ဧရာဝတီ | ဒီဇင်ဘာ ၂၆၊ ၂၀၀၈
ထိုင်းနိုင်ငံ မြောက်ပိုင်း ဖန်င ဒေသရှိ ငါးဖမ်း လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရသော ရာနှင့်ချီသည့် မြန်မာ နိုင်ငံသား အလုပ်သမား များသည် ယခုအချိန် အထိ ယင်း ဆူနာမီ ရေလှိုင်း ထပ်မံ ဖြစ်ပေါ်လာမည်ကို ကြောက်လန့် နေကြဆဲ ဖြစ်ကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့များနှင့် အလုပ် သမားများက ပြောသည်။
အဆိုပါ မြန်မာ အလုပ်သမားများသည် ယခုအချိန်အထိ ဆူနာမီ ရေလှိုင်း ထပ်မံ ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေ ကြပြီး ၎င်းထံသို့ အကူအညီ တောင်းခံမှုများပင် ရှိသည်ဟု ဖန်င ဒေသ အခြေစိုက် အခြေခံ လူ့အခွင့် အရေးနှင့် ပညာပေးရေး ကော်မတီ (GHRE) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“သူတို့ အခုအချိန် အထိ ဆူနာမီ ထပ်ဖြစ်မှာကို ကြောက်နေ ကြတုန်းပဲ၊ တခါတုန်းက ကျနော့်ကို ည ၂ နာရီ လောက်မှာ လူတယောက် ဖုန်းဆက်ပြီး အကူအညီ တောင်းဖူးတယ်၊ အဲဒီတုန်းက သူနဲ့ သူ့အဖော်တွေ တောင်ကုန်း တွေပေါ်က ရာဘာ တောတွေ ရှိတဲ့နေရာကို ထွက်ပြေးကြတယ်”ဟု ၎င်းက ပြောပြသည်။
ဖူးခက်ဒေသမှ ထိုင်း အာဏာပိုင်များက လေလှိုင်းမှ တဆင့် ဆူနာမီ သတိပေးမှုများ ပြုလုပ်သော်လည်း မြန်မာ ဘာသာ စကားဖြင့် မဟုတ်သောကြောင့် တချို့ မြန်မာ အလုပ်သမားက နားမလည် ကြကြောင်း၊ နားလည်သူ များသာ လွတ်ရာသို့ ရှောင်ပြေးကြရ ကြောင်းလည်း ၎င်းက ဆိုသည်။
GHRE ဒု ဒါရိုက်တာ မပိုပို ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဖန်ငဒေသနှင့် ၃ ကီလိုမီိတာ ခန့်ကွာ ဝေးသော ဘန်မန်ခန်း ရွာရှိ ရာနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အကူအညီ ပေးခဲ့ရကြောင်း၊ ၎င်းတို့သည် ဆူနာမီ ရေလှိုင်း ထပ်မံ ဖြစ်ပေါ်မည်ကို ကြောက်ရွံ့၍ တောင်ကုန်းများပေါ်သို့ ရှောင်ပြေး ကြခြင်းဖြစ်ကြောင်း ပြောပြသည်။
“အခု ၄ နှစ်ရှိလာချိန်မှာ သူတို့တွေ ပုံမှန်ဖြစ်နေကြပါပြီ၊ အလုပ် တွေလည်း လုပ်နေကြပါတယ်၊ ဒါပေမယ့် သူတို့ အားလုံး ကြုံခဲ့ရတဲ့ ဆူနာမီ အကြောင်းကို ပြန်မပြောချင်ကြပါဘူး၊ တချို့ဆို အခုအချိန်အထိ အဲဒီအကြောင်း ပြောရင် ငိုကြတယ်”ဟု မပိုပို က ပြောဆိုသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သွားရောက် စာသင်ကြား ပေးရသည့် နေရာတခုတွင် ၎င်းက ဆူနာမီ အကြောင်း ပြောဆိုမိရာ အမျိုးသမီးတဦး ငိုသည်ကို ကြုံတွေ့ ခဲ့ရကြောင်းနှင့် ဆူနာမီ ရေလှိုင်းအတွင်း ထိုအမျိုးသမီး၏ ကလေးငယ် နှင့် ခင်ပွန်းဖြစ်သူ ပျောက်ဆုံး ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း မပိုပိုက ပြောပြသည်။
ဆူနာမီ ရေလှိုင်း ဒဏ်မှ လွတ်မြောက် လာခဲ့သော အသက် ၃၀ ခန့်ရှိ အချိုင်း ဆိုသူကလည်း “အဲဒီတုန်းက ကျနော်က ဆောက်လုပ်ရေး အလုပ်မှာ လုပ်နေတယ်၊ ရုတ်တရက် ဧရာမလှိုင်းလုံးတွေ တက်လာတာ ကျနော် မြင်လိုက်ရတယ်၊ အဲဒါနဲ့ကျနော် တိုက်ခန်းတွေရှိတဲ့ ကုန်းဘက်ကို တက်ပြေးတယ်၊ ကျနော် ထင်တယ်၊ ၂ စက္ကန့်လောက် နောက်ကျရင် ကျနော် လွတ်မှာ မဟုတ်ဘူး၊ ကျနော့် သူငယ်ချင်း ၁၀ ယောက် လောက်တော့ အဲဒီ လှိုင်းလုံးကြီး တွေကြားမှာ ပျောက်သွားတယ်”ဟု ပြောသည်။
အချိုင်းသည် ဆူနာမီ ရေလှိုင်း ဒဏ်ခံခဲ့ရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တဦးဖြစ်ပြီး တရက် ၂၀၃ ဘတ်ခန့်ဖြင့် ဖန်င ဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု၌ လုပ်ကိုင်နေသူ ဖြစ်သည်။
မွန်ပြည်နယ် မုဒုံမြို့မှ ဖန်ငတွင် လာရောက် လုပ်ကိုင်နေသော လရီမာန် ကလည်း ဆူနာမီ ရေလှိုင်းဒဏ်ခံ မြန်မာ ဒုက္ခသည်များမှာ ထိုင်းအာဏာပိုင်များ၏ ကူညီထောက်ပံ့မှုများကို မရရှိကြောင်း ပြောပြသည်။
“ထိုင်း လူမျိုးကိုပဲ အကူအညီပေးတယ်၊ ငွေကြေးတို့ နေစရာ အိမ်အသစ် ဆောက်ပေးတာတို့ လုပ်ပေးတယ်၊ တချို့ဆို ဆူနာမီ မဖြစ်ခင်က ထက်တောင် ပိုအဆင်ပြေသွားတယ်”ဟု ၎င်းက ပြောဆိုသည်။
အလားတူ ထိုင်းနိုင်ငံရှိ ဆူနာမီ ရေလှိုင်းဒဏ်ခံ မြန်မာနိုင်ငံ သားများကို မြန်မာ စစ်အစိုးရကလည်း အကူအညီ ပေးခြင်း မရှိခဲ့ပေ။
အဆိုပါ ဖန်င ဒေသ၌ ဆောက်လုပ်ရေး လုပ်ငန်း၊ ငါးဖမ်း လုပ်ငန်းနှင့် ရာဘာ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် လက်ရှိ မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၁၀၀၀၀ ခန့်ရှိကြောင်း GHRE ၏ ပြောဆိုချက်အရ သိရသည်။
နှစ်ပေါင်း ၄၀ အတွင်း အကြီးမားဆုံး ဖြစ်သော ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယင်းဆူနာမီ ရေလှိုင်း သဘာဝ ကပ်ဘေးသည် လူပေါင်း ၂၈၀၀၀၀ ခန့်ကို ပျောက်ဆုံး ပျက်စီးစေခဲ့သည်။
ထိုင်း အာဏာပိုင်များ၏ တရားဝင် စာရင်းထုတ်ပြန်ချက်အရ ဆူနာမီ ရေလှိုင်း ဒဏ်ကြောင့် လူပေါင်း ၈၂၁၂ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း၊ အတိအကျ စစ်ဆေး ဖော်မပြနိုင်သော လူသေ အလောင်း ၃၈၈ လောင်း ရရှိကြောင်းနှင့် ယင်း အလောင်းများသည် မြန်မာနိုင်ငံသားများ ဖြစ်နိုင်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment