အောင်သက်ဝိုင်း | စက်တင်ဘာ ၁၅၊ ၂၀၀၈
လပွတ္တာမြို့နယ်အတွင်းရှိ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များ ခိုလှုံရာ ၃မိုင်နှင့် ၅မိုင် ဒုက္ခသည်စခန်းများကို စက်တင်ဘာ လဆန်းပိုင်းတွင် လုံးဝဖျက်သိမ်းလိုက်ပြီး နေရပ်ရင်း ကျေးရွာများသို့ ပြန်ရန်ငြင်းဆန်သည့် ဒုက္ခသည် ၅၀၀၀ နီးပါးကို ဝေးလံသောဒေသရှိ စခန်းသစ်သို့ အတင်းအကျပ်ပြောင်းရွှေ့နေရာချထားကြောင်း လပွတ္တာမြို့နယ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဒုက္ခသည်များကို လပွတ္တာ-မြောင်းမြ ကားလမ်း မိုင်တိုင်အမှတ် ၇ မိုင် အနီးရှိ ပိန္နဲတောင် ကျေးရွာနှင့် မိုင်တိုင်အမှတ် ၁၂ အနီးရှိ မင်းကုန်း တောင်အနီးသို့ စက်တင်ဘာလဆန်းပိုင်းတွင် အတင်းအကျပ် ပြောင်းရွှေ့စေပြီး ၃ မိုင်နှင့် ၅ မိုင်စခန်းများ ကို ဖျက်သိမ်းခဲ့ကြောင်း လပွတ္တာမြို့နယ် INGO အဖွဲ့တခုမှ မြန်မာလူငယ်တဦးက အတည်ပြုပြောကြားသည်။
“ဒုက္ခသည်တွေ ပြန်ပြီးနေရာချထားတဲ့ စခန်းအသစ်က လပွတ္တာ - မြောင်းမြကားလမ်းနဲ့ တော်တော်လှမ်းတာ။ အဲဒီမှာ ဒုက္ခသည်တွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျေးရွာသစ်တွေ တည်နေကြရတယ်” ဟု လပွတ္တာမြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် မြို့ခံတဦးကပြောသည်။
ဒုက္ခသည်များ ပြန်နေရာချထားသည့် နေရာများတွင် လပွတ္တာမြို့နယ်အခြေစိုက် စစ်ဗျူဟာ မှူးရုံးက လုံခြုံရေးများ တင်းကျပ်စွာချထားပြီး လူအ၀င်အထွက်များကို စစ်ဆေးမှုများပြုလုပ် နေသည့်အတွက် လူစိမ်းဝင်ရန် မလွယ်ကူကြောင်း ဒေသခံများကပြောသည်။
“ဒုက္ခသည်တွေနေတဲ့ ကျေးရွာတွေမှာ စစ်တပ်က လုံခြုံရေးယူထားတယ်။ ကျမတို့ INGO တွေတောင်မှ အဲဒီနေရာမှာ ရိက္ခာဝေတာတို့၊ ဆေးခန်းဖွင့်တာတို့ လုပ်ဖို့ ဗျူဟာမှူးရုံးက ခွင့်ပြုချက်ရမှ သွားလို့ရတယ်” ဟု လပွတ္တာမြို့နယ်အခြေစိုက် INGO အဖွဲ့တခုမှ မြန်မာအမျိုးသမီး ၀န်ထမ်းတဦးက ပြောသည်။
လပွတ္တာမြို့နယ်၊ စစ်ဗျူဟာမှူးရုံးမှ တပ်ကြပ်ကြီးတဦးက ဒုက္ခသည်များပြောင်းရွှေ့ အခြေချ နေထိုင်ရာ ကျေးရွာများတွင် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်ထားရခြင်းမှာ လူသတ်မှုနှင့် အမှုအခင်းများ ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပြီး အလှူရှင်များကိုမူ လွတ်လပ်စွာလှူဒါန်း ခွင့်ပြုထားသည်ဟု ပြောသည်။
“လပွတ္တာ - မြောင်းမြ ကားလမ်းဘေးမှာ လူသတ်မှု တမှုဖြစ်သွားတယ်။ ကောင်မလေး တယောက်ကို မုဒိမ်းကျင့်ပြီးသတ်ထားတာ။ ဘယ်သူသတ်တာလဲ၊ အသတ်ခံရတဲ့ ကလေးမက ဘယ်ကလဲဆိုတာ အခုထိစုံစမ်း နေတုန်းပဲ။ လုံခြုံရေး တွေချထားတာ အဲလိုမျိုးဖြစ်ရပ်တွေကို ကာကွယ်ဖို့ပါ” ဟု အဆိုပါတပ်ကြပ်ကြီးက ရှင်းပြသည်။
ဒုက္ခသည်များ ပြောင်းရွှေ့အခြေချထားရာ ပိန္နဲတောင်ကျေးရွာနှင့် မင်းကုန်းတောင်ပေါ်တွင် လပွတ္တာမြို့နယ်အခြေစိုက် INGO နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အကူအညီများ ဆက်လက်ပေးလျက်ရှိပြီး တချို့သော INGO အဖွဲ့အစည်းများ မှာ ၎င်းတို့လုပ်ဆောင်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းပြီ ဖြစ်ကြောင်း ကြားသိရသည်။
“ကျနော်တို့ AZG (ဟော်လန် နယ်စည်းမခြားဆရာဝန်များအဖွဲ့) က လပွတ္တာမြို့ကနေပြန် ထွက်ခွာပါပြီ။ အခု ဒုက္ခသည်တွေပြောင်းရွှေ့နေတဲ့ နေရာနဲ့ပတ်သက်လို့ ကျနော်တို့ဘာမှ မသိတော့ဘူး။ ဒီစက်တင်ဘာလထဲမှာ AZG ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မှာပါ” ဟု လပွတ္တာမြို့အခြေစိုက် AZG ရုံးမှ မြန်မာဝန်ထမ်းတဦးက ရှင်းလင်းပြောပြသည်။
လာမည့် ၃ နှစ်အတွင်း နာဂစ်ဆိုင်ကလုန်းဒေသအတွက် ကုလသမဂ္ဂက ကူညီထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သတ်မှတ်ထားသော်လည်း မြစ်ဝကျွန်းပေါ်ဒေသ ပျက်ဆီးဆုံးရှုံးမှုနှင့် နှိုင်းစာလျှင် ထိုငွေပမာဏမှာ မပြောပလောက်ကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်ကပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက လာမည့် စက်တင်ဘာ နောက်ဆုံးအပတ်တွင် အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂ နှစ်လည် ညီလာခံကျင်းပမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနှင့်လည်း မြန်မာပြည်ရှိ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအား ကုလသမဂ္ဂက ပိုမိုကူညီထောက်ပံ့ရန် တိုက်တွန်းပြောကြားသင့်သည်ဟု ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment