ဇာနည်ဝင်း | ဒီဇင်ဘာ ၁၈၊ ၂၀၀၈
အပြောနှင့် အလုပ် မညီသည့် စစ်အစိုးရကို စိတ်ပျက် မိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယမန်နေ့က ၂၀၀၈ နှစ်ကုန်ပိုင်း အတွက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
“ဒီမိုကရေစီ အရေးအတွက် ဆွေးနွေးပွဲတွေ လုပ်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ် ဆိုပြီး ကတိပြု ထားပေမယ့် မြန်မာအစိုးရက တကယ်မလုပ်တဲ့ အတွက် ကျနော် စိတ်ပျက်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် ယခုလ အတွင်း နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ခဲ့သေးသည်။ သို့သော်လည်း အဆောတလျင် သွားရောက်မည့် အစီအစဉ် မရှိတော့ကြောင်း၊ ၎င်း၏ အထူးကိုယ်စားလှယ် ကိုလည်း လွှတ်မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ၂ ရက်အကြာတွင် “စစ်အစိုးရကို စိတ်ပျက်ပါတယ်”ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စစ်အစိုးရကို စိတ်ပျက်ပါတယ်လို့ နယူးယောက်ကနေ ထိုင်ပြောနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု မြန်မာပြည် အရေး လှုပ်ရှားနေသော US Campaign for Burma အဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင်က မှတ်ချက် ချသည်။
“မြန်မာပြည် ဒီမိုကရေစီရေး အတွက် ကူညီဆောင်ရွက်ဖို့ မစ္စတာ ဘန်ကီမွန်းမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပေးတဲ့ လုပ်ပိုင်ခွင့် ရထားပြီးပြီ။ သူ မဆောင်ရွက်နိုင်ဘူး ဆိုရင်လည်း မြန်မာပြည်အရေးကို အချိန် သိပ်မနှောင်းသေးခင် ၀င်ပြီးဖြေရှင်းဖို့ အထွေထွေ ညီလာခံကို သူ တင်ပြသင့်တယ်” ဟု ဆိုသည်။
ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က “နိုင်ငံတကာ အသိုင်းအ၀န်းက တစုံတရာ ထိထိ ရောက်ရောက် လုပ်လာနိုင်တယ်လို့ ယူဆရတယ်။ တရုတ်၊ ရုရှလို နိုင်ငံကြီးတွေ ဘယ်လောက်အထိ ဆောင်ရွက်ချင်သလဲ ဆိုတဲ့ စိတ်ဆန္ဒ အပေါ်မှာလည်း အများကြီး မူတည်တယ်။” ဟု သုံးသပ်သည်။
“ပြည်တွင်းအင်အားစုက ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်မှ နိုင်ငံတကာရဲ့ တုန့်ပြန်မှုက ပိုပြီးထိရောက်မယ်” ဟု ကိုအောင်မိုးဇော်က ပြောသည်။
ဒီဇင်ဘာ ၃ ရက်နေ့က ကမ္ဘာ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်း ၁၀၀ ကျော်က မစ္စတာ ဘန်ကီမွန်းအား ယခု နှစ်ကုန်ပိုင်း အတွင်း မြန်မာပြည်သို့ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးရန် စာရေး၍ တောင်းဆိုခဲ့သေးသည်။
နောက် ၂ ရက်အကြာတွင် မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာ၏ မြန်မာပြည်စစ်အစိုးရအပေါ် အမျက် ဒေါသထွက်မှု ပိုမိုတိုးပွားလာနေသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာစစ်အစိုးရကို ဖိအားပေး ဝေဖန်သည့် မစ္စတာ ဘန်ကီမွန်းသည် ပြီးခဲ့သည့် မေလက နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကိုသာ ဆွေးနွေးခဲ့ပြီး မြန်မာပြည်ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိဟု ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment