အောင်သက်ဝိုင်း/အေးချမ်းမြေ့ | အောက်တိုဘာ ၂၄၊ ၂၀၀၈
စာရေးဆရာ၊ သတင်းစာဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို မနေ့က ကျင်းပခဲ့ရာ ဆရာဒဂုန်တာရာ၊ ဆရာဦးဝင်းတင်၊ ဆရာပါရဂူ စသည့် အများလေးစားသည့် ပုဂ္ဂိုလ်ကြီးများနှင့် စာနယ်ဇင်း အသိုင်းအ၀န်း၊ နိုင်ငံရေး သိုင်းအ၀န်းတို့မှ လူ ၁၀၀ ကျော်တက်ရောက်ခဲ့သည်။
“ယုံကြည်ချက်အတွက် အဆင်းရဲ အပင်ပန်းခံတာချင်း တူလို့ ဆရာကြီး ဗန်းမော်တင်အောင်ကို မြန်မာပြည်ရဲ့ ဂျက်လန်ဒန်လို့ တင်စားပြောကြတာပါ” ဟု ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက် ရေးတွင် ပါဝင်ခဲ့သူ ကိုထွန်းဝင်းငြိမ်းက ဧရာဝတီသို့ ပြောသည်။
ကိုထွန်းဝင်းငြိမ်းက ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ပါဝင်ခွင့်ရ သည့်အတွက် ကြည်နူးဂုဏ်ယူ သည်ဟု ဆိုသည်။
“ဆရာကြီးရဲ့ ဝတ္ထုတွေက အဲဒီကာလရဲ့ နောက်ခံ အဖြစ်အပျက်တွေကို ပြောပြတယ်။ တနည်းအားဖြင့် လူမှုဝေဒနာတွေကို ဖြေရှင်းပေးထားတယ်။ သူ့ဝတ္ထုတွေ ဖတ်ပြီး လူ့အဖွဲ့ အစည်းကို မြင်တတ်တဲ့ ဝေဖန်တတ်တဲ့ အသိတွေ ရခဲ့ပါတယ်” ဟု သူက ဆက်ပြောပြသည်။
စာရေးဆရာ ဗန်းမော်တင်အောင်သည် စီးပွားရေးသမား အနေနှင့် ချမ်းချမ်းသာသာ နေနိုင်ခဲ့သော်လည်း ပြည်သူကောင်းစားရေးအတွက် သူယုံကြည်သည့်စာပေနှင့် အကောင်အထည် ဖော်ခဲ့သူ ဖြစ်သည်ဟု ကိုထွန်းဝင်းငြိမ်းက ဆိုသည်။
“သူက ခေတ်ကာလကို ဝေဖန်ခဲ့လို့ ထောင်ထဲကို ဝင်လိုက်ထွက်လိုက် လုပ်ခဲ့ရတယ်။ အပင်ပန်း အဆင်းရဲ ခံခဲ့ရတယ်” ဟု သူက ဆက်ပြောသည်။
အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ ၃ လမ်းရှိ ဗန်းမော်တင်အောင်၏ သမီး နေအိမ်တွင် နံနက် ၉ နာရီ ၄၅ ၌ ကျင်းပခဲ့ရာ ခရစ်ယာန် ဝတ်ပြုအစီအစဉ်ဖြင့် အစပြုခဲ့ပြီး နှစ်ချင်းသင်းအုပ်ဆရာ ဦးကျော်ညွန့်က သူနှင့် ထိတွေ့ခင်မင်ခဲ့သော ဗန်းမော်တင်အောင် အကြောင်းကို ပြောပြသည်။
“ဆရာကြီးက တိုင်းပြုပြည်ပြု စာပေတွေ ရေးသားခဲ့တာ။ ပြည်သူလူထုကို စာပေနဲ့ အလုပ် အကျွေးပြုတာဟာ ဘုရားသခင် ရဲ့ အမှုတော်ကို ထမ်းတာပဲ” ဟု သမ္မာကျမ်းစာလာ အချက် အလက်များကို ကိုးကား၍ ဆရာဦးကျော်ညွန့်က ပြောဆိုသည်။
ဆရာ ဒဂုန်တာရာကလည်း ဗန်းမော်တင်အောင် အမှတ်တရအဖြစ် ၎င်း၏ လက်ထောက် အယ်ဒီတာ လုပ်ကိုင်စဉ် အခြေ အနေနှင့် ဗန်းမော်တင်အောင် နာရေး ဖြစ်စဉ်များကို ပြန်လည် ပြောပြကာ လူထုကို ကိုယ်စားပြုခဲ့သည့် စာရေးဆရာ၊ သတင်းစာ ဆရာ တဦးဖြစ်ကြောင်း ပြောကြားသည်။
“ကျနော်ကတော့ ဆရာဦးကျော်ညွန့်ပြောသွားတဲ့ တိုင်းပြုပြည်ပြုစာရေးဆရာ ဆိုတဲ့ အခေါ် အဝေါ်ကို အရမ်းသဘောကျ မိတယ်” ဟု ဆရာဒဂုန်တာရာက ဆိုသည်။
စာရေးဆရာ ဗန်းမော်တင်အောင်၏ သမီး ဖြစ်သူ ဒေါ်တင်သန်းယုကလည်း သူ့အဖေ ကိုယခုအချိန်အထိ မမေ့မလျော့ သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် ယခုပွဲကို အခက်အခဲများကြားမှ ကျင်းပ ရခြင်းဖြစ်ကြောင်း ပြောသည်။
“နိုင်ငံရေး အခြေအနေအရ ရင်တမမ ခေတ်အခြေအနေမှာ လုပ်ဖြစ်သွားတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု သူက ဆို၏။
မိသားစု ကိုယ်စား ဗန်းမော်တင်အောင်၏သား ဦးဗဟိန်းအောင်က ဆရာ ပါရဂူ၏ ရှန်တိနိကေတန် စာကြည့်တိုက်အတွက် အလှူငွေ ကျပ် ၁ သိန်း ပေးအပ်ခဲ့ပြီး နာမကျန်းဖြစ်နေသည့် ကဗျာဆရာ ၆ ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေကလည်း ဗန်းမော်တင်အောင်၏ ဓာတ်ပုံဂရပ်ဖစ် တပုံကို ဒေါ်တင်သန်းယုအား ပေးအပ်သည်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “ဗန်းမော်တင်အောင် ဆိုတာ သာမန် စာဖတ်ပရိသတ်မပြောနဲ့ ဒဂုန်တာရာ လိုစာရေးဆရာကြီးတွေ၊ သတင်းစာဆရာတွေနဲ့ စာပေ အသိုင်းအ၀ိုင်းမှာ အင်မတန် အရှိန်အ၀ါကြီးတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူက မိသားစု ကောင်းစားရေး အတွက် အလုပ်မလုပ်ခဲ့ဘူး။ လူထုအတွက် အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ သူက ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ် အရမ်းတတ်သိနားလည်တယ်ဗျ” ဟု မှတ်ချက်ပြုခဲ့သည်။
အခမ်းအနား တက်ရောက်သူများထဲတွင် ဗန်းမော်တင်အောင်ကို ထိတွေ့ခဲ့ဖူးသူ၊ လူပုဂ္ဂိုလ်အရ၊ စာပေအရ လေးစားသူ အသက် ၄၀ ကျော်အရွယ် များပြားပြီး မျိုးဆက်သစ် လူငယ် စာနယ်ဇင်း သမားများလည်း လာကြသည်ဟု ကိုထွန်းဝင်းငြိမ်းက ပြောပြသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဗန်းမော်တင်အောင်ကိုသိမီဖူးသူ စာရေးဆရာ တဦးက “သူ့တခေတ်မှာ လူထုဘက်က ရပ်တည်ခဲ့တဲ့သူပေါ့ဗျာ။ ကိုယ်ကျိုးစွန့်ခဲ့တယ်၊ လူတိုင်း မလုပ်နိုင်တဲ့ အလုပ်တွေ လုပ်သွားခဲ့တယ်” ဟု ပြောသည်။ ယခုကဲ့ သို့ အခမ်းအနား ကျင်းပရာတွင် ဆရာကြီးများနှင့် ဆုံဆည်းခွင့်ရသဖြင့် ဝမ်းသာစရာ ကောင်းသည်ဟု ဆက်ပြောသည်။
သူက ဗန်းမော်တင်အောင်၏ ဝတ္ထုများထဲတွင် မမကြီး နှင့် မြိုင် တို့ကို အကြိုက်ဆုံးဖြစ်ပြီး သူပုန်ကြီးကဲ့သို့သော နိုင်ငံရေး ရှုထောင့်မှ ရေးထားသည့် ဝတ္ထုပုံစံကို မကြိုက်ဟု ဆိုသည်။
ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း” ကို ဒေါက်တာသန်းထွန်းက မှတ်ချက် ပြုရာတွင် “သမိုင်းအရ ကောင်းပေမယ့် တင်ပြပုံမကြိုက်” ဟု ဝေဖန်ခဲ့ဖူးကြောင်း ကိုထွန်းဝင်းငြိမ်းက ပြောပြသည်။
“ဆိုလိုတာက သူ့စာတွေဟာ ရသအရ အားနည်းကောင်း အားနည်းနေနိုင်ပေမယ့် အချက် အလက်နဲ့ အနှစ်သာရအရ ခေတ်အဆက်ဆက် တန်ဖိုးရှိနေတယ်။ ခုပြန်ဖတ်လည်း သမိုင်းအရကော လူ့အဖွဲ့အစည်းကို ပြုပြင်ချင်စိတ်ရှိတဲ့ စေတနာ၊ တိုင်းပြည်ကို ကောင်းစား စေချင်တဲ့ စေတနာတွေ ပေါ်လွင်နေတုန်းပဲ” ဟု သူက ဆက်ပြောသည်။
စာရေးဆရာ၊ သတင်းစာဆရာ ဗန်းမော်တင်အောင် မကွယ်လွန်မီ ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပေါ်တွင် “လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
ဗန်းမော်တင်အောင်၏ အထ္ထုပ္ပတ္တိအကျဉ်း
စာရေးဆရာ ဗန်းမော်တင်အောင်ကို ၁၉၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ပဲခူးမြို့၌ ဖခင်ဦးမောင်နေနှင့် မိခင်ဒေါ်စောမြိုင်တို့က မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ငယ်နာမည် မောင်တင်ဦးဟု ခေါ်ဆိုကာ အမည်ရင်း မှာ မောင်တင်အောင်ဖြစ်သည်။
၁၉၂၆ - ၂၉ ခုနှစ် တွင် ပဲခူးအေဘီအမ်ကျောင်း၌ ဒုတိယတန်းအထိ၊ ၁၉၂၉ - ၃၁ တောင်ငူ အေဘီအမ် ကျောင်းတွင် စတုတ္တတန်းအထိ၊ ၁၉၃၁ - ၃၂ စစ်ကိုင်း အေဘီအမ်ကျောင်းတွင် ပဉ္စမတန်းအထိ၊ ၁၉၃၂ - ၃၅ တွင် ဗန်းမော် အေဘီအမ်ကျောင်းတွင် သတ္တမတန်း အထိ၊ ၁၉၃၅ - ၃၈ တွင် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ၁၀ တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။
စစ်ကြိုခေတ် ၁၉၃၆ ခုနှစ်နှင့် ၁၉၃၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများ အတွင်း၌ ပါဝင်လှုပ်ရှားခဲ့ပြီး ဗန်းမော်ခရိုင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင်မောင်တင်အောင်အမည်နှင့် `မုန်းမေ့နိုင်ဘူး´ ၀တ္ထုကိုရေးသားခဲ့သည်။ ၁၉၃၈ - ၃၉ ခုနှစ်တွင် မြန်မာ့ အလင်း သတင်းစာတိုက်၌ အလုပ်သင် သတင်းထောက်အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဘာသာပြန် အယ်ဒီတာ သခင်ဗဟိန်းနှင့် တွေ့ဆုံရင်းနှီးခဲ့ကာ ဗြိတိသျှဆန့်ကျင်ရေး၊ မြေအောက်လှုပ်ရှားမှု နှင့် စတင်ထိစပ်ခဲ့သည်။ ၎င်းနောက် မာ့စ်ဝါဒကို စတင် လေ့လာသည်။ မဟာအောင် ကလောင်အမည်နှင့် ဂျာနယ်ကျော်တွင် `စစ်ထွက် ယောင်္ကျား´ ၀တ္ထုကိုရေးသား ခဲ့သည်။
၁၉၃၉ - ၄၀ စတီးဘရားသားသစ်ကုမ္ပဏီတွင် သစ်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၁၉၄၁ - ၄၂ ဗြိတိသျှစစ်တပ် အထက်မြန်မာပြည် တပ်ရင်းတပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၄၁ တွင် တောင်ငူသူ မခင်ဦးနှင့် အိမ်ထောင်ကျသည်။
၁၉၄၅ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော နော်မူဂေး ဝတ္ထုတိုမှစတင်၍ ဗန်းမော်တင်အောင် ကလောင်အမည်ကို ယူခဲ့သည်။
၁၉၄၂-၄၅ သစ်တောဌာန သစ်ဖြတ်ဝန်ထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ အာရှလူငယ် အစည်းအရုံးတွင် ပါဝင်လှုပ်ရှား ခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ဘီအိုင်အေ၊ ဘီဒီအက်ဖ် တို့တွင်လည်း ပါဝင် လှုပ်ရှားခဲ့ကာ ဂျာနယ်ကျော်တွင် ဗန်းမော်တင်အောင် ဟု စတင် အမည်ခံပြီး စာပေ ရေးသားခဲ့သည်။
၁၉၄၇ တွင် ဗန်းမော်တင်အောင်၏ နာမည်အကျော်ဆုံး ပထမဆုံးသောလုံးချင်းဝတ္တု `ဘုန်းမောင့်တစ်ယောက် တည်းရယ်´ ကို ထုတ်ဝေခဲ့သည်။
၁၉၅၀-၅၁ ခု တွင် လင်းယုန်ဂျာနယ်နှင့် လင်းယုန် သတင်းစာကို ထုတ်ဝေခဲ့သည်။
သူ၏ `အမေ´ `သူပုန်ကြီး´နှင့် `ပြည်တော်သာ ခင်ခင်ဦး´ ၀တ္တုများကြောင့် ဖဆပလအစိုးရက ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်မ ၅ နှင့်ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရသည်။
ထောင်မှပြန်လည်လွတ်မြောက်ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင်ထပ်မံ ဖမ်းဆီးခံရကာ ၁၉၆၀ ပြည့် နှစ်တွင် ဒုတိယအကြိမ် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၁၉၅၈ တွင် မြိုင်ဝတ္တုကိုရေးသား ထုတ်ဝေသည်။
နိုင်ငံရေး လှုပ်ရှားမှုပေါင်းများစွာတွင် ပါဝင်ခဲ့ပြီး စာအုပ်ပေါင်း ၉၀ ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်များထဲတွင် ကျမ်း ၁၂ အုပ် ပါဝင်ပြီး `အိန်စတိန်းနှင့်သူ၏ဓမ္မတရား´ ကဲ့သို့သော သိပ္ပံပညာ စာအုပ်အမျိုးအစားလည်း ပါဝင်သည်။
ဆရာ ဗန်းမော်တင်အောင်သည် ၁၉၇၈ ခုနစ် အောက်တိုဘာ ၂၃ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment