ကိုထွေး | စက်တင်ဘာ ၁၈၊ ၂၀၀၈
လက်ရှိ ကြုံတွေ့နေရသော အစာရေစာရှားပါးသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ချင်းလူမျိုးတို့သည် ဇာတိမြေကို စွန့်ခွာပြီး အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်သို့ သွားရောက်၍ အလုပ်အကိုင်များ ရှာဖွေ နေကြကြောင်း သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဗစ်တာ ဗိုက် လီယန်က“နေ့စဉ်လိုလို ချင်းလူမျိုးဒုက္ခသည်တွေဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက် နယ်စပ်ကို ဖြတ်ကျော်ပြီး မီဇိုရမ်ကို ရောက်လာကြပါတယ်၊ အခုဆိုရင် အလုပ်လာရှာတာ ခန့်မှန်းခြေ လူ၂၀၀၀လောက် ရှိသွားပါပြီ၊ နောက်လည်း ချင်းလူမျိုးအတော်များများက ထပ်ပြီးရောက်လာဖို့ ရှိပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။
ယခင် သီတင်းပတ်က အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ချင်းပြည်နယ်ရှိ ရွာ ၁၅ ရွာမှ ရွာလူကြီှး များသည် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ နိုင်ငံတကာမှ အကူအညီကို တောင်းခံခဲ့ကြောင်းနှင့် အစာရေစာပြတ်လပ်မှုကြောင့် ကလေးသူငယ် ၁၅ ဦး အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
“ချင်းပြည်နယ်မှာရှိတဲ့ ရွာ ၁၅ရွာကလူကြီးတွေဟာ နိုင်ငံတကာက အလှူရှင်တွေကို သူတို့ဒေသမှာ လက်ရှိ ဖြစ်နေတဲ့ အစာရေစာရှားပါးတဲ့ ပြဿနာနဲ့ အခြေအနေတွေကို တင်ပြခဲ့ပြီးတော့ အကူအညီတွေပေးဖို့ တောင်းခံခဲ့ပါတယ်၊ အခုချိန်အထိ ရွာသားအတော်များများဟာ ဘာအကူအညီမှ မရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တွင် အစာရေစာရှားပါးသည့် ပြဿနာမှာ တနေ့တခြား ပိုမိုဆိုးဝါးလာနေသော်လည်း အာဏာပိုင်များက တစုံတရာတာဝန်ယူဖြေရှင်းပေးခြင်း မရှိသည့်အပြင် နိုင်ငံရပ်ခြားရောက် မြန်မာလူမျိုး များက ချင်းလူမျိုးများကို ထောက်ပံ့ပေးအပ်နေသော အကူအညီများကိုလည်း တားမြစ်ထားကြောင်း ချင်းတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
“လက်ရှိအခြေအနေက အရင်ကထက် ပိုဆိုးလာတယ်၊ အာဏာပိုင်တွေက ဘာတခုမှ အကူအညီမပေးဘူး၊ သူတို့ပြောတော့ ကျေးရွာတွေမှာ ဖြစ်ပျက်တဲ့ဟာတွေကို သတင်းပို့ပါ၊ သတင်းပို့တော့လည်း သက်ဆိုင်ရာ တွေက အထက်ကို တင်ပြတာပဲရှိတယ်၊ ဘာမှမလုပ်ပေးဘူး၊ာရွာက လူကြီးတွေနဲ့ ဘာသာရေးအဖွဲ့အစည်း တွေက ကိုယ့်ရွာအခက်အခဲကို ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းနေတယ်၊ မဖြေရှင်းနိုင်ရင်တော့ ဒီအတိုင်းပါပဲ၊ အစိုးရကနေ ဖြေရှင်းပေးတာတော့ မရှိသေးဘူး၊ အချိန်ကြာလေလေ ပိုဆိုးလာ လေလေပဲ”ဟု ဟားခါးမှ အစိုးရ၀န်ထမ်း တဦးက ဧရာဝတီသို့ ပြောသည်။
မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ (Chin Famine Emergency Relief Committee)က ချင်းပြည်နယ်ရှိ လူဦးရေ ငါးသိန်းရှိသည့် အနက် တသိန်းခန့်မှာ အစာရေစာရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာလမှ စတင်ခဲ့ကြောင်းနှင့် လူအများစုမှာ ဆန်ပြုတ်၊ သစ်သီးသစ်ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသောက်၍ အသက်ဆက်နေရကြောင်း ပြောသည်။
လွန်ခဲ့သော လပိုင်းက ချင်းပြည်နယ်၌် လူအများစိုက်ပျိုးထားသော စိုက်ခင်းအတွင်းရှိ သီးနှံများကို ကြွက်များဝင်ရောက်စားသောက် ဖျက်ဆီးခဲ့ရာမှ စတင်ကာ အဆိုပါအစာရေစာ ရှားပါးသည့် ပြဿနာ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ကြွက်နှိမ်နှင်းမှုနှင့် ပတ်သက်၍ ကျေးရွာရှိရွာလူကြီးများနှင့် ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများက ကိုယ့်အစီအစဉ်ဖြင့် ကြွက်သတ်ဆေးများ၊ ထောင်ချောက်များ ၀ယ်ယူ၍ရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူများကို ပြန်လည်ဖြန့်ချိပေးခဲ့သဖြင့် အခြေအနေမှာ အနည်းငယ်ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ယခုလက်ရှိ အနေထားမှာ ပိုမိုဆိုးဝါးလာကြောင်း သိရသည်။
အဆိုပါငတ်မွတ် ခေါင်းပါးသည့် ကပ်ဘေးဒဏ်သည် ချင်းပြည်နယ်တွင် လွန်ခဲ့သော နှစ် ၅၀ ခန့်က တကြိမ် ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ ၀ါးအပွင့်များကို စားသုံး၍ကြွက်များ ပိုမိုမျိုးပွားလာကာ ဆန်စပါးစိုက်ခင်းများနှင့် သီးနှံစိုက်ခင်းများကိုဝင်ရောက် ဖျက်ဆီးမှုကြောင့် ဖြစ်ကြောင်းနှင့် ၀ါးပေါသည့် နေရာဒေသများတွင် အဆိုပါပြဿနာမှာ ပိုမိုဆိုးဝါးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ထိုကြောင့် နိုင်ငံတကာ ဆန်စပါးသုတေသန အဖွဲ့ကြီးကလည်း ချင်းပြည်နယ်၏ အစာရေစာရှားပါးသည့် ပြဿနာမှာ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment