စိုင်းစိုးဝင်းလတ် | အောက်တိုဘာ ၃၁၊ ၂၀၀၈
မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။
ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။
ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် “ဦးနှောက်ယိုစီးမှု” ပြဿနာ ကြုံ တွေ့ နေကြရသည်။
မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။
ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။
ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ်ကျဆင်းလာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။ ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများတက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။
သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။
အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊ တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။
၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်ကတလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ်ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။
စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။
သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။ ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။
ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြုနိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။
ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သူတို့အဖွဲ့အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက်ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။
၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။
ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။
ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။ ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။
သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။
တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။ သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။
ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။
ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။
ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။
စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma’s Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။
စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment