ရန်ကုန်သား တာတေ | အောက်တိုဘာ ၂၉၊ ၂၀၀၈
ချင်းမိုင်က လမိုက်ညတညဝယ် … အချိန်ကား သူငယ်အိပ်ဆိတ်အချိန်၊ ကောင်းကင်ပြင်တခုလုံးကို မည်းမှောင်သည့် မိုးသားများက နေရာယူထားသဖြင့် ဒွိုင်ဆူထေ့တောင်ကြောရှိ တောင်ပတ်လမ်းတလျှောက်သည်လည်း ဓာတ်မီးတိုင်များ လက်လှမ်းမီသည့်နေရာမှအပ တတောလုံးမှောင်နေသည်။ တောင်ကလပ်ပေါ်ရှိ ဒွိုင်ဆူထေ့စေတီ စိန်ဖူးတော်ကိုထိုး ထားသည့် ဆလိုက်မီးကမူ ကောင်းကင်သို့ အလင်းတန်းတခု ထိုးထွက်နေသယောင်။
ညောင်ပင်အောက်တွင်မူ ဇာတ်လိုက်ကျော်ကြီးများဖြစ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦး အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာထိုင်နေကြသည်မှာ ဝစီပတ်ကျင့်နေသည့်အလားပင်။ ၎င်းတို့ရောက်နေသည်မှာ နာရီဝက်ကျော်ပြီ ဖြစ်သော်လည်း ရုက္ခစိုးကြီးအား ယခုထိ အရိပ်အယောင်မျှပင် မတွေ့ရသေး။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း ဒီနေ့မှ ဘယ်ကိုလမ်းသလားနေသလဲ မသိပါဘူး။ ဒီပုံအတိုင်းဆို ဒီနေ့တော့ အိမ်အပြန် နောက်ကျတော့မယ်ထင်တယ်။
ကြွက်စုတ်။ ။ သူ့မိတ်ဆွေတယောက်ယောက်က ဝါးတီးပါတီလုပ်လို့ သွားတာနေမှာပေါ့။ ငါတို့ကလည်း ဒီနေ့မှ မချိန်းဘဲ ရောက်လာတာကိုး။
စကားပြောသံများရပ်သွားပြီးနောက် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားပြန်၏။ ထို့နောက်တွင် အဝေးဆီက အသံတခုက ၎င်းတို့ထံဦးတည်လာနေသည့်အလား သဲ့သဲ့ကြားနေရ၏။
ကြွက်စုတ်။ ။ ဟော … ခြေသံလိုလိုကြားတယ်ကွ။ ဦးရုက္ခစိုး ပြန်လာပြီထင်တယ်ကွ။
ဖိုးရှုပ်။ ။ ကြွက်စုတ်၏စကားကြောင့် ဖိုးရှုပ်မျက်နှာတချက်ပျက်သွား၏။ မင်းကလည်း ပေါင်းလာတာကြာလှ ဦးရုက္ခစိုးက ငါတို့မပါရင် တကိုယ်တည်းလမ်းရှောက်လေ့မရှိဘူးလေကွာ။ သူ့ဟာသူ ကိုယ်ယောင်ဖျောက် သွားနေကြလေ။
ဖိုးရှုပ်ပြောလိုက်မှ ကြွက်စုတ်လည်း ကျောချမ်းသွား၏။
ကြွက်စုတ်။ ။ ဒါဆို ငါတို့ဆီလာနေသလိုလိုကြားရတဲ့အသံရှင်က ဘယ်သူလဲ။
ဖိုးရှုပ်။ ။ ဒါတော့ငါလည်း ဘယ်သိပါ့မလဲကွာ။ သွားလာခွင့်မပြုလို့ တားမြစ်ထားတဲ့နေရာမှမဟုတ်တာ။ ကိုယ့်အကြောင်း နဲ့ကိုယ် သွားလာနေသူတယောက်ယောက်ဖြစ်မှာပေါ့။
ဖိုးရှုပ်က ကြွက်စုတ်ကြောက်နေမှန်းသိသဖြင့် ကြုံသလိုဖြေရှင်းချက်ပေးလိုက်သော်လည်း စိတ်ထဲကတော့ တတ်သမျှဘုရား စာကို ကြိတ်ရွတ်နေ၏။ ကြားနေရသည့်အသံကလည်း တဖြည်းဖြည်းပိုကျယ်လာပြီး မည်းနက်သည့်အရိပ်တခုကလည်း ၎င်းတို့နှစ်ဦးရှိရာသို့ တရှပ်ရှပ်ချဉ်းကပ်၍ လာနေ၏။
ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် မည်းမည်းကြီးတကောင် ငါတို့ဆီလာနေပြီ … ဘယ်လိုလုပ်ကြမလဲ။
ဖိုးရှုပ်။ ။ ကြွတ်စုတ်ရာ … မင်းပြောတော့ တောထဲမှာ နှစ်ပေါင်းများစွာလက်နက်ကိုင်လာသလေး ဘာလေးနဲ့ ဒီလောက် တောင် ကြောက်ရသလားကွ။ စိတ်ကိုတင်းထားမှပေါ့။
ကြွက်စုတ်။ ။ ဘာဆိုင်လဲကွ။ လူလူချင်းကတော့ ဘာကြောက်စရာရှိလဲ။ အခုဟာက လူလား၊ မကောင်းဆိုးရွားလား ဘာမှန်းမသိတော့ လန့်တာပေါ့ကွ။ တလောကပဲ ဟောဟိုအပင်ကြီးနားမှာ ယာဉ်တိုက်မှုဖြစ်တာ အဘိုးကြီးတယောက် ပွဲချင်းပြီးသေထားတာလေ။ အစိမ်းသေဆိုတာမျိုးက တော်ရုံနဲ့ ကျွတ်လွတ်တတ်တာမျိုး မဟုတ်ဘူးလေ။
ကြွက်စုတ်သည် ပြောနေရင်းက အသံများတုန်လာ၏။ ၎င်းတို့ဝေခွဲမရသည့် အရိပ်မည်းကြီးက ကြွက်စုတ်တို့အနားသို့ တဖြည်းဖြည်းနီးလာပြီး ၎င်းတို့ရှေ့အရောက်တွင်ရပ်ကာ အသံနက်ကြီးဖြင့် တဟားဟား ရယ်မောလေတော့သည်။ သူရဲကောင်းနှစ်ယောက်ကတော့ ခေါင်းပင်မဖော်ရဲပေ။ ဖိုးရှုပ်က တတ်သမျှ၊ မှတ်သမျှလေးတွေ ရွတ်ဖတ်နေရာက …
ဖိုးရှုပ်။ ။ ခင်ဗျားဘယ်သူလဲ။ ဘာလိုချင်လို့လဲ။ ကိုယ့်လမ်းကိုယ်သွားပါ … ခင်ဗျားကို အမျှဝေပါတယ်၊ သာဓုခေါ်ပြီး ဒီနေရာကထွက်သွားပါ။
အရိပ်မည်းကြီး။ ။ ထွက်မသွားနိုင်ဘူး၊ မင်းတို့နဲ့ စာရင်းရှင်းစရာရှိလို့ ငါဒီကိုလာခဲ့တာပဲ။ အခုတလော မင်းတို့ မြန်မာ အတိုက်အခံတွေ ငါ့ကို စော်ကားမော်ကားလုပ်ကြတာများပြီ။ ဒါကြောင့် အဲဒီကိစ္စကိုရှင်းဖို့ လာခဲ့တာကွ။
ကြွက်စုတ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်ဝင်ပြောသည်မှာ …
ကြွက်စုတ်။ ။ ခင်ဗျားလူမှားနေပြီထင်တယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သရဲခေါ်တမ်းလည်း မကစားကြ ပါဘူးဗျ။
အရိပ်မည်းကြီး။ ။ ဘာပြောတယ်ကွ။ မင်းကငါ့ကို မကောင်းဆိုးဝါးလို့ပြောချင်တာပေါ့လေ။ ငါပြောနေတဲ့ကြားထဲက ထပ်ပြီးစော်ကားတာပေါ့လေ။
ဖိုးရှုပ်။ ။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲဗျ။ ကျနော်တို့က ခင်ဗျားကိုဘာတွေများ စော်ကားမိလို့လဲ။
ထိုအခါကျမှ အရိပ်မည်းကြီးက ခန္ဓာကိုယ်တွင်လွှမ်းခြုံထားသည့် ၀တ်ရုံအနက်ကြီးကိုဖယ်ရှားလိုက်ကာ …
အရိပ်မည်းကြီး။ ။ မင်းတို့တွေ မသေမချင်းမှတ်ထား၊ ငါ့နာမည်ခေါ်တိုင်း မင်းတို့နိုင်ငံအမည်ပါခေါ်ပြီးသားဖြစ်တဲ့ အို ဘားမား ကွ။ မင်းတို့က ငါသာသမ္မတဖြစ်လာရင် မြန်မာ့အရေးကို စိတ်ဝင်စားမှာမဟုတ်တော့ဘူးလေး၊ ဘာလေးနဲ့ မီဒီယာ တွေမှာလျှောက်ပြောတယ် … ပြီးတော့ ရှိပါသေးတယ် အမေရီးကားမှာ လူမည်းသမ္မတဖြစ်လို့ကတော့ မြန်မာ့အရေးလုပ်မှာ မဟုတ်တော့ဘူး၊ အာဖရိကန်တွေအရေးပဲ လုပ်တော့မှာလို့ မီဒီယာတွေကိုပြောတယ်။ ဒါဟာ မြန်မာပြည်သူတွေက ကျုပ်အပေါ် အထင်လွဲအမြင်လွဲအောင် ခင်ဗျားတို့ ဖန်တီးနေတာ။
ကြွက်စုတ်။ ။ သြော် ခင်ဗျားက အိုဘားမားကိုး၊ တွေ့ရတာဝမ်းသာပါတယ်။ မစ္စတာ အိုးဘားမား … ခင်ဗျား အချက် အလက်မှားတွေ ရနေပြီထင်တယ်။ ကျုပ်တို့က ဒီမိုကရက်တွေပါဗျ၊ မြန်မာနဲ့ ကမ္ဘာတ၀န်းလုံးက ခင်ဗျားကိုထောက်ခံနေ ကြတာဗျ။ မဲပေးခွင့်မရှိလို့သာပေါ့ဗျာ၊ မဟုတ်လို့ကတော့ ခင်ဗျားကိုထောက်ခံသူတွေ ကမ္ဘာတခြမ်းကျော်ကြောင်း ပြလိုက်ချင်တာ။
ကြောက်ချေးပါလောက်အောင် ကြောက်နေသည့် ကြွက်စုတ်မှာ ချက်ချင်းဆိုသလို အချိုးပြောင်းသွားကာ အိုဘားမားအား မြန်မာပီပီ စတင်မြှောက်ပင့်လေတော့သည်။ အိုဘားမားလဲလေ လောကီသားပေမို့ အသားအရောင် ခွဲခြားနေစရာမလိုပေ၊ အမြှောက်ကြိုတ်တတ်သူ ဖြစ်ပါသည်။
မြှောက်သူနှင့် မြောက်သူတို့ အပေးအယူသင့်နေစဉ် အလယ်လွန်သူတဦးလည်း ဘွားခနဲ ပေါ်လာရာ …
အိုဘားမား။ ။ ဟဲ့ ပလုပ်တုတ်။ ဘယ်လိုဟာကြီးလဲဟ၊ ဗန္ဓုလလိုလို၊ ဘန်ရာဂျန်လိုလို ပုဆိုးခါးတောင်းကျိုက်ကြီးနဲ့။
ဖိုးရှုပ်။ ။ သြော် … သူကတော့ ဟောဒီညောင်ပင်ကြီးကို ရွေးကောက်ပွဲဝင်စရာမလိုဘဲ အပိုင်စားရထားတဲ့ ချင်းမိုင်ရုက္ခစိုး ဆိုတာပါ။ ဦးရုက္ခစိုး … ဒါကတော့ အမေရိကန်သမ္မတလောင်း မစ္စတာ အိုဘားမားပါ။
ရုက္ခစိုး။ ။ အိုး … အိုင်ဆီး။ ဒါကြောင့်မို့ တွေ့ဖူးသလိုလိုရှိပါတယ်လို့ထင်နေတာ။ နိုက်စ်တူဆီးယူဗျား … ရွေးကောက်ပွဲ ကမ်ပိန်းတွေ အောင်မြင်နေတယ်လို့ ကြားတယ်။ အောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။
ဦးရုက္ခစိုး၏ လောကဝတ်စကားကြောင့် အိုဘားမားကလည်း …
အိုဘားမား။ ။ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျာ။ ခင်ဗျားနာမည်ကို ကြားဖူးနေတာကြာပြီ၊ လူချင်းတော့ အခုမှ ဆုံဖြစ်တော့တယ်။ ရွေးကောက်ပွဲကိစ္စက ထင်သလောက်မလွယ်ဘူးဗျ။ လူတွေက ပြုံးပြီး လက်ခုပ်တွေတီးနေကြပေမယ့် အတွင်း အဇ္ဈတ္တကို သိနိုင်တာမှမဟုတ်တာ။ ခင်ဗျားတို့လို နတ်တွေကတော့ ကောင်းတယ်ဗျို့၊ ဘာရွေးကောက်ပွဲမှဝင်စရာမလိုဘူးနော် …
အမေရိကန် သမ္မတလောင်း၏ စကားကြောင့် …
ရုက္ခစိုး။ ။ ရွေးကောက်ပွဲမဝင်ပဲ တိုင်းပြည်ကိုအုပ်ချုပ်ချင်ရင်တော့ အာဏာသိမ်းအစိုးရလုပ်ပေါ့၊ မြန်မာပြည်က စစ်အစိုးရ လိုပေါ့ဗျာ။ အုပ်ချုပ်နေတာအနှစ် ၂၀ ကျော်ပြီ။ ဘယ်သူ့ကိုမှလဲ အာဏာလွှဲမပေးဘူး၊ ဘယ်တော့မှလဲ လွှဲပေးမှာမဟုတ်ဘူး။
ရုက္ခစိုး၏စကားကြောင့် အိုးဘားမားမှာ တွေခနဲဖြစ်သွား၏။ ရွေးကောက်ပွဲမလို၊ ပြည်သူ့ဆန္ဒမလို စသဖြင့် တွေးနေ၏။ ရုက္ခစိုးကြီးကိုလည်း စိတ်ထဲကကြိတ်ကာ လေးစားနေ၏။
အိုဘားမား။ ။ ခင်ဗျားတို့ မြန်မာပြည်ကတော့ ဒီကမ္ဘာပေါ်မှာ ရှားမှရှားပဲဗျို့။ လူမပြောနဲ့ နတ်တွေရဲ့ စဉ်းစားပုံကအစ သာမန်နဲ့မတူ ထူးခြားနေတယ်။ လေးစားပါတယ်ဗျာ။ အခုလိုတွေ့ရတာ ဝမ်းသာတယ်ဗျို့၊ ကမ်ပိန်းကိစ္စလေးတွေမပြတ် သေးလို့ ခွင့်ပြုပါဦးဗျာ။ ရွေးကောက်ပွဲအနိုင်ရမှ ဒီနေရာကိုအခြွေအရံတွေနဲ့ တခေါက်ပြန်လာပြီး ခင်ဗျားတို့သုံးယောက်နဲ့ မြန်မာ့အရေးဆက်လက်ဆွေးနွေးပါဦးမယ်။ အခုတော့ ခွင့်ပြုပါဦး။
အိုဘားမားက ပြောပြောဆိုဆိုပင် ဦးရုက္ခစိုးတို့အား လက်ပြနှုတ်ဆက်ရင်း ပြန်သွားလေ၏။
အကြာမီရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ ထိုအတောအတွင်း အမေရိကန်၏ ပထမဆုံးလူမည်းသမ္မတအဖြစ် အရွေးခံရတော့မည်ဟု သတင်းပြေးနေသည့် မစ္စတာ အိုဘားမား ချင်းမိုင်က ရုက္ခစိုး၊ သတင်းထောက် ဖိုးရှုပ်နှင့် အက်တိဗစ် ကြွက်စုတ်တို့နှင့် တွေ့ဆုံခဲ့သည်ကို ကာယကံရှင်များကလွဲ၍ နိုင်ငံတကာသတင်း ဌာနများနှင့် မည်သူမျှ မသိလိုက်ကြ။
ကြွက်စုတ်နှင့် ရုက္ခစိုးကြီးတို့ ချွန်တွန်းလုပ်လိုက်သည့် သမ္မတလောင်းအား ကမ္ဘာတဝက်ကျော်က ထောက်ခံနေကြောင်းနှင့် အာဏာသိမ်းပါက ရွေးကောက်ပွဲဝင်ရန်မလိုဟူသည့်အတွေးများ မစ္စတာ အိုဘားမား၏ ခေါင်းထဲကမထွက်သည်ကို အမေရိကန် မဲဆန္ဒရှင်များ မသိကြပေ။
စကားဝိုင်းတွင် ဟုတ်တိပတ်တိ ဝင်ရောက်ဆွေးနွေးခြင်းမရှိသည့် ဖိုးရှုပ်တယောက် ခွင့်ပြုချက်မယူဘဲ အသံခိုးဖမ်းသွား သည်ကိုလည်း မည်သူမှမသိလိုက်ကြ။ အမေရိကန်ပြည်သူတို့၏ အနာဂတ်ကိုမူ ငွေရောင်ပိတ်ကားပေါ်တွင် မကြာမီ ရှူစားရတော့မည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment