အေးချမ်းမြေ့ | ဒီဇင်ဘာ ၁၇၊ ၂၀၀၈
မစ္စတာ ဘန်ကီမွန်း အနေနှင့် ဒီဇင်ဘာလ အတွင်း မြန်မာပြည်သို့ ထပ်မံ သွားရောက်ရန် စီစဉ်ထား သော်လည်း ယခုအခါ ၎င်းနှင့် ကုလသမဂ္ဂ၏ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ တို့ ၂ ဦးစလုံး မြန်မာပြည်သို့ အစောတလျှင် သွားရောက်ရန် အစီအစဉ် မရှိတော့ကြောင်း တရားဝင် ပြောကြားလိုက်သည်။
“လောလောဆယ်တော့ သူမြန်မာပြည်ကိုသွားဖို့ အစီအစဉ်မရှိသေးပါဘူး။ ဘယ်တော့ သွားမယ်ဆိုတာလည်း မသိပါဘူး” ဟု မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ မစ်ချယ် မွန်တက်စ်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို မနေ့က ပြောကြားလိုက်သည်။
ဆက်လက်၍ ၎င်းက ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာပြည် သို့ သွားရောက်ခဲ့သော်ငြားလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နှိမ်နင်းနေမှုနှင့် ပတ်သက်၍ လျှော့ချပေးရေးကို တောင်းဆိုရာတွင်အောင်မြင်မှု မရခဲ့ဟု ဆိုသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်သို့ နောက် တကြိမ် သွားမည်ဆိုလျှင် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု သေချာပေါက် မပြောနိုင်သော်လည်း တချို့က သွားသင့်သည်ဟု ယူဆနေကြသည်။
ပြည်တွင်းရှိ စစ်အစိုးရ အတိုက်အခံခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတို့က မစ္စတာဘန်ကီမွန်း၏ လုပ်ဆောင်နိုင်မှုများကို သံသယ ရှိနေပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို ငြင်းဆိုသည့် စစ်အစိုးရအပေါ် ထူးခြားသည့် ပြောင်းလဲမှု ဖြစ်ပေါ်ရန် မစွမ်းဆောင်နိုင်ဟု ယုံကြည်နေကြ သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မစ္စတာဘန်ကီမွန်း အနေနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ဆောင်ရွက်နိုင်မည့်သူမဟုတ်ဟု ပြောကြား သည်။ ဆက်လက်၍ ၎င်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီသည်လည်း မြန်မာပြည်ခရီးစဉ်များကို အကြိမ်များစွာ သွားခဲ့သည့်တိုင် အောင်မြင် တိုးတက်မှုကို မဆောင်ကျဉ်းနိုင်ခဲ့ဟု ဝေဖန်ပြောကြားသည်။
“ဘန်ကီမွန်းရဲ့ ပြီးခဲ့တဲ့ မြန်မာပြည် ခရီးစဉ်တုန်းကလည်း နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှ ဆွေးနွေးခဲ့တဲ့ လက္ခဏာ မတွေ့ခဲ့ရဘူး” ဟု ၎င်းကဆက်ပြောသည်။
မစ္စတာဂန်ဘာရီသည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သော်လည်း နိုင်ငံတကာ မိသားစုများ၏ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများအပေါ် နှိမ်နင်းနေမှု လျှော့ချပေးရေးအတွက် တောင်းဆိုမှုကို လိုက်လျောရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
“မစ္စတာဘန်ကီမွန်းအနေနဲ့ကတော့ အခြေအနေကောင်းကို စောင့်တာ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို သူ အရင်တခေါက် မသွားခင်ကလည်း အကျိုးရှိမယ့် တွေ့ဆုံမှု တစုံတရာ ဖြစ်မှာပါလို့ ပြောခဲ့သေးတာပဲ” ဟု မွန်တက်စ်က ပြောသည်။
မစ္စတာဘန်ကီမွန်းသည် မြန်မာပြည်သို့ ပြီးခဲ့သည့်မေလက ဆိုင်ကလုန်းမုန်တိုင်း တိုတ်ခတ်ခံရပြီးနောက်ပိုင်း သွားရောက်ခဲ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခဲ့ သော်လည်း နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို တလုံးတပါဒမျှ ပြောဆိုခဲ့ခြင်းမရှိပေ။
ရန်ကုန်အခြေစိုက် ဇိုမီးအမျိုးသားကွန်ဂရက်မှ သဘာပတိ ဦးစင်စိန်ထျန်းက မစ္စတာ ဘန်ကီမွန်း အနေနှင့် မြန်မာ စစ်အစိုးရ၏ သဘောတူညီချက်မပါဘဲ အောင်မြင်မှုကို ဆောင် ကျဉ်းနိုင်ရန် မလွယ်ကူဟု ပြောဆိုသည်။
“တကယ်လို့ သူလာမယ်ဆိုရင် အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ထင်တာက ထင်တာပဲ။ စစ်အစိုးရ လုပ်တာက တမျိုးဖြစ်ချင် ဖြစ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးသမားဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း မစ္စတာဘန်ကီမွန်းကို မြန်မာ ပြည်သို့လာ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံကာ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေး သင့်သည် ဟုဆိုသည်။
မြန်မာ့အရေးကျွမ်းကျင်သူ တဦးဖြစ်သည့် ကိုဝင်းမင်းကမူ “ဘန်ကီမွန်းက မြန်မာပြည်ကို ထပ်သွားချင်ပုံ မရဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်နိုင်ငံရေး အခြေအနေက ခုထိ တိုးတက်မှု မှ မရှိတာဘဲ။ ပြီးတော့ သူသွားခဲ့လို့ အောင်မြင်မှု ထပ်မရဘူးဆိုရင် ဂန်ဘာရီလို ပဲ သူ့ကိုဝိုင်းဝေဖန်တာ ခံရမှာ” ဟု ပြောသည်။
မစ္စတာ ဘန်ကီမွန်းသည် ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ နောက်တကြိမ်သွားရောက် ရန် စီစဉ်ထားပြီးဖြစ်သော်လည်း မြန်မာစစ်အစိုးရ အနေနှင့် နိုင်ငံရေးအကျဉ်းသားများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ပြီးနောက်ပိုင်း ၎င်း၏ ခရီးစဉ်ကို ပြန်လည် ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment