အောင်သက်ဝိုင်း | ဒီဇင်ဘာ ၁၅၊ ၂၀၀၈
ပြင်ဦးလွင် မြို့နယ်၊ ရတနာပုံ ဆိုင်ဘာ စီးတီးတွင် ကျင်းပသည့် ICT နည်းပညာ ပြပွဲနှင့် ရန်ကုန်တွင် တခါသုံး GSM Prepaid ကတ်များ အထူး ရောင်းအား ကောင်းလျက် ရှိပြီး စတင် ရောင်းချချိန်မှ ယခုချိန်ထိ ၀ယ်ယူလိုသူ တသောင်း ကျော်သွားပြီ ဖြစ်သောကြောင့် တန်းစီစနစ် အသုံးပြု ရောင်းချနေရကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဦးတေဇပိုင် ထူးကုမ္ပဏီ လက်အောက်ရှိ စင်ထရယ် မားကတ်တင်းကုမ္ပဏီတို့ ပူးပေါင်းစီစဉ်ရောင်းချသော ထို တခါသုံး GSM Prepaid ကတ်များကို ရတနာပုံဆိုက်ဘာစီးတီးတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှစတင် ရောင်းချခဲ့ပြီး ရန်ကုန်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ရောင်းချခဲ့သည်။
“ပြပွဲမှာလာဝယ်ကြတာကတော့ မန္တလေးက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မြို့ခံစီးပွားရေးသမားတွေ များတယ်။ GSM ဖုန်း သုံးလို့ရတဲ့ မကွေးနဲ့ မုံရွာဘက်က ဒေသခံတွေလည်း လာဝယ် ကြတယ်။ စရောင်းပြီး နာရီပိုင်းအတွင်း SIM ကတ် တွေအကုန်လုံး ကုန်သွားတယ်။ နောက်ထပ်လာတဲ့ လူတွေ ကို မှတ်ပုံတင် ထပ်ခိုင်းပြီး ကတ်သစ် တွေထုတ်ရောင်းတယ်” ဟု ပြပွဲရောက် မန္တလေးဒေသခံ တက္ကသိုလ် ကျောင်းသား တဦးကပြောသည်။
ရန်ကုန်တွင်လည်း ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနီးရှိ Mr. Fone Telecom Center တွင် တခါသုံး GSM Prepaid ကတ်များကို ရောင်းချနေရာ စိတ်ဝင်စားသူ အလွန် များပြားကြောင်း အဆိုပါဆိုင်မှ ၀န်ထမ်းတဦး ၏ အဆိုအရသိရသည်။
“ဆိုင်က တနေ့ကို ကတ် ၁၀၀ ပဲ ရောင်းပေးနိုင်တယ်။ ပြင်ဦးလွင်က တိုက်ရိုက်မှာပြီး ရောင်းရတာ။ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ စရောင်းတာ။ စရောင်းတဲ့နေ့မှာပဲ ကတ် ၁၀၀ ချက်ချင်း ကုန်သွားတယ်။ နောက်နေ့အတွက် ၀ယ်ချင်တဲ့သူတွေ နာမည်စာရင်းကောက် နှစ်သောင်း စရန်ပေးဆိုပြီး လုပ်ထားရတယ်။ လူပေါင်းရာနဲ့ချီ စာရင်းပေးထားတယ်” ဟု ၎င်းကဆိုသည်။
ဝယ်ယူသူ များပြားလွန်းသည့်အတွက် ရတနာပုံ ဆိုင်ဘာစီးတီးတွင် စတင်ရောင်းချချိန် ဒီဇင်ဘာလ ၁၂ ရက်နေ့က FEC ၂၀ တန် GSM Prepaid SIM Card တခုလျှင် မြန်မာငွေ ၂၃၀၀၀ ကျပ်ဖြင့် ရောင်းချနေရာမှ ၂၇၀၀၀ ကျပ်ထိ ဈေးမြှင့်ရောင်းချလိုက်ပြီး နောက်နေ့တွင် ငွေကျပ် ၃၀၀၀၀ ဖြင့်ရောင်းချခဲ့ကာ ရန်ကုန်မြို့ရှိ ဆိုင်များတွင်မူ FEC ၂၀ တန် ဖုန်းကတ် တခုလျှင် ငွေကျပ် ၃၅၀၀၀ နှုန်းဖြင့် ရောင်းချနေသော်လည်း ၀ယ်ယူမည့်သူ များပြားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
မူလက နိုင်ငံတကာရှိ GSM Card ဖုန်းများကဲ့သို့ ငွေသွင်းသက်တမ်း တိုးနိုင်သော ကျပ်ငွေခြောက်သောင်း (FEC 50) တန် ဖုန်းကတ်များ ထုတ်ရောင်းရန်စီစဉ်ခဲ့သော်လည်း လက်ရှိအနေအထားတွင် ဆက်သွယ်ရေးပိုင်းဆိုင်ရာ နည်းပညာအခက်အခဲများ ပြင်ဆင် နေရခြင်းကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းထားပြီး လာမည့် ၂၀၀၉ ခုနှစ်တွင် ထိုဖုန်းကတ်များ ထုတ်ရောင်းမည်ဖြစ်ကြောင်း စင်ထရယ်မားကတ်တင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
FEC ၁၀ နှင့် ၂၀ တန် တခါသုံး GSM Prepaid ကတ်များကိုမူ အရေအတွက် အကန့်အသတ် မရှိ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး က မန္တလေးမြို့၌ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ သည်။
“အခုလို FEC ၁၀ တန်၊ ၂၀ တန်ဖုန်းကတ်တွေ ထုတ်ရောင်းရတာက အစိုးရရဲ့ ဘတ်ဂျက် လိုငွေ ဖြည့်ချင်လို့ပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသော ထိပ်တန်း အရာရှိကြီးတဦးက ပြောသည်။
ယခုရောင်းချသည့် FEC ၁၀ တန်နှင့် ၂၀ တန် ဖုန်းကတ်များကို အရောင်းဆိုင်များက ၃ လအတွင်းသာ ရောင်းချနိုင်ပြီး ၀ယ်ယူသုံးစွဲသူများ အတွက်မူ FEC ၁၀ တန်ကတ်ကို နှစ်ပတ်အတွင်း ကုန်အောင် သုံးစွဲရမည်ဖြစ်ကာ ၂၀ တန်ကတ်ကို တလအတွင်း ကုန်အောင် သုံးစွဲရမည်ဖြစ်သည်။
ဖုန်းခေါ်ဆိုခများ အနေဖြင့် ပြည်တွင်းဖုန်းခေါ်ဆိုပါက တမိနစ်လျှင် FEC ၀.၃၀ ယူနစ် (၃၆၀ ကျပ် ၀န်းကျင်) အ၀င်လက်ခံပါက တမိနစ်လျှင် FEC ၀.၀၅ ယူနစ် (၆၀ ကျပ် ၀န်းကျင်) ကျသင့်မည် ဖြစ်ပြီး ပြည်ပသို့ ဖုန်းခေါ်ဆိုလျှင် တမိနစ် FEC ၁. ၅ ယူနစ် (၄၈၀ ကျပ် ၀န်းကျင်)
ကျမည်ဖြစ်သည်။
ပြည်တွင်းဖုန်းများ ခေါ်လျှင် ၁၀ တန် ဖုန်းကတ်ဖြင့် မိနစ် ၃၀ ပြောဆိုနိုင်မည်ဖြစ်ပြီး ၂၀ တန်ကတ်ဖြင့် ၆၆ မိနစ် ပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ကျမက FEC ၂၀ တန်ဖုန်းကတ်ဝယ်ထားတယ်။ အ၀င်ပဲလက်ခံမယ်၊ ဒီဖုန်းနဲ့ ဖုန်းမခေါ်ဘူး။ ဒီဖုန်းကိုခေါ်တဲ့ ဖုန်းနံပါတ်ကို မှတ်ပြီး တမိနစ် ၅၀ တန် အများသုံး တယ်လီဖုန်းကနေ ပြန်ခေါ်မယ်။ အ၀င်ခေါ်တာပဲ လက်ခံရင် ၆ နာရီကျော် သုံးလို့ရတယ်ဆိုတော့ ဖုန်းကတ် သက်တမ်း တလပြည့်တဲ့အထိ သုံးလို့ရနိုင်တယ်။ ဒီဖုန်းကတ် သုံးနေတော့ ရန်ကုန်မြို့ထဲမှာ ကျမ ဘယ်နေရာပဲ ရောက်နေရောက်နေ အဆက်အသွယ် လုပ်လို့ရတာပေါ့” ဟု KMD ကွန်ပျူတာ သင်တန်း နည်းပြဆရာမ တဦးက ပြောသည်။
ပြည်တွင်း ဖုန်းအရောင်းအ၀ယ် ဈေးကွက်တွင် အစိုးရထံမှ ၀ယ်ယူသုံးစွဲရသည့် GSM SIM ကတ် တခုတန်ဖိုးမှာ ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေးရှိနေပြီး ဖုန်း ငှားရမ်း သုံးစွဲမည် ဆိုပါက စပေါ်ငွေ ကျပ် ၂ သိန်းပေးရကာ တလလျှင် ငွေ ၅၀၀၀၀ ကျပ်ဖြင့် အနည်းဆုံး ၃ လ ငှားရမ်းသုံးစွဲရသည့်အတွက် အများစုမှာ မသုံးစွဲ နိုင်ကြ ကြောင်းနှင့် တခါသုံး GSM Prepaid SIM Card များ ဈေးကွက်အတွင်း ၀င်ရောက်ခြင်းက အလွန်အသုံးတည့် ကြောင်း ရန်ကုန်မြို့မှ အိမ်ခြံမြေ ပွဲစားတဦးက သုံးသပ်သည်။
တခါသုံး GSM Prepaid SIM Card များသည် ၀၉၄၄၄ ဂဏန်းနံပါတ်နှင့် စတင်ပြီး စုစုပေါင်း ဖုန်းနံပါတ် ဂဏန်းဆယ်လုံးရှိသည်။ တခါသုံး GSM ဖုန်းကတ်များ ပမာဏ အများအပြား ဈေးကွက်အတွင်း ၀င်ရောက်ရန် ရှိသည်ဆိုသော သတင်းများကြောင့် ဖုန်း Handset အရောင်းအ၀ယ်ဈေးကွက် လှုပ်ရှား သက်ဝင်နေပြီး အရောင်းအ၀ယ် ကောင်းနေကြောင်း ယုဇနပလာဇာ ဖုန်းဈေးကွက်မှ သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနစ်က တယ်လီဖုန်းအိပ်ချိန်းရုံး ၂၄၅ ရုံးနှင့် တယ်လီဖုန်း ၆၇၀၀၀ သာ ရှိရာမှ ယခုအခါ ဖုန်းအိပ်ချိန်းရုံး ၉၀၀၊ လိုင်းတယ်လီဖုန်း ၁၁၀၀၀၀၀ နှင့် မိုဘိုင်း တယ်လီဖုန်း ၆၁၀၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး မြို့ကြီးများသာမက ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးရှိ မြို့နယ် ၇၃ မြို့နယ်တွင်ပါ တပ်ဆင် အသုံးပြု နိုင်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တွင် နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment