အေးချမ်းမြေ့ | စက်တင်ဘာ ၁၅၊ ၂၀၀၈
ထိုင်းနိုင်ငံ အယုဒ္ဒယမြို့ အယုဒ္ဒယမြစ် ထဲတွင် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နေ့များက ကျင်းပခဲ့သော ထိုင်း အပြည်ပြည်ဆိုင်ရာ လောင်းလှေပြိုင်ပွဲ၌ မြန်မာအသင်းက အပြတ်အသတ် ဗိုလ်စွဲခဲ့ကြောင်း သတင်း ရရှိသည်။
ထိုင်းရိုးရာ နဂါးလှေကြီးများကို နိုင်ငံတကာမှ လှေအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွဲတိုင်းတွင် မြန်မာက အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း လှေပြိုင်ပွဲသို့ သွားရောက် ကြည့်ရှုခဲ့သူ တဦးကပြောပြသည်။
ယင်းလှေပြိုင်ပွဲသို့ ထိုင်းလက်ရွေးစင် အိမ်ရှင်အသင်း အပြင် မြန်မာ၊ မလေးရှား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ သြစတေးလျနှင့် အမေရိကန် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထိုင်းနိုင်ငံ လက်ရွေးစင် အသင်း အချင်းချင်း ယှဉ်ပြိုင်သောပွဲများလည်း ပါဝင်ကြောင်း သိရသည်။
“မြန်မာက အပြတ်အသတ်ကို နိုင်တာ။ သူတို့က နှာတဖျားသာလောက်ကို အနိုင် အရှုံး ဆုံးဖြတ်တာလေ။ ဒါပေမယ့် မြန်မာလှေက ပန်းဝင်တာ တော်တော်ကွာတယ်။ မလေးနဲ့ ပွဲဆို လှေနှစ်စင်းစာလောက် ရှေ့မှာ ကျောပြီးပန်းဝင်တာ” ဟု သွားရောက်ကြည့်ရှုခဲ့သူက ပြောပြသည်။
လောင်းလှေများ ယှဉ်ပြိုင်ရာတွင် ၂ စင်းစီယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ထိုင်းလက်ရွေးစင် အသင်းများမှာ အယောက် ၅၀ စီဆန့်သည့် လှေကြီးများဖြင့် ယှဉ်ပြိုင်ရ၍ နိုင်ငံတကာ ပြိုင်ပွဲမှာ ၂၂ ယောက်စီ ယှဉ်ပြိုင်ရသည်ဟု သိရသည်။
အနိုင်ရ ဗိုလ်စွဲခဲ့သည့် မြန်မာအသင်းမှာ ဆုငွေ ဘတ် ၄ သိန်း ရရှိခဲ့ပြီး ထိုင်းနိုင်ငံသား အချင်းချင်း ပြိုင်ပွဲအတွက် ဆုကြေးငွေမှာ ဘတ် ၁ သိန်းခွဲဖြစ်သည်။
ဆုဖလားမှာလည်း ၂ မျိုးဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းများ ယှဉ်ပြိုင်သည့် ပွဲအတွက်က ဘုရင်မဖလားဖြစ်သည်။ နိုင်ငံတကာ ပြိုင်ပွဲအတွက်မူ ဝန်ကြီးချုပ်ဖလား ဖြစ်ကြောင်း သိရသည်။
၁၃ ရက်နေ့က မနက်ပိုင်း လှေပြိုင်ပွဲကျင်းပပြီးချိန်တွင် ညနေပိုင်း၌ မိုးကြီးလေကြီး ကျသဖြင့် ပွဲကိုခေတ္တ ရပ်နားထားရကြောင်း လှေပွဲသွားကြည့်သူက ပြောပြသည်။
“ကမ်းပေါ်ကတဲတွေတောင်လွင့်ကုန်တယ်။ လေကတော်တော်ပြင်းတာ။ အဲဒါနဲ့ ညနေပိုင်း ပွဲကို ရပ်လိုက်ရတယ်။ ကြည့်တဲ့သူတွေလည်း အကုန်ထွက်ပြေးကြတာပဲ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် ၎င်းလောင်းနဂါးလှေကြီးများ ပြိုင်ပွဲကို ဟိုယခင် အယုဒ္ဒယ ရှေး ဟောင်းမြို့မတည်ခင် ကတည်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအတွင်း ဒီရေ အတက်ဆုံး အချိန်များတွင် ကျင်းပလေ့ရှိကြောင်း သိရသည်။
ယခုအခါ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲအဖြစ် ဖိတ်ခေါ် ကျင်းပရခြင်းမှာ ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းချဲ့ထွင်ရန်နှင့် ထိုင်းရိုးရာအမွေအနှစ် မတိမ်ကော မပပျောက်စေရန် ဖြစ်ကြောင်း ထိုလှေပြိုင်ပွဲတွင် ရှင်းပြခဲ့သည်ဟု ဆိုသည်။
ပြိုင်ပွဲဝင် မြန်မာလှေအသင်းသားများမှာ ဆီးဂိမ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေကျ စခန်းသွင်း လေ့ကျင့်ထားသူများဖြစ်ပြီး အသင်းသား ၂၄ ဦး အသင်း အုပ်ချုပ်သူ ၃ ဦးနှင့် နည်းပြ ၁ ဦးတို့ ပါဝင်ပြီး ယနေ့ မြန်မာပြည်သို့ ပြန်သွားပြီဖြစ်ကြောင်း ကြားသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment