ကိုစိုး | စက်တင်ဘာ ၂၆၊ ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် စနေနေ့၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် အဖွဲ့ဝင်များ တက်ရောက်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။
ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်၌ ကျင်းပမည့် ယင်း အနှစ် ၂၀ ပြည့် အခမ်းအနား သို့ အင်္ဂါနေ့က ပြန်လည် လွတ်မြောက် လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်အမတ်များ အပါအ၀င် အဖွဲ့ဝင် ၆ ဦး ခန့် တက်ရောက်မည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းကပြောသည်။
“အခုပြန်လွတ်လာတဲ့လူတွေ အားလုံးတက်ရောက်မယ်လို့လည်း ထင်ပါတယ်၊ ကျန်းမာရေး အခြေ အနေပေါ် မှာတော့ တည်တာပေါ့၊ ဆရာ ဦးဝင်းတင်ကတော့ တက်မှာပါ၊ အစီအစဉ်အနေနဲ့ တော့ ရိုးရိုးပါပဲ၊ ဒါပေမယ့် သဘာပတိ မိန့်ခွန်းတို့၊ ကြေညာချက်တို့မှာတော့ နိုင်ငံရေးအရ နည်းနည်း ထူးထူးခြားခြား ပါပါ လိမ့်မယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။
အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေးကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။
တချိန်းတည်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ယမန်နေ့က ခေါ်ယူပြောဆိုခဲ့ကြောင်း သိရသည်။
“အဓိကက တော့ ကျနော်တို့ အထူးကြေညာချက်မှာ ဖော်ပြတဲ့ အချက်အလက် တွေကတဲ့ ပြည်သူလူထုကို လှုံ့ဆော်ရာကြတယ်တဲ့၊ အဲဒါ ကြောင့် ကြေညာချက်ကို ရုပ်သိမ်းပေးပါတဲ့ ၊ ကျနော်တို့ အဖွဲ့ ပြန်ပြောတာက မဟုတ်ဘူး ဒီမှာပါတဲ့ အချက်အလက်တွေက အမှန်တွေ၊ ကျနော်တို့မှာ အထောက်အထားတွေ အကုန်ရှိတယ်၊ ဒါကြောင့် မရုပ်သိမ်းပေးနိုင်ဘူးလို့ ဖြေခဲ့တယ်”ဟု ဦးဥာဏ်ဝင်း က ပြောသည်။
အဆိုပါ ကြေညာချက်တွင် အမှန်တကယ် လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲခြင်းမဟုတ်သောကြောင့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်မ၀င်မီ အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် လွှတ်တော်ခေါ်ယူရန် တို့ကို တောင်းဆိုထားခြင်းများ ပါဝင်သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ရှေ့နေ ဦးသိန်းညွန့်ကလည်း“အခုအချိန်မှာ ပြန်လည်သုံးသပ် မယ်ဆိုရင် အားလုံးသဘောတူညီတဲ့ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာပြီးတော့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို လည်း လုပ်နိုင်တဲ့၊ တကယ်မှန်ကန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အားလုံးအကောင်အထည်ဖော်နိုင်ဖို့ အတွက် ဟာ အခုအခြေခံ ဥပဒေကိုပြန်သုံးသပ်တာလုပ်သင့်တယ်” ဟု ပြောဆိုသည်။
ကြေညာချက်ကို မရုပ်သိမ်းပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရှိရသော်လည်း အရေးယူခံရနိုင် သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်းလည်း သိရသည်။
ယမန်နေ့က ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး ကို ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က ပြည်ထဲရေး ၀န်ကြီးဌာနတွင်ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်း ကပြောသည်။
“အခုလို ဘာကြောင့် ခေါ်ပြောတယ်ဆိုတာ ကျနော်တို့ သိပ်တော့ မပြောတတ်ဘူး၊ ဒါပေမယ်လို့ အဖွဲ့ချုပ်အပေါ် မှာ ဖိအားပေးတဲ့ သဘောတော့ ရှိတာပေါ့”ဟုလည်း ဦးဥာဏ်ဝင်း က ပြောဆိုသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ အန်အယ်လ်ဒီက ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ခြင်း၊ အစိုးရအပေါ် ပြည်သူအများက အထင်မှား အကြည်အညို ပျက်စေခြင်း၊ အစိုးရနှင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျ စေခြင်းနှင့် ထိခိုက်ပျက်ပြားစေခြင်း၊ ဆန္ဒမဲပေးခဲ့သော ပြည်သူများကို စော်ကားရာ ရောက်စေခြင်းများ ပါရှိနေ သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခေါ်ယူတွေ့ဆုံ သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နအဖ စစ်အစိုးရက မေလတွင် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့သော် လည်း အန်အယ်လ်ဒီက ဒီမိုကရေစီနည်းလမ်းမကျသောကြောင့် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်း ဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment