဲ့ ကြရသည်။
ထူးထူးခြားခြားကတော့ ဈေးဝယ်တွေက “နာဂစ်ဈေး” ဟု အမည်ပေးထားသည့် ဈေးတန်းကလေးဖြစ်သည်။ အဲဒီမှာ ကူညီ ထောက်ပံ့ရေး ပစ္စည်း မျိုးစုံရသည်။ အစားအစာ အခြောက်များ၊ ထိုင်းနိုင်ငံက ဝင်သည့် ဆန်ထုတ်ငယ်များ၊ တာပေါ်လင် မိုးကာစများ၊ နိုင်ငံခြားဖြစ် လက်သမား ပစ္စည်းစုံ စသည်တို့ဖြစ်သည်။
လပွတ္တာမြို့ခံများကတော့ အသုံးမလိုသည့် ဒုက္ခသည်များက ပြန်လည်ရောင်းချခြင်း ဖြစ်သည်ဟု ပြောသည်။
“ကျနော်တောင် အမေရိကန် နိုင်ငံလုပ် ၂၄ပေ၊ ပေ ၁၀၀ တာပေါ်လင်စ တစ ဝယ်လာ သေးတယ်။ ကျပ် ၁ သိန်း ၂ သောင်း ပေးရတယ်။ နာရေးကူညီမှုအသင်းကို လှူဖို့ပါ” ဟု ကိုသန့်ဇင်က ပြောပြသည်။
ခုလို နာဂစ်ဆိုင်ကလုန်း ဝင်ပြီး ၄ လကျော်အကြာတွင် ပြည်တွင်းက ပုဂ္ဂလိက အလှူရှင်တွေလည်း မရှိတော့ သလောက် နည်းသွားပြီ။ တချို့သော အိုင်အန်ဂျီအို အဖွဲ့များလည်း ပြန်လည်ထွက်ခွာကုန်ပြီ။
ကိုသန့်ဇင်နှင့် သူငယ်ချင်းတစုကတော့ ဆိုင်ကလုန်းဝင်ပြီး တလခန့်အကြာမှာ စားရေရိက္ခာနှင့် အဝတ် အထည် အသုံး အဆောင်များ သွားလှူခဲ့သည်။ အဲဒီတခေါက်သွားရင်း စပါးစိုက်ပျိုးရေး ကိစ္စကြားသိလာ သဖြင့် နောက်တခါ မျိုးစပါးနှင့် လက်တွန်းထွန်စက်များ သွားလှူဒါန်းခဲ့ ပြန်သည်။ ထိုအခေါက်မှာပဲ ရေလုပ် ငန်းအတွက် လိုအပ်သည်ဟု ကြားမိသဖြင့် ယခုတခေါက် ပြည်တွင်း၊ ပြည်ပမှ သူငယ်ချင်းများထံမှ ရသ လောက် အလှူခံကာ ရေလုပ်ငန်းနှင့် သက်ဆိုင်သည့် ပစ္စည်း များ လှူဒါန်းကြပြန်သည်။ ဒီတခါ ကြားခဲ့ သည်ကတော့ လူသားတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ်သည့် သောက်သုံးရေ အခက်အခဲ ဖြစ်သည်။
“ကျနော်တို့က ဧရာဝတီတိုင်း တတိုင်းလုံးနဲ့ နှိုင်းစာရင် တကယ့် ပိစိကွေးလေးတွေပါ။ ကျနော်တို့က ဒီလောက်လေးပဲ တတ်နိုင်တာပါ။ နိုင်ငံတကာက အင်နဲ့အားနဲ့ မကူလို့ မဖြစ်နိုင်ဘူးဗျာ” ဟု ကိုသန့်ဇင်က ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment