ကိုသက် | စက်တင်ဘာ ၃၀၊ ၂၀၀၈
သီတင်းကျွတ်မီးထွန်းပွဲတော် နီးကပ်လာသည်နှင့်အမျှ လွန်ခဲ့သည့်အပတ်ကစ၍ ရန်ကုန်ရှိ မြို့နယ်၊ ရပ်ကွက် အသီးသီးတွင် သက်ဆိုင်ရာအာဏာပိုင်များက ဗျောက်အိုးမဖောက်ရန်နှင့် ဖောက်လျှင်အရေးယူမည်ဟု လိုက်လံညွှန်ကြားလျက် ရှိသည်။
စစ်အစိုးရက အများပြည်သူ အထိတ်တလန့်ဖြစ်စေပြီး နိုင်ငံတော်တည်ငြိမ်မှုကို မသမာသူများက ဖျက်စီးမည်ဟု အကြောင်းပြကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလအတွင်း ကလေးသူငယ်များ ဗျောက်အိုး ဖောက်ကစားခြင်းကို ပိတ်ပင်တားဆီးခဲ့သည်မှာ ဆယ်စုနှစ်တခုကျော်ခဲ့ပြီ ဖြစ်သည်။
“… ဗျောက်အိုးဖောက်ရင်ထောင်ဒဏ်တနှစ်၊ ရောင်းရင်ထောင်ဒဏ် ၃ နှစ်၊ သတင်းပေးသူကို ထိုက်တန်စွာဆုပေးမည်တဲ့ …” ဟု ရန်ကုန်ရှိ ကုမ္ပဏီဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
ဒေသဆိုင်ရာ ရပ်ကွက်အာဏာပိုင်တို့က အဆိုပါ ကုမ္ပဏီဝန်ထမ်းပြောပြသကဲ့သို့ ရပ်ကွက်အတွင်း တလမ်းဝင် တလမ်းထွက် လိုက်လံနှိုးဆော်လေ့ရှိသည်ကို ရပ်ကွက်နေလူထုက နှစ်ခြိုက်ခြင်းမရှိပေ။
“ကျောက်မြောင်းထဲမှာဆို လိုက်အော်တဲ့ကားပေါ်ကို တိုက်ပေါ်ကနေ ဗျောက်အိုးတွေအတွဲလိုက်ပစ်ချလိုက်လို့ ကားမောင်းပြေးရတာမျိုး ခဏခဏတွေ့ရတယ်” ဟု တာမွေမြို့နယ်တွင်နေထိုင်သူတဦးက ပြောသည်။
ဗျောက်အိုးဖောက်ကစားသူအများစုသည် ဆယ်ကျော်သက်အရွယ်များဖြစ်ကြသည်လည်း ၎င်းက ပြောသည်။
“သတင်းကျွတ်မှာ မီးပုံးလေးတွေချိတ်ဆွဲ .. မီးရှူးမီးပန်းတွေကစားတာ ရိုးရာလေ။ ဒီနောက်ပိုင်းတော့ ဗျောက်ဖောက်တာပါ ရိုးရာအသစ်တခုလို ဖြစ်လာတာပေါ့။ ဗျောက်အိုးဖောက်တာနဲ့ နိုင်ငံတော်ကို မတည်ငြိမ်အောင် … ဖျက်ဆီးတယ်ဆိုတာကတော့ အတော်လေးရယ်စရာကောင်းတယ် … ပျော်ရွှင်ဖွယ် ကစားစရာတခုအနေနဲ့ စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းပေးရင် ပြဿနာမရှိဘူးလို့ ထင်ပါတယ်” ဟု ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားတဦးက သူ၏ထင်မြင်ချက်ကို ပြောပြသည်။
“ဗျောက်အိုးလေးဖောက်မိသူကို ရေးကြီးခွင်ကျယ်လုပ်ပြီး အမှုလုပ်၊ ပြဿနာရှာနေတာတော့ မယောင်ရာ ဆီလူးနေတယ်လို့ပဲမြင်တယ်။ ဆူညံမှုလုပ်မရတဲ့ ဆေးရုံ၊ ရိပ်သာ၊ ကျောင်း စတဲ့နေရာတွေကလွဲရင် ကျန်တဲ့နေရာမှာ သိပ်အလွန်အကျွံမဟုတ်ရင် ပျော်ရွှင်ဖွယ်ကစားမှုတခုအနေနဲ့လက်ခံပြီး ခွင့်ပြုထားလို့ ရပါတယ်” ဟုလည်း ၎င်းကဆက်ပြောသည်။
ယခုလဆန်းပိုင်းက ရန်ကုန်ရှိ မြို့နယ် ရပ်ကွက်များတွင် ဗျောက်အိုးဖောက်သံတချို့ကို ကြားခဲ့ရသော်လည်း
နေရာတိုင်းတွင် လက်နက်ကိုင်ရဲများဖြင့် လုံခြုံရေးကို အဆမတန်ချထားသည့် လက်ရှိအခြေအနေတွင် ဗျောက်အိုးသံများ တဖြည်းဖြည်းစဲသွားသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။
ဗျောက်အိုးဖောက်သူ၊ ရောင်းသူများအား ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်၍ လမ်းမတော်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “အဲဒီကိစ္စနဲ့ပတ်သက်လို့ကတော့ မယက ကို မေးကြည့်ပါ၊ ကျနော်တို့အနေနဲ့ ဘာမှပြောလို့မရပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment