ကြည်ဝေ | ဒီဇင်ဘာ ၁၊ ၂၀၀၈
တလကျော် ကြာအောင် ဖျားနေပြီး ချောင်း တဟွတ်ဟွတ် ဆိုးလျက် ရှိသော၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အရေပြား ရောင်ရမ်းနာ များဖြင့် ပြည့်နေသော အသက် ၃၂ နှစ်အရွယ် ကိုမောင်အေးကို ဒေးဒရဲဆေးရုံကြီးမှ သူနာပြုဆရာမလေးက သွေးစစ်ကြည့်ရန်အတွက် ရန်ကုန်မြို့သို့ စေလွှတ်လိုက်သည်။
ကိုမောင်အေးသည် ထဘီအနီဝတ် သူနာပြုဆရာမတဦး၏ နှစ်သိမ့်ဆွေးနွေးမှုကို ခေါင်းတွင်တွင် ငုံ့ထားရင်း နားထောင်လျှက်ရှိသည်။ သူသည် အေအိုင်ဒီအက်စ်နှင့် အိတ်ခ်ျအိုင်ဗီ ဆိုသည်ကို လွန်ခဲ့သော ၅ နှစ်ခန့်က ကြားဖူးခဲ့သော်လည်း ဘာရောဂါမှန်း၊ ဘာကြောင့် ဖြစ်မှန်း မသိခဲ့ချေ။
ကုန်စိမ်း ကုန်သည်တယောက်ဖြစ်သော သူသည် အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် တခါတရံ လိင်အပျော်အပါးလိုက်စားခြင်းများ ရှိခဲ့သည်။ သို့သော် ထိုသို့ လိင်အပျော်အပါးလိုက်စားရာတွင် ကွန်ဒုံ သုံးစွဲဖူးခြင်းမရှိခဲ့ဟု သူက ပြောဆိုသည်။
“ဆေးဆိုင်တွေမှာ ပုံတွေကပ်ထားတာတော့ မြင်ဖူးတယ်၊ ဒါပေမဲ့ ဘယ်လိုသုံးရမယ်၊ ဘယ်နေရာမှာ သုံးရမယ်ဆိုတာ မသိဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ရွာကိုလည်း ဘယ်သူကမှ လာပြီး ဟောပြောပညာပေးတာလည်း မရှိဘူး” ဟု ဖျာပုံမြို့နယ် ဒေးဒရဲ မြို့သား ကိုမောင်အေးက ပြောဆိုသည်။
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တွင်းရှိ ကျုံဒတ်ကျေးရွာကဲ့သို့ပင် ရန်ကုန်တိုင်း တွံတေးမြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင်လည်း ယနေ့ အချိန်ထိ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ လာရောက် ပညာပေး ဟောပြောခြင်းမရှိခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ကာလသား ခေါင်းဆောင်တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ နယ်ဒေသအချို့တွင် အိတ်ခ်ျအိုင်ဗီဆိုသည်ကို ကြားဖူးရုံသာ ကြားဖူးပြီး မည်သည့်အတွက်ကြောင့် ဖြစ်ရသည်၊ ဘယ်အခြေအနေမှ ကူးစက်သည်ကိုပင် မသိသော၊ မကြားဘူးသော နယ်သားများ အများအပြားရှိနေသေးသည့်အတွက် အန္တရာယ်ရှိသော အနေအထားဖြစ်နေကြောင်း နယ်လှည့် ဆေးကုအဖွဲ့တခုမှ သူနာပြုဆရာမ နော်ဆယ်ဝါးက ပြောပြသည်။
“ဝေးလံတဲ့နယ်တွေ မပြောနဲ့ ရန်ကုန်တိုင်းထဲက ကော့မှူး၊ တွံတေးတို့ ကွမ်းခြံကုန်းတို့လို နေ့ချင်းပြန် ခရီးသွားလို့ ရနေတဲ့ နေရာတွေမှာတောင် ကျန်းမာရေးအသိ အထူးသဖြင့် အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်ပြီး ဗဟုသုတ တော်တော်နည်းနေတာ တွေ့ရတယ်။ ဒီထက် ပိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဒေသက လူတွေဆိုရင်တော့ ပိုဆိုးမယ်” ဟု သူကဆိုသည်။
ဆရာမ နော်ဆယ်ဝါးသည် နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဒေသများသို့ မေလ ၁၀ ရက်နေ့မှစပြီး လိုက်လံဆေးကုသပေးခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်ဒေသများနှင့် ဧရာဝတီတိုင်းမှ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ပြင်စလူ စသည့်ဒေသများသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုဒေသများအတွင်း နေထိုင်ကြသူများမှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက် သော ဗဟုသုတ နည်းပါးကြပြီး ပိုးကူးစက်ခံရကာ ပုန်းအောင်းနေသော ဝေဒနာရှင်များ ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
ထိုသူများကို ရန်ကုန်ရှိ အဖွဲ့အစည်းများထံသို့ စေလွှတ်ရာတွင် ခရီးစရိတ်၊ နေစရာ၊ စားစရိတ် စသည့် အခက်အခဲများကြောင့် လူနာအများစုမှာ မသွားဘဲ နေကြကြောင်း အဆိုပါ သူနာပြုဆရာမက ပြောသည်။
မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများ ကို လုပ်ဆောင်ရာတွင်လည်း နယ်ဒေသများထိ နှံ့နှံ့စပ်စပ် ၀င်ရောက်လုပ်ဆောင်နိုင်မှု အပိုင်းမှာ လည်း အားနည်းလျှက်ရှိပြီး ကုသရေးပိုင်းတွင်လည်း ရန်ပုံငွေအခက်အခဲနှင့် ဆေးဝါးရရှိရေး အခက်အခဲများကြုံတွေ့နေရသောကြောင့် သေဆုံးမှုများ ရှိနေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဆရာဝန်တဦးက ရှင်းပြသည်။
အန်ဂျီအိုများအနေနှင့် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမည်ဆိုလျှင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်းတို့ အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမည် ဆိုလျှင်လည်း သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် အိုင်အန်ဂျီအို၊ အန်ဂျီအို အများစုတို့မှာ အစိုးရနှင့်သင့်မြတ်စေရေးကိုသာ အဓိက ထားလာကြပြီး ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်ပါ အားနည်းလာကြကြောင်း သူကဆိုသည်။
“ဥပမာ တခုအနေနဲ့ ပြောရရင် အန်အယ်လ်ဒီ လူမှု ထောက်ကူအဖွဲ့က မဖြူဖြူသင်းတို့ လုပ်နေတာတွေကလည်း လူနာတွေအတွက် တထောင့်တနေရာကနေ အားဖြစ်စေတယ်။ ဒါကို အစိုးရက အန်အယ်လ်ဒီက လူတွေ ဖြစ်လို့ မလုပ်ရဘူးဆိုပြီး ဖမ်းတာဆီးတာတွေ၊ ဖြစ်လာတာကလည်း တော်တော့်ကို ဆိုးတယ်။ ဒါမျိုး အမှားတွေ တော်တော်များများကို အစိုးရက ကျူးလွန်ခဲ့တာ” ဟု ၎င်းအဖွဲ့မှ တခြား ဆရာဝန်တဦးက ဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၌ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်သာ အားနည်းလျှက် ရှိသည် မဟုတ်ဘဲ ကုသရေးပိုင်းတွင်လည်း စိန်ခေါ်မှုကြီး ဖြစ်နေပေပြီ။
မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့သော်လည်း ယနေ့ နှစ်ပေါင်း ၂၀ကျော်လာသည့်တိုင် လိုအပ်ချက်များ ရှိနေခြင်းမှာ ရန်ပုံငွေ အခက်အခဲများကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ အမျိုးသားရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
“ကာကွယ်တားဆီးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေက ထိုက်သင့်သလောက်ရှိပေမယ့် အေအာဗီဆေး လိုအပ်နေတဲ့သူတွေအတွက်ကတော့ ရန်ပုံငွေတွေ လိုနေတာ အမှန်ပဲ။ အဲဒါက ကျနော်တို့အတွက် အကြီးစား စိန်ခေါ်မှုကြီးဖြစ်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
လွန်ခဲ့သော နှစ်က မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သော ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၀၀ ခန့်ရှိပြီး ထိုသူများမှာ အေအာဗီဆေး လိုအပ်သူများ ဖြစ်ကာ ဆေးဝါးရရှိမှု ခက်ခဲသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် အေအာဗီဆေး လိုအပ်နေသော ဝေဒနာသည်ပေါင်း ၇၆၀၀၀ ခန့်ရှိပြီး ဆေးရရှိနေသော ဝေဒနာရှင်များမှာ ရရှိရန် လိုအပ်လျက်ရှိသော ဝေဒနာရှင်များ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု MSF ၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် အေအာဗီဆေးကို အများဆုံးပေးလှူနေသော အဖွဲ့အစည်းမှာ MSF ဖြစ်ပြီး ဝေဒနာရှင်ပေါင်း ၁၁၀၀၀ ကို အခမဲ့ပေးလှူကုသလျက်ရှိပြီး ၄၀၀၀ ခန့်ကို ကုလသမဂ္ဂနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အစိုးရထံမှတဆင့် ကူညီ လှူဒါန်းလျက် ရှိကြောင်း သိရသည်။
၂၀၀၆ ခုနှစ်တွင် အေအာဗီ ရရှိသော ဝေဒနာရှင်ပေါင်း ၆၅၇၇ ဦးသာရှိပြီး ယနေ့လက်ရှိ ရရှိသူပေါင်းမှာ ၁၅၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒိအက်စ်နှင့် ပတ်သက်ပြီး အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်းနှင့် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ပါဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်း အိုင်အန်ဂျီအို အဖွဲ့အစည်းတခုမှ ဆရာဝန်ကြီးတဦးက ဝေဖန်သည်။
၎င်းလုပ်ငန်းများကို ၁၉၉၁ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့အစည်း များနှင့် အားတက်သရော လုပ်လာကြသော်လည်း အစိုးရ၏ အကူအညီမရရှိသည့်အပြင် လုပ်ငန်းတွင်း နှောင့်နှေးမှုများဖြစ်စေရန် ကန့်သတ်မှုများရှိလာသောကြောင့် တချို့မှာ လုပ်ငန်းပြကောင်းရုံသာ ဆောင်ရွက်လာကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး ဆေးဝါးကုသမှု ပေးနိုင်သော ဆေးရုံကြီးမှာ ၂ ခုသာရှိပြီး တခုမှာ ကုတင် ၁၀၀ ဆန့် မြောက်ဥက္ကလာပ ဝေဘာဂီ ဆေရုံကြီးနှင့် ကုတင် ၅၀ ဆန့် မင်္ဂလာဒုံ ဆေးရုံကြီးတို့ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ဗိုင်းရစ်ပိုးနှင့်ပတ်သက်ပြီး ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ခဲ့ရပြီး အေအိုင်ဒီအက်စ် ဖြစ်ပွားနေသူကို ၁၉၉၁ ခုနှစ်တွင်စတွေ့ခဲ့ရကြောင်းနှင့် ကာကွယ် တားဆီးရေးလုပ်ငန်းများကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ကြကြောင်း သိရှိ ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment