ရန်ကုန်သားတာတေ | အောက်တိုဘာ ၂၂၊ ၂၀၀၈
သတင်းကျွတ်ပြီဖြစ်သော်လည်း ချင်းမိုင်ရာသီဥတုက ခုတမျိုး တော်ကြာတမျိုးဖြစ်နေသောကြောင့် ထီးကိုင်ရ ပျင်းသော ကြွက်စုတ်နှင့် ဖိုးရှုပ်တို့မှာ အခန်းအောင်းပြီး ရှိတာလေးနှင့် လွေးနေရသည်။ အပြင်မထွက်ဘဲ အပျင်းထူနေသော ထိုနှစ်ယောက်နှင့် မတွေ့ရမနေနိုင်သည့် ဦးရုက္ခစိုးကြီးလည်း ရောက်နေ၏။ အိပ်ရာနိုးကတည်းက သွားမတိုက်ဘဲ အင်တာနက်ရှေ့ ရောက်နေသော ကြွက်စုတ်က ကွန်ပျူတာက မျက်နှာမခွာဘဲ ….
ကြွက်စုတ် ။ ။ အင်း မြန်မာပြည်ကြီးကလည်း ငြိမ်ချက်သား ကောင်းလိုက်တာကွာ။ ခုလိုကျတော့လည်း သတင်းက ရှားပြီး ပျင်းစရာတောင် ကောင်းနေပြီ။
ဖိုးရှုပ်။ ။ ဟာ ပြောပုံကိုက မင်းမပျင်းအောင်ဘဲ ဟိုမှာ မုန်တိုင်းပဲထပ်တိုက်ရမလိုလို …။ ပြောလိုက်ရင် အရမ်း အရမ်း ချည်းပဲ။
ဦးရုက္ခစိုး။ ။ အေးအေးနေပါစေဦးကွာ။ သတင်းကျွတ်ကလေး၊ တန်ဆောင်တိုင်လေးတော့ လူတွေ ပျော်ပျော်ပါးပါးလေး နေကြပါစေ။ ပွဲလေးလမ်းလေး လျှောက်၊ စိတ်အေးလက်အေး အနားယူ …။
ကြွက်စုတ်။ ။ စိတ်ကူးယဉ်မနေပါနဲ့ ဦးရုက္ခစိုးကြီးရယ်။ ပျော်ပျော်ပါးပါးနေဖို့ ဘယ်မှာလဲ ပိုက်ဆံ။ တနေ့စာ တနေ့စားဖို့ တောင် အနိုင်နိုင်ဥစ္စာ ..။ ပွဲလမ်းလျှောက်ဖို့ ဘယ်သူက အသက်အာမခံပေးမှာလဲ။ ဟိုနေရာ ပေါက်ကွဲ၊ ဒီနေရာပေါက်ကွဲနဲ့ …။ စိတ်အေးလက်အေး အနားယူဖို့ကတော့ ဖြစ်နိုင်ပါတယ်။ မီးမလာမယ့်အတူတူ လသာသာမှာ ထိုင်ပြီး အတင်းပြော ကြပေါ့။
ဦးရုက္ခစိုး။ ။ ဟာ ကြွက်စုတ်။ ဘယ်လိုဖြစ်တာလဲဟ။ စိတ်အချဉ်ပေါက်နေတာလား။
ကြွက်စုတ်။ ။ စိတ်အချဉ်ပေါက်တာတော့ ပြောမနေနဲ့ဗျို့။ သီတင်းကျွတ်ပြီလေ။ ကျုပ်တို့များတော့ တယောက်လေး ရဖို့တောင် အနိုင်နိုင် …။ သူများတွေများ တပြိုင်တည်း မိန်းမ ၅ ယောက်တောင် ယူသတဲ့ဗျ။
ဖိုးရှုပ်။ ။ ဟာ ဟုတ်လှချည်လားဟ။ အင်းကွာ … မင်းပြောမှပဲ … ကိုယ့်ကိုယ်ကိုယ်တောင် အားငယ်လာပြီ။ လုပ်စမ်းပါဦး … အဲဒီကံထူးသူကြီးက ဘယ်သူလဲ။
ဦးရုက္ခစိုး။ ။ ဘာလို့များ စိတ်ချဉ်ပေါက်နေတယ် မှတ်တယ်။ လတ်စသတ်တော့ သူက မိန်းမ မရလို့ကိုး။ ဘယ်ရမလဲ မင်းတို့က ငါ့ကိုတွေ့ရင် နှိပ်ကွပ်ဖို့ပဲ။ ရုက္ခစိုးကို ပူဇော်ပသမယ်။ လေးလေးစားစား ဆက်ဆံမယ် လို့မှမရှိတာ။
ဖိုးရှုပ်။ ။ မိန်းမလိုချင်လို့ ရုက္ခစိုးကို ပူဇော်ပသရမယ် မကြားဖူးပါဘူးဗျာ။ သားဆုပန်ဖို့ ပသတယ်ပဲ ကြားဖူးပါတယ်။ အဲဒါလည်း ခင်ဗျားတို့က ကလေးအမေလောင်းတွေဆီက ညာစားနေတာပါ။
ကြွက်စုတ်။ ။ အဲဒါပဲဗျ … ။ ခင်ဗျားက ရုက္ခစိုးဖြစ်ပြီး ရုက္ခစိုးလို မနေတော့ ပြောခံရပြီပေါ့။ ကိုယ့်အသက် ကိုယ့် အရွယ်နဲ့ တရားဓမ္မလေး လုပ်သင့်ပြီနော် ဦးရုက္ခစိုးကြီး။ ခင်ဗျားက ခေတ်လည်း မမီတော့ဘူး။ လူငယ်ခြေတက် ရုက္ခစိုးလေးတွေကို နေရာပေးသင့်ပြီ။
ကြုံတုန်းဆိုပြီး ဦးရုက္ခစိုးက သူ့ကိုယ်သူ သိဒ္ဓိတင်လိုက်ရာ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ထုံးစံအတိုင်း ဝင်တွယ်လိုက်ကြသည်။
ဦးရုက္ခစိုး။ ။ ဟာ ဟေ့ကောင်တွေ ငါ့ကိုပဲ အတင်းအဓမ္မနှိပ်ကွပ်နေကြပါလား။ မင်းတို့ တခုခုတော့ တခုခုပဲ။
ဖိုးရှုပ်။ ။ အင်း ၉၀ ကျော်ဆိုတာ အိပ်ရာထဲမှာ အေးအေးဆေးဆေး သူငယ်ပြန်ရမယ့် အချိန်ဗျ။ လူငယ်တွေလို ဟိုဟို ဒီဒီ လျှောက်သွားပြီး အာကျယ်နေရမယ့် အချိန်မဟုတ်ဘူး။
ဦးရုက္ခစိုး။ ။ ဟ ငါ့အသက် ၉၀ ကျော်ပြီလို့ မင်းတို့ကိုဘယ်သူပြောလဲ။ ရုက္ခစိုးမှာ အသက်မရှိဘူးကွ။
ကြွက်စုတ်။ ။ တကယ်ဆို လူငယ် .. အဲ ဟုတ်ပေါင် ရုက္ခစိုးငယ်တွေက ခင်ဗျားတို့လို ဘူတား ရုက္ခစိုးကြီးတွေကို မကျေနပ်လို့ နတ်သဘင် အစည်းအဝေးကနေ အစုလိုက်အပြုံလိုက် နုတ်ထွက်တာ။ ဒါတောင် နားမလည်ဘူးလား။ ဒီကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ဘူတားကြီးတွေထဲက တာဝန်အရှိဆုံးသူက နုတ်ထွက်ပေး ရမှာဗျ။
ဦးရုက္ခစိုး။ ။ ဟာ မင်းတို့ဟာက စောင်းပြောနေသလိုပါပဲလား။ စိစစ်ရေးနဲ့တွေ့မှာစိုးလို့ သွယ်ဝိုက်ပြီးရေးတဲ့ စာရေး ဆရာတွေ ကျနေတာပဲ။ ဟီးဟီး ငါသိပြီ ဟိုပါတီကြီးကို ပြောချင်တာ မဟုတ်လား။ တော်ပါသေးရဲ့ကွာ။ ငါက ငါ့များ ချနေကြလားလို့။
ကြွက်စုတ်။ ။ အဲဒီပါတီကြီးတခုတည်း ပြောနေတာမဟုတ်ဘူးဗျ။ ချိုကျိုး နားရွက်ပဲ့တွေအားလုံးကို ဝါးလုံးရှည်နဲ့ ရမ်းနေတာ။ ခင်ဗျားလည်း တူတူပဲ။ နတ်သမီးလေးတွေ တဘက်လေးငါးရာ ဆိုပြီး စိတ်ကူးယဉ်ဖို့ မစဉ်းစားနဲ့။ အဲဒါ ခု ခင်ဗျားတို့နတ်တွေအတွက် စကား မဟုတ်တော့ဘူးဗျ။
ဦးရုက္ခစိုး။ ။ ဟာ လက်စင်က ခုထိမပြီးသေးဘူးလား။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်။ တော်လိုက်ပါတော့ကွာ။ ခုနက စကားပြတ်သွားလို့ မင်းပြောတဲ့ မိန်းမ ၅ ယောက်ယူ တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းပြောဦး။ ဘယ်မှာနေလဲ။ နည်းနာလေးဘာလေးယူ၊ တပည့်လေး ဘာလေး ခံသင့်ခံ ရအောင် လိပ်စာလေး၊ အီးမေးလ်လေး ပြောဦးကွ။
ကြွက်စုတ်။ ။ အေး အဲဒီအကြောင်း ပြောရင် ငါစိတ်တိုလာပြီနော်။ နည်းနာယူလို့လည်း မရဘူး။ တပည့်ခံလို့လည်း မရဘူး ကိုယ့်လူ။ ဒါမျိုးက ခုခေတ် နတ်ပြည်ကနတ်တွေတောင် သိပ်မလွယ်တော့တဲ့ ကိစ္စကွ။
ဦးရုက္ခစိုး။ ။ ပြောပါဆိုမှ။ ဈေးက ကိုင်နေပြန်ပြီ။
ကြွက်စုတ်။ ။ ဈေးကိုင်လည်း မရ၊ ဈေးမကိုင်လည်း မရပါဘူးဗျာ။ ပြောပါ့မယ်။ အဲဒါ အိုင်အန်ဂျီအိုဆိုတဲ့ အသားနီ စပ်စပ် ပုဂ္ဂိုလ်ကြီးတွေခင်ဗျ။ ကယ်မယ် ကယ်မယ်ဆိုပြီး ဝင်တွယ်တွယ်သွားတာလေ။ ခုတော့ သူတို့က ဗမာမလေးတွေ တဘက်လေးငါးရာပဲ။ အင်း ကျုပ်တို့ကတော့ မကျွေးနိုင်တော့ ဒီတသက် လူပျိုကြီး ဘဝတောင် ကျွတ်ပါ့မလားမသိဘူး။
ဖိုးရှုပ်။ ။ အာ သူတို့နဲ့ဆိုရင်တော့ မယှဉ်ရဲပါဘူးဗျာ။ ကျနော်တို့က သူတို့လို သူဌေးတွေမှ မဟုတ်ဘဲ။ ဘယ်ကောင်မလေးတွေက ကပ်ချင်မလဲ။
ဦးရုက္ခစိုး။ ။ သြော် သူတို့ရဲ့ အစီအရင်ခံစာတွေကို ကြည့်ပါလား။ ကယ်ဆယ်ရေးကို အကျိုးရှိရှိ အသုံးချပါတဲ့။ သူတို့က တကယ့်ကို လက်တွေ့ အကျိုးရှိရှိ အသုံးချပြတာလေကွာ။ ဒုက္ခသည်တွေ အကျိုးရှိ မရှိတော့ မသိဘူး။ သူတို့ကတော့ အမှန်အကန် အကျိုးရှိတာပဲ မဟုတ်လား။
ကြွက်စုတ်။ ။ အင်း ပိုက်ဆံကလည်း မရှိ၊ ရာထူးကလည်း မရှိနဲ့ တခါတခါ ယောက်ျားဖြစ်ရတာတောင် အားငယ်လာပြီ။
ဖိုးရှုပ်။ ။ ဟာ ဟေ့ကောင် ကြွက်စုတ် ဘုန်းကညာတပါး လုံးရာကပြားမလို့လားကွ။ ဒုက္ခပဲ ဦးရုက္ခစိုးရေ ကျနော် အခန်းပြောင်းရ ကောင်းမလားမသိဘူး။
ကြွက်စုတ်။ ။ အားငယ်တယ်ပြောတာပါကွ။ မင်းပဲစဉ်းစားကြည့်လေ …. ခု မိန်းမခေါင်းဆောင်တွေ ခေတ်စား နေတာ မတွေ့ဘူးလား။ မနေ့တနေ့ကပဲ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူးတာဝန်ကို နော်စီဖိုးရာစိန် ရသွားပြီကွ။ ဂျွန်မက်ကိန်းရဲ့ ဒုသမ္မတလည်း မိန်းမပဲ။ ကဲ မ တွေခေတ်စားလာချိန်မှာ ငါတို့ အားမငယ်သင့်ဘူး လား …. လို့။
ဦးရုက္ခစိုး။ ။ အေး ကြွက်စုတ် ပြောမှသတိရတယ်။ ခု လာမယ့် နတ်နှစ်အတွက် နတ်ပြည်က အထွေထွေ အတွင်းရေးမှူး ချုပ်ရာထူးကို သုဇာတာတို့ သုမာလာတို့များ ဝင်အရွေးခံမလား မသိဘူး။ စောစောစီးစီး အင်တာဗျူးလေးလုပ်ပြီး ငါ့ဘလော့ မှာ တင်ထားလိုက်ဦးမယ်။ သတင်းထူး သတင်းဦးပေါ့ကွာ။ လစ်ပြီဟေ့။
ပြောပြောဆိုဆို လက်ညှိုးမထောင်ဘဲ ဦးရုက္ခစိုးကြီးက ကိုယ်ရောင်ဖျောက်သွားလေရာ ကြွက်စုတ်ကို သင်္ကာမကင်းဖြစ် နေသော ဖိုးရှုပ်တယောက် ပြင်ပရာသီဥတုဒဏ်ကိုပင် မမှုနိုင်တော့ဘဲ မြန်မာထမင်းဆိုင်သို့ အမြန်ဆုံး ချီတက်သွားလေ တော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment