အေးချမ်းမြေ့ | စက်တင်ဘာ ၂၉၊ ၂၀၀၈
ပွင့်လင်းရာသီမှစ၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားလာ နိုင်မည့် ခရီးသွားအစီအစဉ် စတင်တော့မည်ဖြစ်ကြောင်း Exotissimo Travel ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုတင်ကပြောသည်။
“နာဂစ်ဒေသကို သွားရောက် လေ့လာချင်တဲ့ နိုင်ငံခြားသားခရီးသွားတွေ ရှိရင် ကျမတို့ ကုမ္ပဏီက တာဝန်ယူ ပြီး ပို့ပေးမှာပါ။ အဲဒီအစီအစဉ်ကို Heart of the delta လို့ နာမည်ပေးထားပါတယ်” ဟု ဒေါ်စုစုတင်က ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက နာဂစ်ဆိုင်ကလုန်းဒဏ်ခံရသော ဒေသသည် နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက် ဆွဲဆောင်မှုတခု ဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
Exotissimo Travel ကုမ္ပဏီသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသရှိဒုက္ခသည်များ အတွက် အမေရိကန်ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကမ္ဘာလှည့်ခရီးသွားတွေကို ဒုက္ခသည်တွေနဲ့ တွေ့ပေးဖို့အထိ စီစဉ်ထားတယ်။ အဲဒီမှာ သူတို့တွေ အနေနဲ့ လှူခဲ့ချင်တယ် ဆိုရင်လည်း လှူလို့ရအောင် စီစဉ်ပေးမယ်” ဟု ဒေါ်စုစုတင်ကပြောသည်။
မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး နောက်ပိုင်းတွင် မြန်မာပြည် ခရီးသွားလုပ်ငန်း များ ကျဆင်းခဲ့ပြီး ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းများ၊ ဧည့်လမ်းညွှန်များနှင့် ၎င်းခရီးသွားလာရေး လုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းရလုနီးပါးထိ ကျဆင်းခဲ့သည်။
မြန်မာပြည်တွင်းရှိ ခရီးသွားလာရေး ကုမ္ပဏီကြီးများထဲမှ တခုဖြစ်သော တိုးမန္တလေးကုမ္ပဏီဆိုလျင် လုပ်ငန်း များ ပုံမှန်မလည်ပတ်နိုင်သောကြောင့် ယခင်လများက ဝန်ထမ်းများကို လစာလျှော့ကာ တပတ် ၆ ရက်အစား ၃ ရက်သာ အလုပ်ဆင်းခိုင်းသည်အထိ ဖြစ်ခဲ့သည်။
ယခုအခါတွင်မူ ပွင့်လင်းရာသီအစပြုပြီ ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း အနည်းငယ်ဦးမော့လာပြီ ဖြစ်ကြောင်းနှင့် တပတ်လျင် ၅ ရက် အလုပ်ပြန်လည် ဆင်းနေရပြီဖြစ်ကြောင်း တိုးမန္တလေး ကုမ္ပဏီ အသိုင်းအဝန်းမှ ကြားသိရသည်။
“မိုးတွင်းမို့လို့ ခရီးသည် မဝင်တာလည်းပါတယ်။ ဒါပေမယ့် ခါတိုင်းနှစ်ထက်ဆိုးတာက နာဂစ် ဖြစ်လိုက်တာ ကြောင့်ပါ။ ခါတိုင်းဆို မိုးတွင်းဆိုပေမယ့် ဧည့်သည် အနည်းအကျဉ်းတော့ ရှိသေးတယ်” ဟု ရန်ကုန် အခြေ စိုက် ဧည့်လမ်းညွှန်တဦးကဆိုသည်။
ယခုအခါတွင် ပွင့်လင်းရာသီ စတင်လာပြီဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း အနည်းငယ် ပြန်လည် ဦးမော့ လာပြီး နိုင်ငံခြားသား ဧည့်သည်တချို့မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသ များသို့ သွားရောက်လေ့လာချင်ကြသည်ဟု အမည်မဖော်သည့် ခရီးသွားကုမ္ပဏီတခုက ပြောပြသည်။
၎င်းကုမ္ပဏီကပင် နာဂစ်ဆိုင်ကလုန်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသများသို့ နိုင်ငံခြားခရီးသွား ဧည့်သည် များကို လိုက်ပါပို့ဆောင်ပေးမှုများ ရှိနေသည်ဟုဆိုသည်။
“တရားဝင် အကြီးအကျယ်ပို့တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် သွားချင်သူတွေရှိတယ်။ ကျမတို့ ပို့လည်း ပို့ပေးနေပါတယ်” ဟု သူကပြောသည်။
သို့ရာတွင် ယင်းအစီအစဉ်သစ်အပေါ် ဝေဖန်မှုများလည်း ရှိနေကြသည်။
“တကယ်က အဲဒီဒေသတွေကို နိုင်ငံခြားသားတွေ သွားဖို့မလွယ်ပါဘူး။ ဒါသက်သက် ရူးတာပါ။ အိမ်သာက အစ အဆင်မှမပြေတာ” ဟု ရန်ကုန်အခြေစိုက် ဧည့်လမ်းညွှန်တဦးက သုံးသပ်သည်။
ယခုကဲ့သို့ နာဂစ်ဒေသခရီးသွားလုပ်ငန်း Heart of the delta အစီအစဉ်ကို ပွင့်လင်းရာသီ အောက်တိုဘာ လဆန်းမှ ဖေဖော်ဝါရီလကုန်ခန့်အထိ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ယခုအချိန်ထိ ဆက်သွယ် သွားလာလိုသူ မရှိသေးကြောင်းနှင့် ယခုအစီအစဉ်မှာ စီးပွားရေးကြော်ငြာ သက်သက်သာဖြစ်ကြောင်း ဒေါ်စုစုတင်က ပြောသည်။
Exotissimo Travel ကုမ္ပဏီသည် ပြင်သစ်နိုင်ငံအခြေစိုက် ခရီးသွားကုမ္ပဏီတခုဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ထားသော အရှေ့တောင်အာရှ အကြီးဆုံး ခရီးသွားလုပ်ငန်းကြီးများထဲတွင် ပါဝင်သည်။
ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက ယခုနှစ်ပွင့်လင်းရာသီတွင် နိုင်ငံခြားသား ခရီးသွား များ ပြန်လည်ဝင်ရောက်မှုရှိသော်လည်း ယခင်နှစ်များကနှင့် နှိုင်းယှဉ်လျင် ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ဆိုသည်။ ၎င်းတို့ထံမှ ကြိုတင် ငှားယမ်းထားသည့် ဟိုတယ်အခန်းများကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် ပြီးစက ဖျက်သိမ်းခံရသည်ဟုလည်း ပြောသည်။
“နာဂစ်ဆိုင်ကလုန်း ဒေသကို ပြပြီး ဧည့်သည်တွေကို ဆွဲဆောင်မယ် ဆိုတာကတော့ မျောက်ပြ ဆန်တောင်း သလိုပဲ။ မလုပ်သင့်ပါဘူးဗျာ” ဟု ၎င်းက ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment