ကိုထွေး | စက်တင်ဘာ ၁၆၊ ၂၀၀၈
နေအိမ်အကျယ်ချုပ်ကျနေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပ မှ ပေးပို့နေသာအစားအစာများကို ယမန်နေ့ ညနေမှစတင်၍ လက်ခံကြောင်းနှင့် အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဧရာဝတီသို့ ပြောသည်။
အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက“တနလာင်္နေ့ ညနေပိုင်းက စလက်ခံပါတယ်၊ ဒီနေ့လည်း လက်ခံပါ တယ်၊ တိုင်း မဂ္ဂဇင်း(Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စတဲ့ မဂ္ဂဇင်းကြီးများနဲ့ မြန်မာ သတင်းစာတွေ နိုင်ငံရပ်ခြားရှိ သားထံမှ ပေးပို့စာတွေကို သွင်းခွင့်ပြု ပါတယ်၊ အဲဒါကတော့ ကျနော် တို့ဆီက ကိုင်တာ မဟုတ်ပါဘူး၊ အခု သူတို့သွင်းဖို့ အစီအစဉ်တွေ လုပ်နေပါတယ်၊ လက်ခံသဘော တူပြီး သားပါ၊ ကျန်းမာရေးနဲ့ ပတ်သက်လိုကတော့ သူ့ ရှေ့နေမျက်မြင် ပြောသလိုပါဘဲ၊ ကျနော်တို့သိပ်မသိပါ ဘူး”ဟု ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်ပမှနေ့စဉ်ပေးပို့နေသော အစားအစာ လက်မခံ ခြင်းသည် အစာငတ်ခံဆန္ဒပြနေခြင်း မဟုတ်ကြောင်း အတူနေ သူမအား စောင့်ရှောက်ပေးနေသည့် ကျန်းမာ ရေးချိုတဲ့နေသောဒေါ်ခင်ခင်ဝင်းကို ငဲ့ညှာသည့်အနေဖြင့် အစားအစာကိုခြိုးခြံ၍ စားသောက်ခဲ့သည့်အတွက် ၎င်းမှာ အင်အားနည်းပါးနေခြင်း ဖြစ်ကြောင်း အန်အယ်လ်ဒီ က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် အား တနင်္ဂနွေနေ့ကသွားရောက် တွေ့ဆုံခဲ့ သော မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အာဟာရချို့တဲ့မှုဖြစ်ပွားနေသည်ကို သိရှိရ ကြောင်း၊ အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ်ကြောင်း နှင့် ယခုအခါ ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေး စစ်ဆေးခွင့်ရရှိပြီဖြစ်ကြောင်းလည်း ၎င်း၏ ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုသည်။
ယခု လဆန်း ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြင်ပအစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင် ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း အန်အယ်လ်ဒီ က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်း သိမ်းစဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်း သားအမိကို ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် မတရား နေအိမ်အကျယ်ချုပ်ချခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မိန့်ပါ အချက်နှင့် အကျုံးမ၀င်သည့် ကိစ္စများကို အာဏာပိုင် တို့က အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်၏ ဘ၀ လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့ အတွက် မတရား ဖမ်းဆီး ထိန်းသိမ်းထားသော အာဏာပိုင်တို့တွင် တာဝန်ရှိ ကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment