အောင်သက်ဝိုင်း | ဒီဇင်ဘာ ၁၈၊ ၂၀၀၈
နာဂစ် ဒေသ အခြေခံ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အစီအစဉ်သည် ကမ္ဘာလှည့် ခရီးသည် များထံမှ ငွေကြေး ကောက်ခံခြင်း အပါအ၀င် အခြားသော တင်းကျပ်သည့် စည်းမျည်း များကြောင့် အောင်မြင်မှုမရှိကြောင်း ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီများထံမှ စုံစမ်း သိရှိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ပြီးခဲ့သည့် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ ဒေသများဖြစ်သော ရန်ကုန်နှင့် ဧရာဝတီတိုင်း ကျေးလက်တောရွာများသို့ တရက်တာ သွားရောက်မည့် ကမ္ဘာလှည့် ခရီးသည်တဦးကို ဒေါ်လာ ၂၀နှုန်း ကောက်ခံရန် သတ်မှတ်ထားကြောင်း ရန်ကုန် ခရီးသွားကုမ္ပဏီကြီးတခုမှ အကြီးတန်း ဧည့်လမ်းညွှန်တဦးက အတည်ပြု ပြောသည်။
“တိုးရစ် (ခရီးသည်) တယောက်ကို တနေ့ ဒေါ်လာ ၂၀ ဆောင်ရတယ်။ သူနေမယ့်ရက်တွေအတိုင်း ကျမတို့ ကုမ္ပဏီက တခါတည်း ၀န်ကြီးဌာနမှာ ကျသင့်ငွေသွင်းပြီး၊ ခရီးသွားခွင့် ခွင့်ပြုချက် တောင်းရတယ်” ဟု နာဂစ်ဒေသသို့ ခရီးသည်အချို့ကို ပို့ဆောင်ပေးခဲ့သည့် ကုမ္ပဏီကြီးတခုမှ အမျိုးသမီးဝန်ထမ်းတဦးက ပြောဆိုသည်။
ငွေကြေး ပေးသွင်းရရုံသာမက သွားရောက်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြရခြင်း၊ နာဂစ်ဒုက္ခသည်များထံ လှူဒါန်းလိုပါက တိုက်ရိုက်လှူဒါန်းခြင်း မပြုဘဲ ဒေသခံ အာဏာပိုင်များ၊ အဖွဲ့အစည်းများထံသို့ အလှူငွေနှင့် ပစ္စည်းများအပ်ရန် ဟူသော အချက်ကို သဘောတူကြောင်း လက်မှတ်ရေးထိုးရခြင်း စသည့် ကန့်သတ်ချက်များ ပါဝင်သည်ဟု သိရသည်။
“တကယ်တမ်း နာဂစ်ဒေသကို သွားမယ့် ခရီးသည်တွေက အဲဒီလို တင်းကျပ် ချုပ်ချယ်တဲ့ စည်းကမ်းချက်တွေကြောင့် မသွားကြတော့ဘူး။ လှူစရာပစ္စည်း ပါလာတဲ့ ခရီးသည်တွေကလည်း ခရီးစဉ် မဖြစ်တော့ဘူး ဆိုတော့ အလှူပစ္စည်းတွေကို တိုးရစ်ဂိုက်(ဧည့်လမ်းညွှန်)တွေနဲ့ ခရီးသွားကုမ္ပဏီတွေ လက်ထဲ
ထည့်ခဲ့ကြတယ်” ဟု ရန်ကုန်မြို့မှ ပြင်သစ်ဘာသာအထူးပြု ဧည့်လမ်းညွှန်တဦးက ဆိုသည်။
ဟိုတယ်/ခရီးဝန်ကြီးဌာနသို့ နာဂစ်ဒေသ ခရီးသွားလုပ်ငန်းအတွက် ငွေကြေးကောက်ခံမှုအကြောင်း ဆက်သွယ် မေးမြန်းရာ အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတဦးက မဟုတ်မှန်ကြောင်း၊ သတင်းမှန်ကန်မှု မရှိကြောင်း ငြင်းဆိုသည်။
သို့သော်လည်း ကုမ္ပဏီများက နာဂစ်ခရီးသွားလုပ်ငန်းကို ရပ်စဲလိုက်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊ ဆာကူရာဟိုတယ်ရှိ Exo Tissimo Travel ကုမ္ပဏီက ပွင့်လင်းရာသီတွင် ပြုလုပ်မည်ဟု ကြေညာခဲ့သော Heart Of the Delta ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်ကို Weekly Eleven ဂျာနယ် (စက်တင်ဘာ ၁၇ ရက်နေ့ထုတ်) တွင် ကြော်ငြာခဲ့ခြင်းဖြစ်သည်။
“နာဂစ်ခရီးသွားအစီအစဉ်ကို ကျမတို့ ကုမ္ပဏီက မလုပ်တော့ပါဘူး” ဟု ထိုကုမ္ပဏီမှ အမျိုးသမီး ၀န်ထမ်းတဦးက ပြောသည်။
အခြားတဖက်တွင်လည်း ခရီးစဉ် ဖျက်သိမ်း၊ ရွှေ့ဆိုင်းရမှုများ ရှိနေသည်။ ဥရောပနှင့် အာရှမှ ကမ္ဘာလှည့် ခရီးသည် အများအပြား၏ အစီအစဉ်များကို ရွှေ့ဆိုင်းကြသည့်အတွက် ပြည်တွင်းသို့ ခရီးသည်ဝင်ရောက်မှု နည်းပါးနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာငွေကြေးအခက်အခဲ၊ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော လေဆိပ်ပိတ်ဆို့မှု စသည်တို့ကြောင့် ဖြစ်ကြောင်း ရန်ကုန်မှ ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီး တခု၏ ပိုင်ရှင်က ပြောဆိုသည်။
“လောလောဆယ်တော့ အလုပ်မဖြစ်သေးဘူး။ လုပ်ငန်း အရမ်းပါးနေတယ်။ ခရီးသည် လာတာက ရှစ်ဆယ် ရာခိုင်နှုန်း လျော့ကျနေတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း ၆၀၀ ကျော်၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၇၀၀ ကျော် ရှိနေပြီ ဖြစ်ရာ အကြီးအကျယ် ကျဆင်းနေသော ခရီးသွားလာရေး လုပ်ငန်းများကို ပြန်လည် မြှင့်တင်ရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင် တိုးတက်ရေး ညှိုနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment