ကြည်ဝေ | အောက်တိုဘာ ၆၊ ၂၀၀၈
နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများ ပြန်လည် ပြုပြင် တည်ဆောက်ရေး အတွက် ဒေသခံရွာသူရွာသားများကို အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုများ ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် လပွတ္တာ - သယန်းကြီးမြို့နယ် ကားလမ်းဖောက်လုပ်နေရာ လိုအပ်သည့် အလုပ်သမားများအဖြစ် ဒေသခံ အမျိုးသမီး၊ အမျိုးသားများကို စစ်အာဏာပိုင်များက ဖိအားပေး ခိုင်းစေလျှက်ရှိကြောင်း ၀ါးဘိုးကုန်း ကျေးရွာသူ တဦးကပြောပြသည်။
“ကားလမ်းဖောက်နေတဲ့ ကုန်းကြီး ကျေးရွာကို မနက် ၈ နာရီ မထိုးခင် ရောက်ရတယ်။ အဲလိုရောက်ဖို့ ကျမတို့ ရွာကနေ မနက် ၅နာရီခွဲကတည်းက ထလာခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ သူက ကိုယ်ဝန်လေးလ လွယ်ထားရ သူဖြစ်သည်။
ကားလမ်းဖောက်ရာတွင် ပြင်စလူအုပ်စုအတွင်းမှ ကျေးရွာများတွင် နေထိုင်သူတိုင်း တမိသားစုလျင် တယောက်ကျ မဖြစ်မနေ ပါဝင်လုပ်အားပေးရမည်ဟူသော အမိန့်ထွက်လာပြီး နောက်ပိုင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ လုပ်အားပေး ဆင်းနေရကြောင်း သူက ဆက်ပြောသည်။
“ကျမယောက်ျားကလည်း ပြင်စလူမြို့ပေါ်က ဆောက်လုပ်ရေးတွေမှာ သွားပြီးလုပ်အားပေး နေရတယ်၊ အိမ်မှာလည်း သူနဲ့ ကျမကလွဲရင် ၅ နှစ်အရွယ် သမီးလေးပဲ ကျန်တော့ ကျမဘဲ လုပ်အားပေး ဆင်းပေးရတာပေါ့” ဟု သူကဆိုသည်။
ပြင်စလူမြို့နယ်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြင်စလူအုပ်စုခွဲမှ ကျေးရွာ တရွာလျင် လုပ်နိုင် ကိုင်နိုင်သော အမျိုးသား အယောက် ၅၀ ကို မဖြစ်မနေ ထည့်ပေးလိုက် ရကြောင်း ကုန်းကြီးကျေးရွာ ရယက ဥက္ကဌက ပြောသည်။
ကုန်းကြီးရွာမှ အရွယ်ကောင်း ယောက်ျားသား အတော်များများမှာ ပြင်စလူ ဆောက်လုပ်ရေးများတွင် သွားရောက် လုပ်အားပေးနေသောကြောင့် ယခုကဲ့သို့ လမ်းဖောက်ရန် တအိမ် တယောက် မဖြစ်မနေ ပါဝင်ရသည့်အခါ၌ အိမ်ရှိ နေမကောင်းသူများ၊ ကိုယ်ဝန်ဆောင် အမျိုး သမီးများပါ ပါဝင်နေရကြောင်း ကုန်းကြီးရွာခံများထံမှ သိရသည်။
ယခုကဲ့သို့ မဖြစ်မနေ လုပ်အားပေး ဆင်းနေရသည်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ကတည်းက ဖြစ်ပြီး မည် သည့် နေ့ရက်အထိ ဆက်လက် လုပ်ဆောင် နေရမည်ဆိုခြင်းကို မသိရသေးဘဲ လုပ်အားပေးမဆင်းလျင် ခွဲတမ်းပစ္စည်းများ ပေးမည်မဟုတ်ဟု သက်ဆိုင်ရာအာဏာပိုင်များက အကြောင်းကြားထားသည်ဟု ဒေသခံ ရွာသားများက ဆိုသည်
လေဘေးသင့် ဒုက္ခသည်များအတွက် ခွဲတမ်းပစ္စည်းများမှာ ယူနီဆက်ဖ်၊ ယူအန်ဖက်ဖ်ပီနှင့် တခြားသော အိုင်အန်ဂျီအို၊ အန်ဂျီအိုများမှ လှူဒါန်းထားသည့် အိမ်ဆောက်ပစ္စည်းများ၊ ပြည်တွင်း စေတနာရှင်များ လှူဒါန်းထားသော မိုးရေကာဖျင်များ၊ အ၀တ်အထည်များ၊ အစားအသောက်များနှင့် ဆေးဝါးပစ္စည်းများ စသည်တို့ ဖြစ်သည်။
ထိုပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင်များက ထိန်းချုပ်ထားပြီး လုပ်အားပေးဆင်းသော သူများကိုသာလျင် ခွဲဝေပေးနေကြောင်း ဒေသခံများကပြောသည်။
လမ်းဖောက်ရာတွင်လည်းကောင်း၊ ပြင်စလူမြို့အပါအ၀င် တခြားသော လပွတ္တာ ခရိုင်အတွင်းရှိ နာဂစ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်းကောင်း အခမဲ့ ပါဝင်လုပ်အားပေးနေရသော ရွာသားများမှာ လပွတ္တာခရိုင်၊ ပြင်စလူအုပ်စုခွဲတွင် ပါဝင်သော ကျေးရွာကြီး ၁၇ ရွာတွင် နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှာ ပင်လယ်ဝအနီးတွင်တည်ရှိသော ဒေသများဖြစ်သောကြောင့် လူသူအရောက်အပေါက် နည်းသော နေရာဒေသများဖြစ်သကဲ့သို့ နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး လူသေဆုံးမှုများခဲ့သော ကျေးရွာများဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ ဒေသမှ လေဘေးသင့်ဒုက္ခသည်များကို ခိုင်းစေရာတွင် လုပ်အားခငွေ ပေးခြင်း မရှိသည့်အပြင် ၎င်းတို့၏ လုပ်အားကို အချိန်မရွေး အကန့်အသတ်မဲ့ သုံးစွဲနေသောကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင် ခြင်း မရှိဘဲ ယခုကဲ့သို့ မုန်တိုင်း အလှူရှင် ပါးသွားသော ကာလများ၌ ဝမ်းရေးအတွက်ပင် ခက်ခဲလာကြောင်း အဓမ္မလုပ်အားပေး ခိုင်းစေခံရသူများက ပြောပြသည်။
“ကိုယ့်ရပ်ရွာအတွက် ကိုယ်လုပ်ပေးရတာ။ မင်းတို့က ပိုက်ဆံလိုချင်သေးလားလို့ ပြောတယ်။ ကျနော်တို့ကို နေ့လယ်စာ ထမင်းထုပ်ပဲ ပေးတယ်။ ကျန်တာတော့ ကိုယ့်ဟာကိုယ်ပဲ။ ဒီမှာ လာပြီး လုပ်ပေးနေရတော့ ရှာစားချိန်လည်း မရဘူး ဖြစ်နေတယ်” ဟု ကျားချောင်း ရွာသား တဦးက ပြောဆိုသည်။
ယခုအခါ ဝမ်းရေးအတွက် ကျေးရွာသားတချို့မှာ စုပေါင်းစနစ်ဖြင့် ပင်လယ်ထွက်ပြီး ရသည့် ငါးများကို ဘုံစနစ်ဖြင့် ခွဲဝေယူကာ ရှာဖွေစားသောက်နေရသည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment