ကြည်ဝေ | နိုဝင်ဘာ ၂၈၊ ၂၀၀၈
ရှမ်းရိုးရာ နှစ်သစ်ကူး ပွဲတော်နေ့ ကျင်းပရာ မရမ်းကုန်းမြို့နယ် ၉ မိုင် အောင်မြေဘုံသာ ကျောင်းဝန်းအတွင်း မီးရောင် ထိန်ထိန်ညီးကာ အငွေ့ တထောင်းထောင်း ထနေသော စားသောက်ဆိုင်များ၊ မောင်းနှင့် အိုးစည်သံ ကဲသည့် ရှမ်းတေးသံများဖြင့် စည်ကားနေပြီး ကျောင်းတိုက်၏ ၀င်ပေါက် ဂိတ်ဝတွင် လူအများ တိုးဝှေ့ နေကြသည်။
ရှမ်းသက္ကရာဇ် ၂၁၀၃ ခုနှစ်သို့ ကူးပြောင်းသော နှစ်အတွက် ရန်ကုန်တိုင်း အတွင်းရှိ ရှမ်းတိုင်းရင်းသားများ စုပေါင်းကာ နှစ်သစ်ကူး ပွဲတော်နေ့အဖြစ် ကျင်းပနေခြင်း ဖြစ်သည်။ ထို နှစ်သစ်ကူး ပွဲတော်သည် ရှမ်းတိုင်းရင်းသား တို့အတွက် အကြီးဆုံး ပွဲတော်ထဲတွင် တခု အပါအ၀င် ဖြစ်သည်။
ပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများက ကျောင်းဝန်းအတွင်း ဈေးဆိုင်တန်းများ ဖွင့်လှစ်ကာ ရှမ်းရိုးရာ အစားအသောက် အရောင်းဆိုင်များ၊ ရှမ်းရိုးရာ အသုံးအဆောင် ပစ္စည်း အရောင်းဆိုင်များ ခင်းကျင်း ရောင်းချနေသလို တခြားသော စားသောက်ဆိုင် လက်ဖက်ရည်နှင့် အအေးမျိုးစုံ အရောင်းဆိုင် များကလည်း ပါဝင်အားဖြည့်လျက် ရှိသည်။
နှစ်သစ်ကူး ပွဲတော်သို့ လာရောက်ကြသူ အများစုမှာ ရှမ်းလူမျိုးများ ဖြစ်ကြပြီး အသက် ၁၀ နှစ် ၀န်းကျင်မှ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်ဆင်နွှဲလျက် ရှိကြသည်ကို တွေ့ရသည်။
“အမေက သူ့ကို နှစ်ကူးပွဲတော်ကို ပို့ပေးပါလို့ နှစ်မကုန်ခင် ကတည်းက အမြဲပြောတယ်၊ မနှစ်က အဆင်မပြေလို့ မရောက်နိုင်ခဲ့ဘူး၊ ဒီနှစ်တော့ အမေ စိတ်ချမ်းသာအောင် မဖြစ် ဖြစ်တဲ့နည်းနဲ့ အရောက်လာခဲ့တာပဲ” ဟု အသက် ၃၇ နှစ် အရွယ် စိုင်းအောင်မောင်းက ပြောပြသည်။
ကျိုင်းတုံ ဇာတိဖြစ်သည့် သူ့မိခင်မှာ နှစ်သစ်ကူး ပွဲတော်လာမှ ကံကောင်းမည်ဟု အစွဲရှိသူဖြစ်ပြီး ၎င်း ငယ်စဉ်ကတည်းက နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့သည်ဟု ဆိုသည်။
“နှစ်ကူးပွဲတိုင်း ဆုတောင်းခဲ့တာပဲ၊ အမေတို့ရဲ့ ကောက်ပဲ သီးနှံစိုက်ခင်း တွေကလည်း တကယ်ဖြစ်ခဲ့တယ်၊ အရင်ကလို ကောက်ပဲသီးနှံတွေ ကောင်းဖို့ဆိုတာ နှစ်သစ်ကူးပွဲကို သေချာလုပ်ပြီး သေချာဆုတောင်းကြဖို့ အရေးကြီးတယ်လေနော့်” ဟု စိုင်းအောင်မောင်း၏ မိခင်က ဆိုသည်။
သူကဲ့သို့ပင် ရိုးရာကို ယုံကြည်ကြသူများက ၎င်းတို့နေထိုင်ရာ ဒေသတွင်းရှိ နှစ်သစ်ကူးပွဲတော် ကျင်းပရာ နေရာဆီသို့ မဖြစ်ဖြစ်အောင် လာတတ်ကြကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုစိုင်းက ပြောသည်။
ရှမ်း တိုင်းရင်းသားများ အနေနှင့် နှစ်ကူးပွဲတော်သည် အရေးပါသည့် ပွဲတော်ဖြစ်ပြီး ထိုပွဲတော်ကို ဆင်နွှဲခြင်းအားဖြင့် ကံကောင်းသည်ဟု အယူရှိကြသည်။ နှစ်သစ်ကူးပွဲတော် ပြုလုပ်ရန်အတွက် ငွေကို ကြိုတင် စုဆောင်းထားသည့် အလေ့ရှိကြသည်။
“ည ၁၂ နာရီတိတိ နှစ်သစ်ကူးသွားချိန်မှာ ဆုတောင်းကြတယ်။ နောက် ဘုရား ဆွမ်းတော် တင်ထားတဲ့ ကောက်ညှင်းထုပ်တွေကို လာတဲ့ ပရိသတ်ကို ဝေပေးကြတယ်၊ အဲဒီ ကောက်ညှင်းထုပ်စားရင် အန္တရာယ်ကင်းတယ်လို့လည်း ယုံကြည်ကြတယ်” ဟု ကိုစိုင်းက ဆိုသည်။
ရှမ်းနှစ်သစ်ကူး ပွဲတော်သည် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တခုဖြစ်သော်လည်း ယနေ့ခေတ် တွင် ပွဲတော်အတွင်း ဘာသာရေးထက် ဖျော်ဖြေရေးအစီအစဉ်ကို ဦးစားပေးလာ ကြသည်ဟု အသက် ၇၀ အရွယ် ရှမ်းအမျိုးသားကြီး ဦးခွန်စိုင်းဦးက ပြောသည်။
“အမှန်တော့ ဒီနှစ်ကူးပွဲဆိုတာ သုံးလေးရက်ဆင်နွှဲရတဲ့ ပွဲပါ” ဟု ၎င်းက ဆက်ပြောသည်။
ဦးခွန်စိုင်းဦး၏ အဆိုအရ ပထမနေ့တွင် ဘုရားကို သစ်သီးနှင့် ကောက်ညှင်း ဆွမ်းတော်တင်၍ ည ၁၂ နာရီတွင် တနှစ်လုံး သာယာအေးချမ်းရန် ဆုတောင်းခြင်း၊ ဒုတိယနေ့တွင် အသားဆွမ်း တော်တင်ခြင်းနှင့် တတိယနေ့တွင် ဆုံးပါးကွယ်လွန်သွားသည့် အဘိုးအဘွားများ ကို ရည်စူးကာ ဘုရားလှူခြင်းတို့ ပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ကျင်းပခွင့် တရက်သာ ရတော့သဖြင့် တရက်တည်းတွင် စုလုပ်ရကြောင်း သိရသည်။
ယနေ့ခေတ်တွင် ယခင်ကကဲ့သို့ ရိုးရာကန်တော့ပွဲများ ကပ်လှူရာ စားပွဲများထက် ရှမ်း တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခြင်းကို ပိုမိုအလေးထား လုပ်လာကြသည်ဟု ၎င်းက ပြောပြသည်။
ရှမ်းရိုးရာပွဲတော်တိုင်းတွင် ရှမ်းယဉ်ကျေးမှုဆိုင်ရာ ကပွဲများ၊ တေးသီချင်း သီဆိုခြင်းများ ထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ရှမ်းတေးဂီတ အဖွဲ့မှ အတီးသမားတဦးက ယနေ့ခေတ် ရှမ်းလူငယ်များမှာ ရိုးရာဘာသာစကားကို အပြောနည်းလာသည့်အတွက် ရှမ်းတေး သီချင်းများ သီဆိုခိုင်းခြင်းဖြင့် ဘာသာစကား ပျောက်ကွယ်မသွားရန် ထိန်းသိမ်းရာ ရောက်သည်ဟု ပြောဆိုသည်။ ရှမ်းလူငယ်များကလည်း ဖျော်ဖြေရေးများကို နှစ်လိုကြသည်ဟု သူက ဆက်ပြောသည်။ု
စင်ပေါ်မှ အိုးစည်သံ ကြားရသည်နှင့်ပင် ပွဲခင်းထဲမှာ ဈေးဆိုင်များ အနီးတွင် ရစ်သီနေကြ သော လူအုပ်ကြီး သည်လည်း စင်နားသို့ ပြိုကျလာခဲ့ပြီး ထိုင်ခုံများ၏ နောက်ဘက် ဘေးဘက်တို့တွင် ရပ်လျှက်သား အားပေး နေကြသည်။ ထိုလူအုပ်ကြီးမှာ ည ၁၂ နာရီ ထိုးသည်အထိ စောင့်ကြပြီး ဝေပေးသော ကောက်ညှင်းထုပ်များကို လက်ခံယူကာ ဆုတောင်းကြမည်ဖြစ်သည်။
ထိုနှစ်သစ်ကူးပွဲကို ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့ကြီးဖြစ်သော လာရှိုးနှင့် တောင်ပိုင်းဒေသမှ တောင်ကြီး မြို့တို့တွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပကြကြောင်း သိရှိရသည်။
၁၉၉၈ မတိုင်မီက မြေနီကုန်း ပဒုံမာ ဇာတ်ရုံတွင် ရှမ်းနှစ်သစ်ကူးပွဲကို ပုံမှန် ကျင်းပခဲ့ သော်လည်း နောက်ပိုင်း၌ အာဏာပိုင်များက ထိုဇာတ်ရုံတွင် ကျင်းပခွင့်မပြုသောကြောင့် ယခုကျင်းပရာ ၉ မိုင်ကျောင်းဝန်းသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရှမ်းလူမျိုးများ အများဆုံးနေထိုင်သော တိုက်ကြီး၊ ဥက္ကံ၊ ဖြူး၊ ၀နက်ချောင်း၊ ထောက်ကြံ့ တို့မှ ရှမ်းလူမျိုးများမှာ နှစ်စဉ် နှစ်တိုင်း နှစ်သစ်ကူးချိန်တွင် ပွဲတော်ကျင်းပရာ နေရာသို့ အရောက် လာတတ်ကြသော်လည်း လွန်ခဲ့သော သုံးလေးနှစ်မှစ၍ နည်းပါးလာသည်ကို တွေ့ရကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် တဦးက ပြောသည်။
“အဓိကက စီးပွားကျကြတာပဲ။ သွားဖို့လာဖို့ လှူဒါန်းဖို့နဲ့ သုံးစွဲဖို့ အခက်အခဲ ရှိပုံရတယ်။ တနှစ်ထက် တနှစ် လူဝင်နည်းနည်းလာတယ်။ ပြောရရင် ဒီနှစ်က မနှစ်ကလောက် မစည်ဘူး။ ရှမ်းတွေထဲက ဈေးဆိုင်လာဖွင့်ပြီး ရောင်းတဲ့သူတွေလည်း နည်းကုန်တယ်။ နယ်က ရှမ်း တွေလည်း အကုန်ရောက်အောင် မလာနိုင်ကြတော့ဘူး” ဟု သူက သုံးသပ်သည်။
ယခင်နှစ်က ဆိုင်ခန်းခကို ကျပ် ၃ သောင်း သတ်မှတ်ထားပြီး ယခုနှစ် ဆိုင်ခန်းခ အပါအ၀င် အလှူငွေ စုစုပေါင်း ကျပ် ၅ သောင်း သတ်မှတ်လိုက်သောကြောင့် ရှမ်းဆိုင်များ နည်းပါး သွားခြင်းဖြစ်ကြောင်း ရှမ်းအရောင်းဆိုင် တဆိုင်က ပြောဆိုသည်။
ဆိုင်ခန်းများ ဈေးနှုန်းကောက်ခံရေး ကော်မတီကလည်း ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် အလှူငွေ နည်းပါးလာခြင်းကြောင့် ဆိုင်ခန်းဈေးနှုန်းများကို တိုးမြှင့်လိုက်ရခြင်းဖြစ်သည်ဟု ဆို၏။
“အရင်နှစ်တွေတုန်းကတော့ တ၀န်းလုံး ရှမ်းဆိုင်တွေပါပဲ။ ဒီနှစ်တော့ မနှစ်က ရှမ်းဆိုင် ထွက်ခဲ့တဲ့ သူတွေ ဆိုင်မထွက်ကြတော့ ဆိုင်ခန်းတွေ လွတ်နေတာနဲ့ တခြားဆိုင်တွေ ၀င်လာကြတယ်။ အဖွဲ့ကလည်း ရန်ပုံငွေရအောင်ဆိုပြီး လက်ခံရတာပေါ့” ဟု နှမ်းထောင်း ခေါပုတ်ရောင်းသည့် ရှမ်းအမျိုးသမီးကြီးက စကားသံ ၀ဲဝဲနှင့်ပြောသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းမှုများက တိုင်းရင်းသားများ၏ ရိုးရာပွဲများ၊ ဘာသာရေး ပွဲများပေါ်သို့ လွှမ်းမိုးထိခိုက်လျက် ရှိသောကြောင့် ထိုပွဲတော်များ မထိန်းသိမ်းနိုင်ကြလျှင် ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကား ကွယ်ပျောက်သွားမည်ကို စိုးရိမ်ရကြောင်း ရှမ်းတိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှု ကော်မတီက သုံးသပ်သည်။
“ယဉ်ကျေးမှုဆိုတာ ရိုးရာဓလေ့ ထုံးစံတွေအပေါ်မှာ မှီတည်ပြီး ဖြစ်ပေါ်လာတာပါ။ ရှမ်းလူမျိုး မှာ ဘယ်လိုပွဲတော်တွေ၊ နေ့ထူးနေ့မြတ်တွေ ရှိတယ်ဆိုတာကို သိပြီး အမှတ်ရနေဖို့အတွက် ခုလို ပွဲတော်တွေ ကျင်းပပေးဖို့ လိုအပ်တယ်။ နို့မို့ရင် လူငယ်တွေ ရိုးရာ ယဉ်ကျေးမှုကို မေ့ပြီး ပျောက်ကွယ်သွားနိုင်တယ်” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားများ၏ ၇၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာများဖြစ်ကြပြီး မြန်မာနိုင်ငံ အနှံ့ အပြားတွင် တခြားလူမျိုးများနှင့်အတူ ရောနှောကာ ပြောင်းရွှေ့နေထိုင်ကြရခြင်း၊ အာဏာ ပိုင်များက တိုင်းရင်းသား ယဉ်ကျေးမှုများနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်များကို ပိတ်ပင် ခြင်းတို့ကြောင့် ရှမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ ပျောက်ကွယ်နိုင်သည့် အနေ အထား ရောက်လာသည့်အတွက် ရှမ်းယဉ်ကျေးမှု ထိန်းသိမ်းထားနိုင်ရန် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment