အေးလဲ့ | အောက်တိုဘာ ၁၅၊ ၂၀၀၈
သီတင်းကျွတ်လပြည့်နေ့က မဲဆောက်မြို့တွင် ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများ၏ ကာတွန်းရုပ်ပုံ မီးထွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခဲ့ကြောင်း ကြားသိရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရောက်ရှိနေသော ကာတွန်း ဆရာ နေမျိုးအေးက ယခုကဲ့သို့ ကာတွန်းရုပ် မီးထွန်းပွဲ ပြုလုပ်ခြင်း နှင့် ပတ်သက်၍ “မြန်မာပြည်ထဲမှာတော့ ယဉ်ကျေးမှုအရ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာတွန်း မီးထွန်းပွဲတခု ဖြစ်ခဲ့ဖူး ပါတယ်။ ကာတွန်းဆရာ ဦးဘဂျမ်း လမ်း (ရန်ကုန် လမ်းမတော် ၁၃ လမ်း) မှာ ကာတွန်းမီးထွန်း ပွဲကို လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခုအစိုးရ တက်လာပြီး နောက်ပိုင်း ပြည်တွင်းမှာ လုပ်ခွင့်မရှိတော့ဘူး။ ဒီဘက် ရောက်တော့ လွတ်လပ်နယ်မြေမို့ လုပ်ဖြစ်တာပါ” ဟုပြောသည်။
၎င်း ကာတွန်းမီးထွန်းပွဲတွင် ကာတွန်း ရုပ်ပုံများကို ဆရာ နေမျိုးအေး၊ ဆရာဒဲ့ဒိုး၊ ဆရာကျော်သိန်း စသည့် မဲဆောက် ရောက် ကာတွန်းဆရာများ ကရေးဆွဲပြီး ကိုသီဟ မောင်မောင်က မီးပုံးဒီဇိုင်းနှင့် မီးပုံး အလင်းအမှောင်ကို တာဝန်ယူဆောင်ရွက်ကာ ၎င်းကာတွန်းမီးထွန်းပွဲကို နှစ်ရက် ကျင်းပမည် ဟု လည်းသိရသည်။
သီတင်းကျွတ်လပြည့်ကျော် တရက်နေ့ နံနက်ခင်းအစောပိုင်း ၄နာရီမှ ၆နာရီအထိ ရောင်ခြည်ဦး အလုပ် သမား အဖွဲ့နှင့် တခြားသော ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သေးကြောင်းလည်း သိရသည်။
ရောင်ခြည်ဦးအလုပ်သမားရေးရာမှ တာဝန်ရှိသူ ကိုကျော်ဇင်က “သံဃာတော်အပါး ၄၀၀ အတွက် ဆန်ထုပ်၊ ခေါက်ဆွဲထုပ်၊ ချိုချဉ်ထုပ်တွေ လှူပါတယ်၊ နှစ်တိုင်း လုပ်နေကျပါ။ ဒီနှစ်က မဲဆောက်မှာရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းက သံဃာတော် တွေ၊ ထိုင်းသံဃာတော် တချို့နဲ့ မြဝတီ ဘက်က သံဃာတွေ ပါပါတယ်” ဟုပြောသည်။
ယခုနှစ်တွင် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူရုံမကဘဲ သံဃာတော်များနောက်မှ လိုက်ပါ လာသည့် ကလေး၊ လူကြီးများကိုပါ ပစ္စည်းများ ဝေငှသောကြောင့် စီစဉ်ထားသည့် ပစ္စည်းထုပ်များနှင့်ပင် မလောက်မင ဖြစ်သွားသည်ဟု သူက ဆိုသည်။
သီးတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာ့ ရိုးရာယဉ်ကျေးမှုအရ ဗုဒ္ဓမြတ်စွာဘုရားက မယ်တော်မိ နတ်သားအား အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော်မှုပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူပြည်သို့ ကြွမြန်း ဆင်းသက်တော်မှုသည့် နေ့ထူးနေ့မြတ် အနေနှင့် ကျင်းပခြင်း ဖြစသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ‘အဘိဓမ္မာအခါတော်နေ့’ ဟု သတ်မှတ်ပြီး ၎င်းနေ့တွင် ဆရာ၊ မိဘများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သည့်အနေနှင့် လက်ဆယ်ဖြာထိပ်တွင်မိုး၍ ကန်တော့ ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment