မြန်မာပြည် ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီးက မြန်မာ စစ်အစိုးရကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီနှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း ဧရာဝတီက ရရှိသည့် အစည်းအဝေး မှတ်တမ်းတခုအရ သိရသည်။
အဆိုပါ မှတ်တမ်းတွင် ရုရှားသံအမတ်ကြီး Mikhail Mgeladze နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့၏ ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မိနစ် ၂၀ ကြာ ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ကုလသမဂ္ဂအရာရှိ “မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုပါက ရုရှနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှထောက်ခံ ပြောကြားရာတွင် ပိုမို၍ ကောင်းမွန်မည်၊ ရုရှနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည်” ဟု သံအမတ်ကြီးက ပြောဆိုကြောင်း အဆိုပါ လျှို့ဝှက်အဆင့် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
မစ္စတာဂန်ဘာရီ ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ လာရောက်ခွင့်ရမည် ဆိုပါက စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာမှစောင့်ကြည့်လေ့လာခွင့် ရရှိရေး တို့ကို ပြောကြားလိုသည်ဟု သိရကြောင်း သံအမတ်ကြီး ၏ ရှင်းပြချက်ကို မှတ်တမ်းတွင် တွေ့ရသည်။
ကုလသမဂ္ဂ၏ တောင်းဆိုချက်များသည် မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စများသာဖြစ်သောကြောင့် “လိုက်နာရန် တိုက်တွန်းမှု မပြုလိုကြောင်း၊ မြန်မာအစိုးရဘက်မှ ဆုံးဖြတ်မှုပြုရန် ဖြစ်ပါကြောင်း” ၊ မစ္စတာဂမ်ဘာရီအား “တွေ့ဆုံခြင်းက မတွေ့ဆုံခြင်းထက်ပိုမိုကောင်းမွန်မည်ဟု ထင်မြင် ယူဆမိပါကြောင်း” ဟုလည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
ဦးဉာဏ်ဝင်းက မစ္စတာဂန်ဘာရီ မြန်မာပြည်လာရောက်ရေးအတွက် ၀န်ကြီးချုပ်ထံ ဆက်လက်တင်ပြပေးမည်ဟု ပြန်လည် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဒီဇင်ဘာလအတွင်း မစ္စတာဂန်ဘာရီ မြန်မာပြည်သွားရောက်နိုင်ဦးမည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
မြန်မာနှင့်ရုရှားနှစ်နိုင်ငံ၏ သံတမန် ဆက်သွယ်ရေးသည် နှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်သည်။ ရုရှားခေါင်းဆောင် ခရူးရှက်သည် မြန်မာနိုင်ငံသို့ ၁၉၅၅၊ ၁၉၆၀ တို့တွင် လာရောက် လည်ပတ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာစစ်အစိုးရခေါင်းဆောင်တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရုရှားသို့ သွားရောက်လည်ပတ်ခဲ့သည်။
ယခုအခါ စစ်အရာရှိအများစုပါဝင်သော မြန်မာကျောင်းသား ၁၅၀၀ ခန့် ရုရှားတွင် ပညာသင်ယူလျက်ရှိသည်။
မြန်မာကျောင်းသား ၅၀၀ ခန့်သည် ရုရှားမှ ဘွဲ့များ ရရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရုရှားသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာစစ်အစိုးရသည် ရုရှားနိုင်ငံမှ MiG 29 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ၀ယ်ယူခဲ့သည်။ ရုရှား၏အကူအညီဖြင့် ၁၀ မီဂါဝပ်အင်အားရှိ အဏုမြူဓာတ်ပေါင်းဖို တလုံး မြန်မာပြည်တွင် တည်ဆောက်ရန် ယမန်နှစ်က နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
No comments:
Post a Comment