ဧရာဝတီ | စက်တင်ဘာ ၂၂ ၊ ၂၀၀၈
ဧရာဝတီ သတင်းဌာန၏ ၀က်ဆိုဒ်ကို လွန်ခဲ့သည့် အပတ် အင်္ဂါနေ့မှစတင်၍ အတိုက်အခိုက်ခံရပြီးနောက် အရံ အင်တာနက်ဆိုဒ်များ တည်ဆောက်ကာ အစားထိုးခဲ့ရာမှ ယနေ့တွင် ပုံမှန်ပြန်၍ လည်ပတ်နိုင်ပြီဖြစ်သည်။
ရပ်နားခဲ့ရသည့် ဧရာဝတီ သတင်းဌာန၏ ပုံမှန် အဓိက ဖော်ပြနေသော www.irrawaddy.org ၀က်ဘ်ဆိုဒ်ကို သောကြာနေ့ ညနေပိုင်းက စတင်၍ www.irrawaddymedia.com အရံ ဆိုဒ်ဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ရာ စနေနေ့ ညနေပိုင်းတွင် စတင်ကြည့်ရှု လည်ပတ်နိုင်ခဲ့သည်ဟု ဧရာဝတီ ရုံးမန်နေဂျာ ကိုဝင်းသူကပြောပြသည်။
နောက်ထပ် တိုက်ခိုက်မှုများရှိလာပါက ရှောင်ရှား ကာကွယ်နိုင်ရန် ၀က်ဘ်ဆိုဒ် လိပ်စာ အသစ်များကို စီစဉ် ထား သည်ဟုလည်း ၎င်းက ပြောသည်။
“နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်လာဘူးလို့ အသေအချာမပြောနိုင်ပါဘူး၊ မြန်မာစစ်အစိုးရ အနေနဲ့ ကုန်ကျ စရိတ် သက်သာမယ့် နည်းလမ်းနဲ့ ကျွမ်းသူတွေကို ခိုင်းပြီး တိုက်ခိုက်လာနိုင်ပါသေးတယ်”ဟု ကိုဝင်းသူ က ဆို သည်။
ပြီးခဲ့သည့် အပတ်အတွင်းက ဧရာဝတီ ဝဘ်ဆိုဒ်ကို နည်းပညာပိုင်းဆိုင်ရာ Distributed Denial of Services (DDoS) တိုက်ခိုက်ခြင်းဖြစ်သည်။ ယင်း DDoS တိုက်ခိုက်မှု အဓိက ရည်ရွယ်ချက်မှာ သတင်းဆိုဒ်များကို ဝင်ရောက်ဖတ်ရှု၍မရနိုင်ရန်ဖြစ်ပြီး မလိုလားသူတစုက နောက်ကွယ်မှ ငွေပေး ခိုင်းထားခြင်းဖြစ်နိုင်ကြောင်း ဝဘ်ဆိုဒ် နည်းပညာရှင်များ၏ အဆိုအရ သိရသည်။
DDoS တိုက်ခိုက်မှုသည် သတင်းအချက်အလက်များကို တပြိုင်နက်တည်း တစက္ကန့်အတွင်း (၁ ဂျီဂါဘိုက်) ခန့်ကို ဆာဗာတွင်းသို့ ပို့လွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းပမာဏသည် သာမန်လက်ခံနိုင်သည့် ပမာဏထက်အဆ ပေါင်းများစွာ ကျော်လွန်နေသည့်အတွက် ဆာဗာအလုပ်မလုပ်နိုင်ဘဲ ၀က်ဘ်ဆိုဒ် ရပ်ဆိုင်းသွားရခြင်းဖြစ် သည်ဟု လည်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ဧရာဝတီအင်တာနက် ဝက်ဘ်ဆိုဒ်ကို Trojans Virus ဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ၎င်း Virus အား ၄ရက်ကြာ အချိန်ယူ ရှင်းထုတ်ခဲ့ရသည်။
တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်းများနှင့် အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်မှုများပြုလုပ်နေကြောင်း အသုံးပြုသူများနှင့် အင်တာနက်ကဖီးဆိုင် လုပ်ငန်း ရှင်များက ပြောသည်။
အင်တာနက် အမြန်နှုန်းများကို သက်ဆိုင်ရာက လျှော့ချထားသည့်အတွက် ၎င်းတို့ အနေနှင့် ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အပါအ၀င် ဆိုဒ်ကြီးဖိုင်များ ပေးပို့၍ မရကြကြောင်း ရန်ကုန်မြို့တွင်းရှိ အင်တာနက် အသုံးပြုသူများ က ပြောဆိုသည်။
ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များအတွင်း အင်တာနက်အမြန်နှုန်းများမှာ ၁၀ မိနစ် တကြိမ်ခန့် သိသာစွာ လျော့ကျခဲ့ကြောင်း၊ အင်တာနက်ကဖီးဆိုင်များတွင် အင်တာနက်အသုံးပြုသူများအား အစိုးရ ဆန့်ကျင်သည့် ပြည်ပ သတင်းမီဒီယာ ၀က်ဘ်ဆိုက်များ အသုံးပြုမပြုကို အရပ်ဝတ် ရဲများက စောင့်ကြည့်မှုများပြုလုပ်နေကြောင်း လည်း သိရသည်။
အင်တာနက် အသုံးပြုသူများ၏ မှတ်ပုံတင်မှတ်တမ်းနှင့် အင်တာနက် အသုံးပြုမှုမှတ်တမ်းများကို ၂ ပတ်တကြိမ် ပေးပို့ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ရဲ ထောက်လှမ်းရေးများက ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင်များကလည်း ပြောပြသည်။
ယင်းကဲ့သို့ သတင်းပေးပို့ အကြောင်းကြားခြင်း မပြုလုပ်ပါက ပြဿနာ တစုံတရာဖြစ်ပေါ်လာလျင် ကိုယ့်တာဝန် ကိုယ်ယူရမည် ဖြစ်ကြောင်း အာဏာပိုင်များက မကြာသေးခင်က အမိန့်ထုတ်ပြန်ညွှန်ကြားသည်ဟုလည်း အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင် တဦး ကပြောသည်။
အင်တာနက်ဆိုင်များတွင် နိုင်ငံရေး လှုပ်ရှားသူများအပါအ၀င် ပြည်ပသတင်းဌာနများသို့ သတင်းပေးပို့သူများကို စောင့်ကြည့် စုံစမ်းရန် အရပ်ဝတ်ရဲများကို ချထားကြောင်း ရန်ကုန်မြို့ခံများကလည်း ပြောသည်။
စစ်အစိုးရက မကြာမီ အကြီးဆုံး အင်တာနက်ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်လာနိုင်သည့် ဟံသာဝတီ အင်တာနက် ဆယ်သွယ်ရေး ဌာနတခုကို လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တည်ဆောက်ခဲ့သော်လည်း အများပြည်သူ သိရှိရန် ထုတ်ဖော်ကြေညာခြင်းမပြုကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူတဦး က ဆိုသည်။
ယင်းဟံသာဝတီ အင်တာနက်ဌာနသည် ရန်ကုန်တိုင်းအပါအ၀င် နိုင်ငံတ၀န်း အသုံးပြုလိုသူများအတွက် ၀န်ဆောင်မှုပေးရန် ရည်ရွယ်ထားကြောင်းနှင့် လတ်တလောတွင် စစ်တပ် ဦးစားပေး အသုံးပြုနေကြောင်းလည်း သိရသည်။
ဟံသာဝတီ ဌာန တည်ဆောက်ရာတွင် တရုတ်နိုင်ငံ ရှန်ဟဲ ဘဲလ် ကုမ္ပဏီနှင့် နာမည်ကြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တို့က ထောက်ပံ့ကူညီခဲ့ကြောင်း၊ ဟံသာဝတီကို မန္တလေး ရတနာပုံ တယ်လီပို့နှင့် ချိတ် ဆက်ထားကြောင်း၊ နိုင်ငံတကာ အင်တာနက် ၀န်ဆောင်မှုဌာနများနှင့် အချိန်အဆက်ရှိသည့် ဟောင်ကောင် နိုင်ငံနှင့်ပါ ချိတ်ဆက်မှုရှိကြောင်းလည်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူက ပြောဆို သည်။
မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်း(MPT)၊ အစိုးရနှင့် ဖက်စပ်လုပ်သည့် ယခင် ပုဂံနက် ကို ပြောင်းလဲထားသော မြန်မာတယ်လီပို့ နှင့် ယခု ဟံသာဝတီ ဟူ၍ အင်တာနက် ဆက်သွယ်ရေးဌာနတို့ လက်ရှိ လည်ပတ်လျှက် ရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment