ရန်ကုန်သားတာတေ | အောက်တိုဘာ ၈၊ ၂၀၀၈
ရုက္ခစိုး။ ။ မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက် …။ မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် ….။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး … ဘယ်တုန်းက ရက်ပ်ပါဖြစ်သွားတာလဲဗျ …။
ရက်ပ် စာသားတခုကို ရွတ်ဆိုရင်း ခုန်ဆွခုန်ဆွနှင့် အနားရောက်လာသော ဦးရုက္ခစိုးကြီးကို ဖိုးရှုပ်က လှမ်း နှုတ်ဆက် လိုက်သည်။
ကြွက်စုတ်။ ။ အေးဗျာ ..။ နတ်လိုဝတ်ပြီး ရက်ပ် သီချင်းဆိုတာတော့ ကြည့်မကောင်းပါဘူး။ နတ်ချင်းလေး ဘာလေးဆိုတာကမှ လိုက်ဖက်ဦးမယ်။
ရုက္ခစိုး။ ။ ရက်ပ်သီချင်း ဆိုတာမဟုတ်ဘူးကွ။ မင်းတို့ကို ပြောစရာရှိတာ မေ့သွားမှာစိုးလို့ ရွတ်လာတာ။
ဖိုးရှုပ်။ ။ ထူးဆန်းပါပေ့ဗျာ။ ကျနော်တို့ကို ဘာတွေများပြောမှာမို့လို့လဲ။
ရုက္ခစိုး။ ။ ရန်ကုန်က အင်တာနက် ကဖေးတွေကိစ္စလေကွာ။
ကြွက်စုတ်။ ။ အင်တာနက်ကဖေးနဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းနဲ့ ဘာဆိုင်လို့လဲ။
ရုက္ခစိုး။ ။ တလွဲကပြောပြီ …။ ဘယ်က စိုင်းစိုင်းခမ်းလှိုင်က ပါလာရပြန်တာလဲ။ အင်တာနက် ကဖေးတွေကို ကြွက်တွေ က ရုတ်တရက် ဝင်စစ်ရင် အဲလိုပဲပြောတာကွ။ မင်းတို့မသိဘူးလား။
ဖိုးရှုပ်။ ။ ဟာ ဟုတ်လား။ ဒါဆို ကြွက်တွေက ဘယ်တုန်းက ရက်ပ်ပါတွေ ဖြစ်ကုန်တာလဲ။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထုံးစံအတိုင်း ထင်ရာများကို စွတ်ပြောနေသောကြောင့် ဦးရုက္ခစိုး စိတ်ညစ်သွား သည်။
ရုက္ခစိုး။ ။ မင်းဂျီးတော်ကြီး ရက်ပ်ပါဖြစ်ရမှာလားကွ။ မင်းတို့ကလေ အားလုံးကို သိသလိုလို၊ မင်းတို့ မသိတာဘဲ မရှိသလိုလိုနဲ့။ ပြီးရင် ဘာမှမသိဘူး။
ဦးရုက္ခစိုးက အသာစီးရပြီဟူသော လေသံဖြင့် ဖိဟောက်လိုက်သည်။
ရုက္ခစိုး။ ။ ရန်ကုန်က အင်တာနက် ကဖေးတွေကို ကြွက်တွေ ရုတ်တရက်ဝင်စစ်ရင် “လက်တွေအားလုံး လေထဲ မြှောက်ထားလိုက်” ဆိုပြီး ပြောတာတဲ့။ ပြီးတော့ အားလုံး စက်နဲ့ တပေခွာထား လို့လည်း အော်တယ် တဲ့ကွ။
ကြွက်စုတ်။ ။ သြော် သိပြီ။ သိပြီ။ အဲလိုအော်တဲ့ အချိန်မှာ …။ ဆိုင်ရှင်က မိန်း ဆာဗာကို ပိတ်ချလိုက်တာ။ ဟုတ်တယ်မဟုတ်လား။
ဖိုးရှုပ်။ ။ ဖိုးသိတို့က ဝင်ပါပြီ။ မင်းကဘယ်လို သိနေရပြန်တာလဲ။
ရုက္ခစိုး။ ။ အေး ဟုတ်တယ်ကွ။ ကြွက်စုတ်ပြောတာမှန်တယ်။ ဆိုင်ရှင်က မိန်းဆာဗာကို ပိတ်ချ လိုက်တော့ ကြွက်တွေ ဘာမှ လုပ်လို့မရတော့ဘူးလေ။ နေပါဦး ကြွက်စုတ်က ဒီဇာတ်လမ်းကို ဘယ်လိုလုပ် သိနေတာလဲ။
ကြွက်စုတ်။ ။ ငှဲငှဲ ..။ သိစရာမလိုဘူး။ ဗေဒင်မေးရင် ယတြာဖိုး ပိုက်ဆံကုန်နေမယ်။ ကျနော်က ဒါတွေ အားလုံး ခန့်မှန်းကြည့်တာ။ ရန်ကုန်မှာ အင်တာနက် ကဖေးဆိုင်ဖွင့်မယ်ဆိုရင် ဒါတွေအားလုံး နားလည် ထားရမယ်။ နားမလည်ရင် မဖွင့်နဲ့။ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ငြိမယ်။ ဆိုင်ပိတ်ခံရမယ်။ ကံဆိုးရင် အဖမ်းခံ ရမယ်။
ဖိုးရှုပ်။ ။ အေးဗျာ အင်တာနက် ဆိုင်ပိုင်ရှင်တွေလည်း အော်နေကြပြီ။ စီးပွားရေးကို ဖြောင့်ဖြောင့် တန်းတန်း လုပ်လို့မရလို့တဲ့။
ရုက္ခစိုး။ ။ စီးပွားရေးကို ဖြောင့်ဖြောင့် လုပ်လို့မရရုံတင်မကဘူးကွ။ ကံမကောင်းရင် အဖမ်းက ခံရဦးမှာ ဆိုတော့ ဆိုင်ပဲပိတ်ရတော့မလို၊ ဈေးပဲရောင်းစားရမလို …။ အဲလိုဖြစ်နေတာ။
ကြွက်စုတ်။ ။ တကယ်က သူတို့ ကျပ်မယ့်သာ ကျပ်နေတာပါဗျာ။ လူတွေကလည်း ရအောင် ချက်နေ၊ ကြည့်နေကြ တာပါပဲ။ အားလုံးက ဘယ်လို ရှောင်ရ တိမ်းရမယ်၊ ဘယ်လို ကျော်ရ ခွရမယ်၊ ဘယ်လို ဖွက်ရ ပိတ်ရမယ် ဆိုတာ သိပြီးသားပဲ။
ဖိုးရှုပ်။ ။ ဒါပေမယ့် ကဖေးဆိုင်တွေမှာ ကြွက်တွေကို အစောင့်ချထားတာ ကျတော့ မင်းဘယ်လို ပြောမလဲ။ လုပ်စားရတဲ့သူတွေ ကျောမလုံဘူးကွ။
ရုက္ခစိုး။ ။ အစောင့်ထားတော့လည်း ထားတာပဲရှိမှာပေါ့။ သူတို့က ဘာနားလည်လို့လဲ။ ငုတ်တုတ် ထိုင်နေဖို့ပဲတတ်တာ ကို။ ချက်တယ်ဆိုတာတောင် နားလည်လို့လား။ ငါ့လို နတ်လောက်တောင် မသိဘဲနဲ့။ ဒီမှာ ဟေ့ကောင်တွေ အင်တာနက် ကဖေးဆိုင်ထိုင်တဲ့ သူတိုင်းက ဘာဖြစ်ဖြစ် ဆိုင်းအောက် လုပ်ရမယ် ဆိုတာ သိပြီးသား။ အားလုံး သတိနဲ့ … နောက်မှာ လူရှိရင် ဆိုင်းအောက်၊ ဘေးမှာ လူလာစပ်စုရင် ဆိုင်း အောက်၊ ထမင်းစားလည်း ဆိုင်းအောက်၊ ရေသောက်လည်း ဆိုင်းအောက်၊ အိမ်သာတက်တောင် ဆိုင်း …. ဆိုင်း ….။ ဟင် နေပါဦး မင်းတို့ ၂ ကောင်က ဘာဖြစ်နေကြတာလဲ။
မျက်နှာတခုလုံး ဖူးယောင်နေသော ကြွက်စုတ်နှင့် လက်နှင့် ခြေထောက်များတွင် ဒဏ်ရာများနှင့် မြင်မကောင်အောင် ဖြစ်နေသော ဖိုးရှုပ်တို့အဖြစ်ကို ဦးရုက္ခစိုး ခုမှ သတိထားမိသွားပြီး မေးလိုက်ခြင်း ဖြစ်သည်။
ကြွက်စုတ်။ ။ ဆိုင်ကယ်မှောက်ထားတာဗျ။ ဒီကောင် ဖိုးရှုပ်မောင်းတာလေ။
ရုက္ခစိုး။ ။ သြော မင်းတို့တွေ အရက်မူးပြီး မောင်းကြတယ်ထင်တယ်။ ဟုတ်လား။ အဲဒါပဲ မင်းတို့က အရက်သောက်ပြီး ဆိုင်းအောက် မလုပ်ခဲ့ကြဘူးထင်တယ်။
ဖိုးရှုပ်။ ။ ဟာ ဘာဆိုင်လို့လဲဗျ။
ရုက္ခစိုး။ ။ ဆိုင်ပါသော်ကောကွာ။ ပန်းချီထိန်လင်း ရေးတဲ့ကဗျာ မင်းတို့မဖတ်ဘူးထင်တယ်။ အဲဒါပဲ။ ဘာမှမသိပြန်ဘူး။ ဘာလုပ်လုပ် ဆိုင်းအောက်လုပ်ရမယ်ကွ။ မြန်မာပြည်တွင် ခေတ်မီသူတိုင်း ဆိုင်းအောက် လုပ်သည်။ ထမင်းစားလည်း ဆိုင်းအောက်၊ အရက်မူးလည်း ဆိုင်းအောက်၊ အိမ်သာတက်လည်း ဆိုင်းအောက်၊ ရည်းစား ထားလည်း ဆိုင်းအောက်၊ ကာရာအိုကေသွားလည်း ဆိုင်းအောက် ….။
ဦးရုက္ခစိုးမှာ အလာတုန်းကအတိုင်း ရက်ပ်ပါတယောက်ကဲ့သို့ ခုန်ဆွ ခုန်ဆွနှင့် ရေရွတ်ရင်း ပြန်ထွက် သွားသောကြောင့် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့နှစ်ဦးလည်း တယောက်က ထော့နင်းထော့နင်း၊ တယောက်က စုတ်တသပ်သပ်နှင့် အခန်းရှိရာသို့ ပြန်ကြလေတော့သည်။ (ဆိုင်းအောက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment