အေးချမ်းမြေ့ | ဒီဇင်ဘာ ၁၁၊ ၂၀၀၈
မကြာသေးမီက စင်ကာပူနိုင်ငံတွင်ကျင်းပသော အိုင်းရင်း ခရော့စ် (အိုင်စီ) တေးဂီတ အဖွဲ့၏ စင်မြင့် ဖျော်ဖြေပွဲကို မြန်မာ ပရိသတ် ၂၀၀၀ ခန့် အားပေး ကြည့်ရှုခဲ့ကြသည်။
စင်ကာပူနိုင်ငံ ဂျူရောင်းအိစ်၊ အားကစားနှင့် ယဉ်ကျေးမှု စင်တာ၌ ယခင်အပတ် တနင်္ဂနွေနေ့ ညနေ ၆ နာရီခွဲ က ကျင်းပသော ၎င်းဖျော်ဖြေပွဲတွင် အိုင်စီနှင့်အတူ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ အာဇာနည်၊ အယ်လ်လွန်းဝါနှင့် နောနော် တို့ ပါဝင်သီဆိုဖျော်ဖြေခဲ့ပြီး ပထမပိုင်း အစီအစဉ်တွင် အမ်ပလပ်ရှိုးအနေနှင့် ဖျော်ဖြေကာ ဒုတိယပိုင်း တွင်မှ ရော့ခ်မြူးဇစ်ပုံစံဖြင့် ဖျော်ဖြေခဲ့ကြသည်။
ပွဲဖြစ်မြောက်ရေးအတွက် စင်ကာပူတွင် ဖွင့်လှစ်ထားသော ရဲရင့် မြန်မာ စားသောက်ဆိုင် မိသားစု၏ ဂျီအမ်ရော့ခ် အန်တာတိန်းမင့်က ဦးစီးကျင်းပခြင်းဖြစ်ပြီး ဧရာဝတီ စားသောက်ဆိုင်၊ အမ်အေအိုင်နှင့် ဂစ်တာ ဆဲဗင်းဆဲဗင်း တို့က ပံ့ပိုးကူညီသည်။
ပွဲမစမီ ၆ နာရီမခွဲခင်ကတည်းက တဖွဲဖွဲလာနေသောပရိသတ်များဖြင့် ပွဲစချိန်တွင် အားကစား ရုံကြီးတခုလုံး ပြည့်လျှံသွားသည်ကိုတွေ့ရသည်။
လက်မှတ်မှာ စင်ကာပူဒေါ်လာ ၃၀၊ ၄၀၊ ၅၀ အသီးသီးဖြစ်ပြီး ၃၀ တန်းလက်မှတ်များမှာ ပွဲမတိုင်မီ ၄ ရက်ခန့် အလိုကတည်းက ကုန်သွားခဲ့ကာ လက်မှတ်အားလုံးနီးပါးရောင်းရကြောင်း သိရသည်။
“ဈေးကြီးတယ်လို့ ပြောလို့ရတယ်။ လင်းကင်းပတ်ခ်တို့လို ကမ္ဘာကျော်ဂီတဖျော်ဖြေပွဲတွေတောင် အဲဒီ လောက် ပဲပေးရတယ်။ ဒါပေမယ့်လည်း အိုင်စီပရိသတ်ကတော့ မြင်တဲ့ အတိုင်း အားပေးတာပဲ”ဟု ပွဲစီစဉ်သူများနှင့် နီးစပ် သူ တဦးကပြောသည်။
ပွဲပထမပိုင်းတွင် အမ်ပလပ်ရှိုးပုံစံဖြင့်ဖျော်ဖြေရာ အဆိုတော် တယောက်လျှင် သီချင်း ၄ ပုဒ်စီ သီဆိုသွားပြီး ဒုတိယ ပိုင်းမစမီ ကံစမ်းမဲဖောက်ပေးခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ရော့ခ် တေးဂီတ အစီအစဉ်တွင် ချစ်စမ်းမောင်၏ လိဒ် ဂစ်တာ ဆိုလိုနှင့်အတူ တယောက် တပုဒ်စီ သီဆို ဖျော်ဖြေသွားခဲ့သည်။ စင်ကာပူရှိ အိုင်စီပရိသတ်မှာ အဆိုတော်တိုင်း၏ သီချင်းတိုင်းကို လိုက်လံ သီဆို အားပေးသည်ကို တွေ့ရသည်။
အဆုံးသတ်အဖြစ် လေးဖြူ၊ အငဲ နှင့် မျိုးကြီး သုံးဦးသီဆိုနေကျ ဒီဇင်ဘာ သီချင်းကို အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့ သီဆိုသည်။
“၀ိုင်ဝိုင်းအသံနဲ့က အဲဒီသီချင်းနဲ့ မလိုက်ဘူး။ မျိုးကြီးနဲ့ အငဲ ၂ ယောက်တည်း ဆိုရင်တောင် ကောင်းဦးမယ်” ဟု ပရိသတ် တဦးကပြောသည်။
အိုင်စီပရိသတ်မှာ ယခင်နှစ်များက စင်ကာပူတွင်လာရောက်ဖျော်ဖြေစဉ်ကထက်ပင် ပိုများလာပြီး နောက်နှစ်တွင် လည်း အိုင်စီက စင်ကာပူသို့ လာရောက်ဖျော်ဖြေဦးမည် ဖြစ်ကြောင်း အိုင်စီအဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။
“ကျနော့်အတွေ့အကြုံအရ ဆိုရင် ပရိသတ်က မြန်မာပြည်မှာလုပ်တဲ့ ရှိုးတွေထက်တော့ အများကြီး စည်းကမ်း ရှိပါတယ်။ ဒါပေမယ့် ခုံတွေရိုက်ချိုးတာ တွေတွေ့ရတယ်။ အဲဒါမျိုးတွေ မရှိရင်တော့ ပိုကောင်းမယ်”ဟု ပရိသတ် တဦးက သုံးသပ်သည်။
လက်ရှိစင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသူ၊ ကျောင်းတက်နေသူ၊် အခြေချ နေထိုင်သူ မြန်မာနိုင်ငံသား ဦးရေ မှာ ၅ သိန်း ကျော် ရှိနေပြီ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment