ရန်ကုန်သားတာတေ | အောက်တိုဘာ ၁၅၊ ၂၀၀၈
ရုက္ခစိုး။ ။ မင်းတို့ကလည်းကွာ အစိုးရဆိုတဲ့စကားလုံးပါတာနဲ့ နေရာတကာ ဆန့်ကျင်ရမယ်ဆိုပြီး တထစ်ချ တွက်မထား ကြနဲ့လေကွာ။
ဖိုးရှုပ်။ ။ အဲလိုလဲ မဟုတ်သေးဘူး ဦးရုက္ခစိုးရဲ့၊ ကျနော်ကသတင်းထောက်ပါ ဟိုဘက်ဒီဘက်မျှမျှတတ စဉ်းစားလေ့ ရှိပါတယ်။
ညောင်ပင်အောက်၌ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့ စကားအခြေအတင် ဖြစ်နေကြ၏။ အနားကို ကြွက်စုတ်ရောက်လာသည်ကိုပင် သတိမထားမိကြ။
ကြွက်စုတ်။ ။ ဘာတွေဖြစ်နေကြတာလဲဗျ။ သတင်းထောက်တွေက အစိုးရကို ဆန့်ကျင်ဆန္ဒပြကြမလို့လား။ အဲဒါ ငါတို့ လုပ်ရမယ့်အလုပ်ကွ … အေးအေးဆေးဆေးသတင်းရေးပါကွာ ငါတို့အလုပ်ကိုတော့ ၀င်မလုပါနဲ့။
ရုက္ခစိုး။ ။ အရေးထဲ ဒီကြွက်စုတ်ကြွက်နာကတမျိုး။ တရုတ်နို့မှုန့်ပြဿနာကို ပြောနေတာကွ။ နင့်ဂျီးဒေါ်ကြီးကို ဆန္ဒ ပြရမှာလား။
ဖိုးရှုပ်။ ။ တရုတ်ကလာတဲ့ နို့မှုန့်ကိစ္စပြောနေတာကွ။ နေပါဦး ဦးရုက္ခစိုးဆီသွားဖို့ ချိန်းထားရဲ့သားနဲ့ မင်းက ဘယ်ကို ချော်တောငေါနေတာလဲ။
ကြွက်စုတ်။ ။ အပြောမစောနဲ့ကိုယ့်လူ … ငါက မင်းလို လူကြီး လူကြီးမှန်းမသိတဲ့အထဲမှာမပါဘူး။ ဒီမှာတွေ့လား။
ကြွက်စုတ်က ပြောလည်းပြော ပြလည်းပြဖြင့် လက်တွင်ဆွဲလာသည့် အထုပ်ကြီးတထုပ်ကို ပြလေသည်။
ရုက္ခစိုး။ ။ ဘာတွေလည်းကွ။
ကြွက်စုတ်။ ။ သီတင်းကျွတ်ပြီလေဗျာ … အဲဒါ ကျနော်တို့ ၂ ယောက်က ဦးရုက္ခစိုးကို ကန်တော့ဖို့ ဒီပစ္စည်းတွေ သွားယူ နေလို့ နောက်ကျနေတာဗျ။
ကြွက်စုတ်၏စကားကြောင့် ရုက္ခစိုးကြီးမျက်နှာ ပြုံးပြုံးကြီးဖြစ်သွားပြီး …
ရုက္ခစိုး။ ။ မောင်ကြွက်စုတ်က ဒါမျိုးကျတော့ တယ်တော်ပါလားကွ။ လူလိမ္မာသား ယဉ်ပါးဆိုသလို လူကြီး သူကြီးကို သိပ်သိတတ်တယ်။ ကဲမင့်အထုပ်ကြီး ခဏချပြီး အမောဖြေပါဦးကွာ။ ဟောဟိုမှာ မင်းအတွက်ဖယ်ထားတဲ့ ပက်စီကိုလာ လေးသောက်လိုက်ပါဦး။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း မသိရင်ခက်မယ် … အဲဒီပက်စီကိုလာက ဘုရားဖူးတွေလှူသွားတာမဟုတ်လား။
ဖိုးရှုပ်။ ။ ဘုရားဖူးလှူလှူ၊ ဘုရားလူကြီးလှူလှူ သောက်စရာရှိ သောက်လိုက်ပေါ့ကွာ။ အခုနဆွေးနွေးတဲ့ အကြောင်းအရာ မပြီးသေးဘူး၊ ဆက်ဆွေးနွေးကြစို့။ ပြန်ခါနီးမှ ဦးရုက္ခစိုးကို တနှစ်အတွင်း ပြစ်မှားခဲ့သမျှ ၀န်ချတောင်းပန်းရင် ကန်တော့ ကြတာပေါ့။
ရုက္ခစိုး။ ။ အိမ်း … မင်းတို့ သတင်းထောက်တွေ၊ အက်တိဗစ်တွေလည်း ရွှေဝါရောင်တော်လှန်ရေးပြီးမှ ဘာသာတရား အတော်လေးကိုင်းရှိုင်းလာကြတယ်။ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးလို့ဆိုရမှာပဲ။
ဦးရုက္ခစိုးစကားက ချီးကျူးသလိုလို၊ နှိပ်ကွပ်သလိုလိုဖြင့် ၂ ခွ ဖြစ်နေ၏။ ကြွက်စုတ်က စကားစဖြတ်သည့်အနေနှင့် ဘုရင် မင်းတရားကြီးဟန်ဖြင့် …
ကြွက်စုတ်။ ။ ကဲ ဒါဆိုရင်ဖြင့် တရုတ်နို့မှုန့်အကြောင်း ပြောမယ်ဗျာ။ မောင်မင်းတို့ ဘာတွေငြင်းခုံတယ်ဆိုတာ လျှောက်တင်စေဗျား။
ဖိုးရှုပ်။ ။ ဟေ့ကောင် ဒီမှာ လူကြီးတွေစကားကောင်းပြောနေတာ၊ ဘုရင်အရှူးထချင်ရင် နေပြည်တော်ကိုသွား။
ရုက္ခစိုး။ ။ ဒီလိုကွ။ တရုတ်အဆိပ်သင့်နို့မှုန့်တွေနဲ့ပတ်သက်ပြီး အစောပိုင်းမှာ အစိုးရကလျစ်လျူရှူထားပေမယ့် နောက်ပိုင်းမှာ သတင်းစာကတဆင့် ကြေညာတာတို့၊ နို့မှုန့်တွေကိုလိုက်စစ်ပြီး အဆိပ်သင့်ပါတယ်ဆိုတဲ့ တံဆိပ်တွေကို လိုက်သိမ်းတာတို့လုပ်တယ်လေ။ အဲဒါကို ဒီကောင် ဖိုးရှုပ်က ဒီလောက်နဲ့မရဘူးလို့ ပြောနေလို့ ငြင်းနေကြတာ။
ဖိုးရှုပ်။ ။ ဟုတ်တယ်လေဗျာ … စစ်ဆေးမှုတွေအတွက် ဓာတ်ခွဲခန်းကမရှိ၊ ကျွမ်းကျင်သူကမလုံလောက်၊ ပညာပေးမှု ကလည်းမရှိဆိုတော့ ဒုက္ခရောက်ရင် ကလေးငယ်တွေရောက်ကြမှာ အစိုးရပိုင်းက သား၊ သမီးတွေတော့ ရောက်မှာ မဟုတ်ဘူး။ အခုအချိန်အထိ တချို့ဆိုင်ကြီးတွေမှာ တားမြစ်ထားတဲ့တံဆိပ်တွေ တင်ထားတုန်း။ ဆိုင်တင်မရောင်းတဲ့ စီးပွားရေးသမားကလည်း ဒါတွေကိုဖျက်ဆီးပစ်တာမှမဟုတ်တာ။ အခြေအနေကောင်းရင် ပြန်ရောင်းမယ်ဆိုတဲ့စိတ်ကူးက ရှိပြီးသား။ ဆိုတော့ … အစိုးရအနေနဲ့ စနစ်ကျတဲ့ စမ်းသပ်မှုတွေမလုပ်နိုင်ရင်တောင် ကုန်သည်တွေသိုလှောင်ထားတဲ့ တားမြစ်တံဆိပ်တွေကို သိမ်းဆည်းပြီး ဖျက်ဆီးပစ်ရမှာ။
ကြွက်စုတ်။ ။ သိမ်းတဲ့ကိစ္စကတော့ မလွယ်သေးဘူး။ စမ်းသပ်မှုအပိုင်းကတော့ စနေပါပြီကွ။ တားမြစ်တံဆိပ်ကော၊ မတားမြစ်တံဆိပ်ကော အခုရက်ပိုင်းအတွင်း နို့မှုန့်အားလုံးကို စပြီးစမ်းသပ်နေပြီ။
ရုက္ခစိုး။ ။ တယ်ဟုတ်ပါလား။ ငါပြောတယ်မဟုတ်လား ဖိုးရှုပ်ရ။ မောင်မင်းကြီးသားများကို ဒီဝါကျွတ်မှာ ဆုတောင်းပေး လိုက်မယ် … ကျန်းမာကြပါစေဗျာ။ ဒါနဲ့ အခုအစိုးရက နို့မှုန့်တွေကို ဘယ်လိုမျိုး စစ်ဆေးတာလဲကွ။ နိုင်ငံတကာအကူအညီ တွေကော ယူရသေးလား။
ဖိုးရှုပ်။ ။ ပြောပါဦး ဆရာကြွက်ရေ၊ ဟုတ်တယ်ဆိုလည်း သာဓုခေါ်ရအောင်လို့ပါ။
ကြွက်စုတ်။ ။ ဘယ်တိုင်းတပါးရဲ့အကူအညီမှမလိုပါဘူးခင်ဗျာ၊ ပြည်တွင်းက မျိုးဆက်သစ်လေးတွေရဲ့ စွမ်းအားနဲ့ နို့မှုန့်တွေ အဆိပ်သင့် မသင့် စမ်းသပ်နေတာပါ။
ရုက္ခစိုး။ ။ မျိုးဆက်သစ် … တယ်ဟုတ်ပါလား၊ ပြောမှာဖြင့် မြန်မြန်ပြောတော့လေ …
ကြွက်စုတ်။ ။ လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကစပြီး စူပါမားကက်တွေ၊ စတိုးဆိုင်ကြီးတွေ၊ ဈေးတွေ၊ သိုလှောင်ရုံတွေက နို့မှုန့် တွေကို တပ်မတော်က လိုက်လံသိမ်းဆည်းပြီး ဂျင်မခါနာ (သားဖွားဆေးရုံ) ကိုပို့တယ်ဗျ။ ပြီးတော့မှ တဘူးချင်း၊ တထုပ် ချင်းဖောက်ပြီး မယ်လမင်း ပါ မပါကို မွေးကာစကလေးတွေကို တိုက်ကြည့်တာပေါ့။
ရုက္ခစိုး။ ။ ကြွက်စုတ်၊ ကြွက်နာ … ငါက အကောင်းမှတ်လို့နားထောင်နေတာ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ … အစိုးရဘက်က ရှေ့နေလိုက်ဖို့စဉ်စားမနေနဲ့၊ ရန်ကုန်မှာ နို့မှုန့်မှောင်ခိုဈေးတောင် ပေါ်နေပြီဆိုတာ ကိုယ်ရောင်ဖျောက်ပြီး သွားကြည့်လိုက်ဦး။
ရုက္ခစိုး။ ။ ဘယ်လိုလဲကွ ငါကြားဖူးတာက ဓာတ်ဆီမှောင်ခို၊ လက်မှတ်မှောင်ခိုလောက်ပါ … ဘယ်ကဘယ်လို နို့မှုန့်မှောင်ခိုက ပေါ်လာရတာလဲ။
ကြွက်စုတ်။ ။ နို့မှုန့်တွေကို ဆိုင်ကြီးတွေ၊ ဈေးတွေမှာ ရောင်းခွင့်မရတော့တဲ့အခါကျတော့ လမ်းဘေးမှာ ဈေးပေါပေါနဲ့ ခိုးရောင်းနေကြတယ်လေ။
ဖိုးရှုပ်။ ။ အဲဒီလိုချရောင်းတာနဲ့ လူတွေက ၀ယ်တာပဲလား။
ကြွက်စုတ်။ ။ အဲဒါ အခုနမင်းပြောတဲ့ ပညာပေးကိစ္စလေ။ ဒါတွေဟာ အဆိပ်မှုန့်တွေဆိုတာကို အစိုးရပိုင်းက ကြပ်ကြပ် မတ်မတ်ပညာပေးမှုကလည်းမရှိ၊ ဆင်းရဲသားလူတန်းစားခမျာမှာလည်း အခုလို အလကားနီးနီးဈေးမျိုးနဲ့ရမှ ၀ယ်ယူသုံးစွဲနိုင် တဲ့အခြေအနေဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ လူတွေက သူတို့ကိုသူတို့ တုတ်၊ ဓား၊ သေနတ်တွေ မပီးပေမယ့် မယ်လမင်းနို့မှုန့်တော့ပီးတယ်လို့ နောက်သလိုလို၊ အတည်လိုလိုနဲ့ ပြောနေကြပြီ။
ဖိုးရှုပ်။ ။ မြန်မာပြည်သူတွေဘ၀ကတော့ တွေးလေ ရင်လေးလေပါပဲ။ ဆန္ဒပြတာ၊ စာဝေတာကြတော့ဖမ်းပြီး အခုကိစ္စ မျိုးမှာမျက်နှာလွှဲနေရင် တမျိုးသားလုံး ကိုယ်ကြိုးနည်းကုန်လိမ့်မယ်။
ကြွက်စုတ်။ ။ ကဲကဲ ဆေးလိပ်လည်းတို နေလည်းညိုပြီ ဦးရုက္ခစိုးကို ကန်တော့ကြစို့ … ပြီးရင် အိမ်ပြန်ရဦးမှာ။
ရုက္ခစိုး။ ။ အထုပ်ကြီးက ကြီးလှချည့်လားကွ။ ဘာတွေ့နဲ့ ကန်တော့တာတုန်းကွ။
ကြွက်စုတ်။ ။ ပြည်တွင်းကလာတဲ့မိတ်ဆွေတယောက်ကို ဦးရုက္ခစိုးကို ကန်တော့ဖို့အတွက် တန်ဖိုးမများဘဲ ထူးခြားတာ လေးတွေ ၀ယ်ခဲ့ပါမှာလိုက်လို့ နို့မှုန့်ကလုပ်တဲ့ တရုတ်မုန့်တွေလေဗျာ။ အခုနပြောတဲ့ မှောင်ခိုဈေးက ၀ယ်လာတာ၊ ဒီအထုပ် ကြီးတထုပ်လုံးမှ ငါးရာကျပ်ပဲ ပေးရတယ်။ နတ်တွေက အငွေ့ပဲသုံးဆောင်တာဆိုတော့ ဦးရုက္ခစိုး အဆိပ်မသင့်လောက် ပါဘူး။
ကြွက်စုတ်၏ စကားကြောင့် အကန်တော့ခံရန် အကျအနထိုင်နေသည့် ရုက္ခစိုးကြီးတယောက် နတ်သက်ကြွေသွားသည့် အလား အငွေ့တထောင်းထောင်းထွက်ကာ ကိုယ်ရောင်ဖျောက်သွားလေ၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment