ရန်ကုန်သားတာတေ | နိုဝင်ဘာ ၂၆၊ ၂၀၀၈
ယခုလို အေးချမ်းသည့် ဆောင်းကာလ နံနက်စောစော အချိန်မျိုးတွင် တရား ဘာဝနာ စီးဖြန်းရသည်ကို ရုက္ခစိုး အလွန် နှစ်သက်သည်။ ပူအိုက် စပ်လောင်သည့် ရာသီမျိုး၌ တရား အားထုတ်ရာဝယ် မေတ္တာပို့ရသည်ကိုက အဆင်မပြေ။ ပို့လိုက်သည့်မေတ္တာက အငွေ့ပျံသွား သလိုလို၊ အရည်ပျော်သွားသလိုလို ဖြစ်ရသည်။
ယခုလို ရာသီအေးချိန် တရားအားထုတ်ရာ၌ ရုက္ခစိုး အနှစ်သက်ဆုံးက ခြင်မကိုက် ခြင်းပင်။ ခြင်မကိုက်သော် လူတို့သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲနိုင်သည်ဟု ၎င်းက ယုံကြည်ထားသူ ဖြစ်သည်။
လောကကြီး၏ ငြိမ်းချမ်း တိတ်ဆိတ်မှုကို ဖြိုခွင်းသူကား ဂျုံးဂျုံးကျနေသော သတင်းထောက် ဖိုးရှုပ်၏ စီးတော်ယာဉ်ပင် …၊ ဆိုင်ကယ်သည် ဟွန်းမှအပ တခြား အရာအားလုံး အသံမြည်သည်။
သူကောင်းသား နှစ်ဦးသည် ပတ်ဝန်းကျင်ကို အသံနှင့်သာ နှိပ်စက်သည်မဟုတ် … အမူအရာဖြင့်လည်း နှိပ်စက်ပါသည်။ ကုန်တိုက်မှ ၅၀ ရာခိုင်နှုန်းလျှော့ဖြင့် ရထားသည့် အရောင်စုံပါ ဂျာကင်များက ပြိုးပြိုးပြောင်ပြောင် … ဒီကြားထဲ ကင်မရာ တကားကားဖြင့် လမ်းလျှောက်လာသည့် ဖိုးရှုပ်ဟန်က ခွေးဆွဲချင်စရာဟန်။ ကြွက်စုတ်ကလည်း ဂျာကင်အသစ်ကိုတံဆိပ်မဖြုတ်သေးဘဲလမ်းလျှောက်လာသည်မှာ ရာဇာနေဝင်း ကိန္ဒရာနာပေါက်နေသည့်ဟန်မျိုး။
ကြွက်စုတ်။ ။ ဟဲလိုး … ဂွတ်တမောနင်း ရုက္ခစိုးမင်း။
ရုက္ခစိုး ။ ။ စောစောစီးစီး မလာစဖူးအလာထူးပါလား။
ဖိုးရှုပ် ။ ။ ဒီကောင် ကြွက်အစုတ်အပြတ်ပေါ့ဗျာ … ချမ်းချမ်းဆီးဆီး အိပ်ကောင်းခြင်းမအိပ်ရ ကျနော့်ကို လာနှိပ်စက်ပြီးအားမရလို့ ဦးရုက္ခစိုးကိုလာပြီး ဒုက္ခပေးတာပေါ့။
အအိပ်ကြီးသည့်ဖိုးရှုပ်တယောက် အစောကြီးထလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေ၏။
ဦးရုက္ခစိုး ။ ။ မနက်စောစောထတယ်ဆိုတာ မင်္ဂလာတပါးပါမောင်ဖိုးရှုပ်ရဲ့။ အခုလို ချမ်းဆီးတဲ့ရာသီမှာ လတ်ဆတ်တဲ့လေကိုရှူလိုက်ရတာကိုက စိတ်ကိုလန်းဆန်းစေတယ်ကွ။
ဖိုးရှုပ် ။ ။ ဒီလောက်ချမ်းဆီးနေတဲ့ကြားထဲ အဲဒီလေအေးအေးကြီးရှူလိုက်ရတာကိုက နှာခေါင်းထဲ ရေခဲချောင်းကြီး ထိုးထည့်တာခံလိုက်ရသလိုပါဗျာ … မနိပ်ပါဘူး။ အယ်လ်ဂိုးတို့လို သဘာဝပတ်ဝန်းကျင်သမားတွေကလည်း သူ့ဟာသူ နွေးထွေးနေတဲ့ကမ္ဘာကြီးကို ရှာရှည်ပြီး ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အလုပ်ကိုရှုပ်တယ်ဗျာ။
ကြွက်စုတ် ။ ။ ဟေ့ကောင် … မင်းဟာမင်း အအေးကြောက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနေတဲ့လူတွေကို လိုက်ပြီးမတိုက်ခိုက်နဲ့လေကွာ။ ပြဿနာကို မီးခွက်ထွန်းမရှာချင်စမ်းပါနဲ့ကွာ။
ရုက္ခစိုး ။ ။ မင်းတို့ကောင်တွေစကားပြောရင် ဘောင်မကျော်စေနဲ့လေကွာ။ ဘေးလူတွေကြားကုန်မှ ဟုတ်ပေ့ဖြစ်နေမယ်။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးကဘာသိလို့လဲ ခေတ်ကြီးက ပြောင်းပြန်စီးတဲ့ခေတ်ကိုရောက်နေပြီ။
ရုက္ခစိုး ။ ။ ဘာတွေပြောင်းပြန်စီးတာလဲကွ …. မင်းကိုယ်တိုင်ကော ပြောင်းပြန်စီးနေပြီလား။
ဖိုးရှုပ် ။ ။ မဟုတ်ဘူးလေဗျာ … ကမ္ဘာပေါ်မှာထိပ်ဆုံးကဆိုတဲ့ အမေရိကန်ကိုကြည့်လေ၊ လူမည်းသမ္မတခေတ်။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင်ကြည့် ရှေ့နေလိုက်ရာကနေ ထောင်လုံးလုံးကျတဲ့ခေတ်။
ရုက္ခစိုး ။ ။ အဲဒါနဲ့ပဲ ကမ္ဘာကြီးတခုလုံးပြောင်းပြန်စီးရောလားကွ။
ကြွက်စုတ် ။ ။ စီးပါပြီကောဗျာ … ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဘယ်သူမှသီးခြားရပ်တည်လို့ မရဘူးလေ။
ရုက္ခစိုး ။ ။ ဒါဆိုလဲ ငါ့ညောင်ပင်ကိုမှီပြီးတော့ ရပ်ပေါ့ကွာ။
ဖိုးရှုပ် ။ ။ ရုက္ခစိုးကြီးက လည်မလိုနဲ့ တော်တော်ထုံတာပဲ။ အခုခေတ်က ကျနော်တို့ငယ်ငယ်ကလို မဟုတ်တော့ဘူးဗျ။
ရုက္ခစိုး ။ ။ ဟုတ်တယ်လေ … မင်းတို့ငယ်ငယ်က ကွန်ပျူတာဆိုတာထားလိုက်ဦး၊ တီဗီတောင် ရှိလို့လား၊ ဒီခေတ်ကျတော့ မြန်မာပြည်ကလွဲရင် အိမ်တိုင်းအိမ်တိုင်း ကွန်ပျူတာ၊ အင်တာနက်နဲ့။
ဖိုးရှုပ် ။ ။ လက်စသတ်တော့ ရုက္ခစိုးကြီးက ရုပ်ဝါဒသမားပဲ။ ရုပ်ဝတ္ထုတွေကိုသိပ်ပြီး ရှေ့တန်းမတင်ပါနဲ့ဗျာ … ဟောဟိုမှာကျနော့်ဆိုင်ကယ်ကိုကြည့်စမ်း … ဘယ်လောက်စုတ်လိုက်လဲလို့၊ ဒါပေမယ့် နေ့စဉ် ဒွိုင်ဆူထေ့တောင်ကိုတော့ တက်နိုင်တာပဲမလား။ ရုပ်ဝတ္ထုတွေနောက်ကိုလိုက်ရင် ဒုက္ခတွေ့မယ်နော်။
ရုက္ခစိုး ။ ။ အပိုတွေပြောမနေနဲ့ ဟေ့ကောင်။ မင်းဟာမင်း အသစ်မဝယ်နိုင်လို့ အစုတ်သုံးနေတာကိုများ ငါ့လာပြီး ရုပ်ဝါဒသမားလေး၊ ဘာလေးနဲ့ … မင်းပြောချင်တာအဲဒါလား။
ဖိုးရှုပ် ။ ။ ဒေါသမကြီးပါနဲ့ ရုပ်ဝါဒ … အဲအဲ … ရုက္ခစိုးကြီးရယ်။ ကျနော်ပြောချင်တဲ့ ခေတ်ကြီးက ပြောင်းပြန်စီးတဲ့ခေတ်ဆိုတာ သားသမီးက မိဘကို အုပ်ချုပ်တဲ့ခေတ်ရောက်ပြီလို့ ပြောတာဗျ။
ရုက္ခစိုး ။ ။ မင်းစကားအဆန်းပါလား။ အခု မိဘတွေကကျောင်းတက်ပြီး သားသမီးက စီးပွားရှာ၊ ထမင်းချက် အလုပ်တွေ လုပ်ကုန်ကြလို့လား။
ကြွက်စုတ် ။ ။ ကလေးကစားကွင်းတို့ ဂိမ်းဆိုင်တို့မှာ မိဘတွေနဲ့ ပြည့်နေတာနေမှာပေါ့။
ဖိုးရှုပ် ။ ။ ဟေ့ကောင် … စကားကောင်းပြောနေတယ်၊ ဝင်မရှုပ်နဲ့။ ဒီလိုဗျ … ဒီဘက်ခေတ်ပညာရေးကိုက အဆင့်မြင့်လာတာလား၊ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကောင်းလာသလားတော့မသိဘူး။ အခုဆို ကလေးတွေက မိသားစုတွင်း စီမံအုပ်ချုပ်မှုပိုင်းတွေမှာ တာဝန်ယူလာကြတာကို တွေ့နေရပြီဗျ။
ရုက္ခစိုး ။ ။ ဒါဆိုရင် ကောင်းတဲ့အလားအလာပေါ့ကွာ။ ဒီဘက်ခေတ်မိဘဖြစ်ရတဲ့ဒုက္ခက သေးတာမဟုတ်ဘူး။ ရှာရ၊ ဖွေရ၊ သားသမီးကိစ္စတွေကများပါဘိနဲ့ အခုတော့ အိမ်ရဲ့အုပ်ချုပ်မှုကိုပါ သားသမီးက ဝင်လုပ်ပေးတယ်ဆိုတော့ ကောင်းတာပေါ့ကွာ။ ဘာသာရေးအရကြည့်မယ်ဆိုလဲ မိဘတွေ အိုမင်းမစွမ်းချိန်မျိုးမှ ပြုစုတာမဟုတ်ဘဲ အခုကတည်းကလုပ်တာဆိုတော့ တသက်စာကုသိုလ်တွေ အများကြီး ရမှာပေါ့ကွ။
ကြွက်စုတ် ။ ။ ဟာ … ဒီရုက္ခစိုး မသိဘဲနဲ့ စကားကိုရမ်းပြောပြန်ပြီ။ အိမ်တွင်းစီမံအုပ်ချုပ်မှုမှာ ဝင်ကူတာမဟုတ်ဘူးဗျ။ မိဘတွေကို ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး၊ ဟိုမသွားနဲ့၊ ဒီမသွားနဲ့လို့ အမိန့်ထုတ်တာဗျ။ ဟိုလူအိမ်မခေါ်ရဘူး၊ ဒီလူအိမ်မခေါ်ရဘူးဆိုတာ တခါတလေ ရှိသေးတယ်။
ရုက္ခစိုး။ ။ ဟေးဟေး … အဖေနော် နောက်တခါအိမ်ပြန်နောက်ကျတာတို့၊ ယိုင်ထိုးပြီးပြန်လာတာတို့ဆိုရင် တုတ်ပါတခါတည်းကောက်ခဲ့ဆိုတာ ဒါမျိုးပေါ့ကွာ။
ဖိုးရှုပ်။ ။ အခုဆို ကလေးမိဘတွေစုပြီး မိဘအခွင့်အရေးတောင်းဆိုဖို့ အဖွဲ့ဖွဲ့ကြတော့မလို့တဲ့ဗျ။
ရုက္ခစိုး။ ။ ကြည့်လဲလုပ်ကြပါကွာ။ မိသားစုပုံစံတွေပျက်စီးကုန်ပါဦးမယ်။ မင်းတို့လဲသွားမပါလဲ … တော်ကြာ ကလေးမရှိဘဲ တရားခံစာရင်းဝင်နေမယ်။ မဝင်သင့်တဲ့ကြားကိုဝင်ရင် ချောင်ပိတ်မိနေတတ်တယ်။
နဂိုကတည်းက ရည်းစားတောင်မရှိ၊ ဂေါ်မစွံလူပျိုကြီးများကို ရုက္ခစိုးကြီးက အထင်တကြီးဖြင့် မိဘအခွင့်အရေးအဆွေးနွေးရန် နားချနေ၏။
ကြွက်စုတ်။ ။ ဒီခေတ်ကြီးမှာ ချောင်ပိတ်တဲ့ကိစ္စကတော့ ဝင်သင့်၊ မဝင်သင့်နဲ့ မဆိုင်တော့ဘူးဗျ။ အခုဆို ဘန်ကောက်က ဒွန်မောင်းလေဆိပ်ကနေ ဝန်ကြီးချုပ်ပြန်ဝင်မလာအောင် ဆန္ဒပြသမားတွေကဝိုင်းထားကြလို့ အထဲမှာ တိုးရစ်တွေပိတ်မိနေပြီတဲ့။
ရုက္ခစိုး။ ။ ဘာဆိုင်လို့လဲကွ။ ငါတို့ပြောနေတဲ့မိသားစုကိစ္စနဲ့ ထိုင်းနိုင်ငံရေး တခြားစီပါကွာ။
ကြွက်သုတ်။ ။ ဟဲဟဲ …. ဆိုင်တာ မဆိုင်တာအသာထားလေ။ ချောင်ပိတ်တာချင်းတော့တူတယ်မလား။
ရုက္ခစိုး။ ။ လေယာဉ်ကွင်းပိတ်တာတော့ ဒွန်မောင်းတင်ဘယ်ကမလဲ၊ အသစ်ဖွင့်ထားတဲ့ သုဝဏ္ဍဘူမိ (စုဝနာဘွန်) လေယာဉ်ကွင်းလဲ ပိတ်ထားတယ်လေ။ ခရီးသည်တွေ အခိုက်အတန့်တော့ ဒုက္ခရောက်ကြမှာပေါ့။
ဖိုးရှုပ်။ ။ ဟုတ်ပီဗျို့ … ဘန်ကောက်က လေယာဉ်ကွင်း ၂ ကွင်းလုံးမှာ ဝန်ကြီးချုပ်ဆင်းမရအောင် ဆန္ဒပြသူတွေဝိုင်းထားလို့ပိတ်ထားတယ်ဆိုရင် ဝန်ကြီးချုပ်ကိုထောက်ခံသူတွေပေါတဲ့ ချင်းမိုင်က လေယာဉ်ကွင်းမှာ ဆင်းဖို့များသွားပြီဗျ။ သတင်းလေးဘာလေးရလိုရငြား သွားစောင့်လိုက်ဦးမယ်ဗျို့။ ကျုပ်အတွက်တော့ မိသားစုပြဿနာထက် သတင်းပြဿနာက ပိုအရေးကြီးသဗျ။
ဖိုးရှုပ်သည် ပြောပြောဆိုဆိုပင် ၎င်း၏နောက်ဆုံးပေါ်ဆိုင်ကယ်အစုတ်ကလေးကိုစက်နှိုးကာ ချင်းမိုင်လေဆိပ်သို့ ပြေးလေတော့သည်။ သာယာလှပသည့် ဒွိုင်ဆူထေ့တောင်လမ်းကလေးလည်း ဆိုင်ကယ်အိပ်ဇောမှထွက်သည့် မီးခိုးလုံးကြီးကြောင့် မည်းမှောင်သွားလေတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment