ရန်ကုန်သားတာတေ | စက်တင်ဘာ ၂၄၊ ၂၀၀၈
ချင်းမိုင် နံနက်ခင်း၏ လေတဖြူးဖြူးအရသာကို ခံစားရင်း ကျုံးနံဘေး၌ ခြေဦးတည့်ရာ လျှောက်နေ ကြသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၂ ဦးသည် ၎င်းတို့ရှေ့တွင် ကုတ်ချောင်း ချောင်းပုံစံ လမ်းလျှောက်ရင်း ရှေ့နောက် ဘေးဘီဝဲယာကို မယုံသင်္ကာ မျက်လုံး များဖြင့်ကြည့်လိုက်၊ သူတို့ကိုကြည့်လိုက် လုပ်နေသော ဦးရုက္ခစိုးကြီး အား တွေ့လိုက် သဖြင့် ရုတ်တရက် အံ့သြသွားကြ၏။ သူတို့နားရောက်လာတော့ ဦးရုက္ခစိုးကြီးက လေသံကို နှိမ့်၍ …
ရုက္ခစိုး။ ။ ထမင်းစားပြီးကြပြီလား။
ဖိုးရှုပ်။ ။ ဘယ်လိုဖြစ်လာတာလဲ ဦးရုက္ခစိုးရယ်။ လာတာကလည်း နောက်က တ ယောက်ယောက် လိုက်ချောင်းနေလို့ ကျောမလုံတဲ့ပုံနဲ့။ ပြောတော့လဲ ဖြုတ်အီးပေါက် တာကမှ ကျယ်ဦးမယ်။ ဦးရုက္ခစိုး အသံက မနည်းနားထောင်ရတယ်။ ပြောပြန်တော့လည်း ဘာမှမဟုတ်။
ကြွက်စုတ်။ ။ အေးလေဗျာ ကျနော်က ဘာများ ထူးထူးခြားခြားပြောမှာလဲလို့။
ဖိုးရှုပ်နှင့် ကြွက်စုတ် တို့၏ အပြစ်တင်စကားများကို ဦးရုက္ခစိုး ဂရုမစိုက်ဘဲ ဘေးဘီဝဲယာ ပြန်ကြည့်ကာ ခပ်တိုးတိုး ဆက်ပြောလိုက်ပြန်သည်။
ရုက္ခစိုး။ ။ ရန်ကုန်မှာ လုံခြုံရေးတွေ အရမ်းတင်းကျပ်နေတယ်။
ဖိုးရှုပ်။ ။ သြော် ဘာများလဲလို့။ ဦးရုက္ခစိုးက မြန်မာပြည်ခဏ ပြန်သွားတာ ဒီပုံစံ ဖြစ်လာတာကိုး။ ဒါ ချင်းမိုင်ဗျ ကျယ်ကျယ်ပြောစမ်းပါ။
ရုက္ခစိုး။ ။ အေးကွာ ရန်ကုန်မှာ အီးတောင်ကျယ်ကျယ် မပေါက်ရဲတာ အကျင့်ပါလာလို့။
ကြွက်စုတ်။ ။ ဘယ်လောက်တောင် လုံခြုံရေးကချထားလို့လဲဗျာ။ ခင်ဗျားကလည်း ပိုကိုပိုတယ်။
ရုက္ခစိုး။ ။ တမြို့လုံး ပြာပြာ၊ ပြာပြာနဲ့။ လည်ပင်းမှာ အနီပတ်တွေနဲ့။ ပြည့်နှက်နေတာ။ ဘယ်သွားသွား သူတို့ချည်းပဲ။ ဘုရားပေါ်ကော၊ ဘုန်းကြီးကျောင်းကော။ ဘယ်နေရာမှ မလွတ်ဘူးကွ။
ဖိုးရှုပ်။ ။ ဒါကတော့ ကြောက်လို့ပါဗျာ။ စက်တင်ဘာ နှစ်ပတ်လည်နဲ့လည်း အချိန်ကိုက် ဆိုတော့။
ကြွက်စုတ်။ ။ အဲဒါတော့ကြားတယ်ဗျ။ ဘုန်းကြီးကျောင်းတွေဆိုလည်း တရားခံတွေ နေတဲ့ နေရာ ကျနေတာပဲ စောင့်ကြည့်နေတာတဲ့။
ရုက္ခစိုး။ ။ ဟုတ်တယ်။ ဟုတ်တယ်။ ပြီးတော့ ဘုန်းကြီးတွေလည်း ငါးပါးထက် ပိုပြီး စုလို့မရဘူး။ ဘုန်းကြီးလည်း ဘုန်းကြီးနဲ့ကို မတူတော့ပါဘူးကွာ။
ဖိုးရှုပ်။ ။ အင်းထားပါတော့လေ။ ဒါနဲ့ ဦးရုက္ခစိုးက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အထိတ်ထိတ် အလန့်လန့် ဖြစ်နေရတာလဲ။
ရုက္ခစိုး။ ။ ကြောက်စရာအကြောင်းက ပါလာလို့ကွ။ ငါ ရန်ကုန်မှာတုန်းက တရက် ဗိုက်ရစ်လို့ အများသုံး အိမ်သာထဲ ဝင်တာ။ အိမ်သာရှေ့မှာ ကြွက် ၅ ကောင် ရှိနေတယ်ကွ။ ငါလည်း ရန်ကုန်ရောက်တုန်း ဝက်သား တုတ်ထိုးတွေ စားတာ နည်းနည်း များသွားတော့ အိမ်သာထဲ နည်းနည်းကြာသွားတယ်။ အဲဒါကိုကွာ အပြင် ကနေ တံခါးလာထုတယ်ကွ။
ဖိုးရှုပ်။ ။ ဟင်။ တကယ်လားဗျ။
ရုက္ခစိုး။ ။ မညာပါဘူးကွာ။ နတ်စကားပါကွ။ အဲလိုလာထုတော့ အိမ်သာဝင်မယ့်သူ အောက်မေ့လို့ ငါလည်း လူရှိတယ်လို့ အော်တာပေါ့။
ကြွက်စုတ်။ ။ နတ်ရှိတယ်လို့ အော်ရမှာ။
ရုက္ခစိုး။ ။ အဲဒါကွာ ဘာပြောတယ်မှတ်လဲ။ အိမ်သာထဲဝင်သွားတာ မိနစ် ၂၀ တိတိ ရှိနေပြီ။ ကြာလို့ ဝင်စစ်တာပါတဲ့။
ဖိုးရှုပ်။ ။ အဲဒါများဗျာ တံခါးဖွင့်ပေးပြီး တကယ် ဟုတ်မှန်ကြောင်း သက်သေပြတဲ့ အနေနဲ့ အနံ့ရှူခိုင်းလိုက်တာ မဟုတ်ဘူး။
ရုက္ခစိုး။ ။ မဖြစ်ဘူးကွ။ ကြောက်တယ်။ သူတို့လက်ထဲမှာ နံပါတ်တုတ်တွေနဲ့။ အဲဒါနဲ့ ငါလည်း နောက်ပိုင်း အိမ်သာတောင် ကြာကြာ မတက်ရဲတော့ဘူး။ အဲလို ခဏ ခဏ လိုက်လိုက် လာရင် ဒုက္ခ။ ရန်ကုန်ကလည်း ပြန်လာရော ဆီးချုပ်ဝမ်းချုပ် ရောဂါ ပါလာတော့တာပဲ။ လမ်းသွားရင်လည်း ပြာပြာမြင်တိုင်း ကြောက်ရတာ အကျင့်ပါလာ တာကွ။
ကြွက်စုတ်။ ။ သြော် ဖြစ်မှ ဖြစ်ရလေဗျာ။ ဒါနဲ့ ဒီတခေါက် ခင်ဗျားရန်ကုန်သွားတာ။ ဘာသတင်း ထူးတွေ တွေ့ခဲ့၊ ကြားခဲ့ သေးလဲ။
ရုက္ခစိုး။ ။ ထူးတယ်ကွ။ နောက်ပိုင်း လူထုအုံကြွမှုတွေဖြစ်လာရင် စစ်တပ်က မနှိမ်နင်း တော့ဘူး၊ ရဲကပဲ နှိမ်နင်းတော့မယ်တဲ့။ ဒါကတော့ နတ်နားနဲ့ကြားခဲ့တဲ့ သတင်းပေါ့ကွာ။
ဖိုးရှုပ်။ ။ အဲဒါဘာများ ထူးဆန်းလဲဗျာ။ ကုလားကြီးနဲ့ အရာကြီးပဲ ဥစ္စာ။ စစ်တပ်လည်း ပစ်မှာပဲ။ ရဲလည်း ပစ်မှာပဲ။ စစ်တပ်ကစိမ်းပြီး ရဲကပြာတယ် ဒါပဲကွာတာ။
ကြွက်စုတ်။ ။ တခြားထူးတာလေး ပြောစမ်းပါဗျာ။
ရုက္ခစိုး။ ။ ထူးတာပေါ့ကွ။ ပြည်ထဲရေးဝန်ကြီးကပြောတာလေ။ အဲလိုလုပ်တာကတဲ့ နိုင်ငံတော်က သူတို့ကိုအာဏာပေးသလို ဘာလိုလိုနဲ့ လူမုန်းခံရအောင် လုပ်တာ ဆိုပဲ။ သူတို့ဌာနက နိုင်ငံတကာက စောင့်ကြည့်တာလည်း ခံရသေး လူမုန်းလည်း ခံရသေးပေါ့ လေ။ အဲလိုပြောတာပဲ။
ဖိုးရှုပ်။ ။ ဒါကတော့ဗျာ။ ဒီတိုင်းလည်း မုန်းပြီးသားပါပဲ။ ထူးပြီးထပ်မုန်းစရာ မရှိပါဘူး။
ကြွက်စုတ်။ ။ ဒါဆို ပြည်ထဲရေးဝန်ကြီးဌာနက လောလောဆည် မြို့မေတ္တာ ခံယူမယ့် သားပေါ့။
ရုက္ခစိုး။ ။ သေချာတာပေါ့ကွာ။ ဗိုလ်ချုပ်မောင်ဦးက နာဂစ်အလှူကိစ္စတွေကိုလည်း တော်တော်လေး မကျေမလည် ဖြစ်နေတာကွ။ အဓိကကတော့ အမေရိကန်ပေါ့ကွာ။ ရေနဲ့ဘီစကစ်တွေပေးနေတာ ရပ်ပါတော့။ တော်ပါပြီဆိုတာ မရဘူး ဆက်ပေးနေလို့တဲ့။ စိတ်တိုနေတယ်။
ဖိုးရှုပ်။ ။ ဟုတ်တယ်လေ။ ရေနဲ့ ဘီစကစ် ဘာလုပ်ရမှာလဲ။ ဒေါ်လာပဲ လိုချင်တဲ့ ဥစ္စာ။
ရုက္ခစိုး။ ။ အိမ်ဆောက်ပစ္စည်းတွေ တောင်းတော့လည်း တာပေါ်လင်စတွေပဲ ပေးတယ်ဆိုပြီး ဒေါသထွက်နေတာကွ။
ကြွက်စုတ်။ ။ ဒါများ ဒေါသက ထွက်ရသေးတယ်။ အဲဒီတာပေါ်လင်စတွေကို သူတို့လူတွေပဲ ပြန်ရောင်းစားကြတာပဲ။ လပွတ္တာ နာဂစ်ဈေးထဲမှာတောင် ဝယ်လို့ရတယ်။ ဒါနဲ့ နိုင်ငံရေး အကျဉ်းသား တချို့လွှတ်ပေးတယ်တဲ့နော်။ သတင်းစာ ဆရာကြီး ဦးဝင်းတင်တောင် ပါသေးတယ်။
ဖိုးရှုပ်။ ။ အကျဉ်းသား ၉ ထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၈ ယောက်ပဲ ပါတာ ပါကွာ။ ဘာပဲဖြစ်ဖြစ် ဦးဝင်းတင် လွတ်တာတော့ ဝမ်းသာတယ်။
ရုက္ခစိုး။ ။ မင်းတို့ကလည်းကွာ။ သတင်းစာကရေးတဲ့ ဒေတာကိုများ အဟုတ်ပြောနေ သေးတယ်။ ၉ ထောင်ကျော်ဆိုတာ ဘယ်သူသွားရေထားတာမို့လို့လဲ။
ဖိုးရှုပ်။ ။ ဒါလည်း ဟုတ်တာပဲ။ သူတို့လွှတ်ချင်သလောက်လွှတ်ပြီး ရေးချင် သလောက် ရေးလို့ ရတာပဲနော်။
ခဏငြိမ်သွားကြပြီးနောက်တွင် ကြွက်စုတ်က မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ လေသံဖြင့် ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဒီတိုင်းဆို မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ပြန်သုံး သပ်ရရင် မူ ရှိတဲ့သူတွေ အောင်မြင်တယ် ပြောရမှာပဲဗျ။
ဖိုးရှုပ်။ ။ ကြွက်စုတ်တို့က ကြီးကြီးကျယ်ကျယ် ပြောပြီ။ မင်းပြောသလိုဆို မူ ရှိတဲ့သူက တယောက်မှ မရှိဘူး ဖြစ်နေပြီကွ။ ဘယ်သူမှ မအောင်မြင်သေးတာ။
ကြွက်စုတ်။ ။ ဟ ခု ဦးဝင်းတင် လွတ်ပြီလေကွာ။ မူ ရှိလို့ အောင်မြင်တာပေါ့။
ရုက္ခစိုး။ ။ နေဦး မင်းတို့ ၂ ယောက် မငြင်းကြနဲ့ဦး။ ငါပြောဦးမယ်။ မူရှိတဲ့သူ အောင်မြင် မမြင်တော့ မသိဘူး။ မူ တဲ့သူကတော့ လောလောဆယ် အသာစီးရနေတာ အမှန်ပဲ။
ဖိုးရှုပ်။ ။ လုပ်ပြန်ပြီ ဦးရုက္ခစိုးကတော့။ ရှင်းရှင်းပြောဗျာ။
ရုက္ခစိုး။ ။ မူတဲ့သူလေကွာ။ နအဖ ကိုပြောတာဟေ့။ မူ နေတာ နှစ် ၂၀ ရှိပြီ။ ခုထိ ပေးမယ့်ဟာ မပေးသေးဘူး။
ဦးရုက္ခစိုးစကားကြောင့် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ၂ ဦးမှာ မူရှိတဲ့သူနှင့် မူတဲ့သူ ဘယ်သူ အောင်မြင်မလဲ ဆိုတာကို အလုပ်မရှိ အစ်ရှုးတင်ငြင်းရင်း ဦးရုက္ခစိုးကို မေ့သွားကြတော့၏။ ဦးရုက္ခစိုးကတော့ မြန်မာ ပြည်ကပေးလိုက်သည့် ပြာပြာမြင် ကြောက်သည့်စိတ်နှင့် ဆီးချုပ်၊ ဝမ်းချုပ်ဝေဒနာကို ကုသရန် ဘယ်ဆေး ခန်းကောင်းသလဲဟု မမေးလိုက်ရသောကြောင့် ထို ၂ ယောက်နောက်မှ အမီပြေးလိုက်နေရတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment