ကိုထွေး | စက်တင်ဘာ ၁၇၊ ၂၀၀၈
စစ်အစိုးရနှင့် မြန်မာအတိုက်အခံ ဒီမိုကရေစီအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြုလုပ် ရန် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(စီအာပီပီ)က ယမန်နေ့က တောင်းဆိုလိုက်သည်။
စစ်အစိုးရ၏ ၂၀၁၀တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်း၊ စစ်အာဏာပိုင်များနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးရေးစကားဝိုင်း ပေါ်ပေါက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက ထိရောက်သည့် ဖိအားပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြု လုပ်ခဲ့သည့် စီအာပီပီ (၁၀)နှစ်ပြည့်မိတ်ဆုံစားပွဲတွင်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။
ဦးအေးသာအောင်က“ပထမခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပိုင်တွေကြားတွေ့ဆုံ ဆွေး နွေးဖို့ပါ၊ ဒုတိယအဆင့် အနေနဲ့ စစ်အစိုးရက တိုင်းရင်းသား လူမျိုးစုတွေ အတိုက်အခံတွေနဲ့တွေ့ဖို့ပါ၊ လက်ရှိ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၉၀ ရွေးကောက်ပွဲက အရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး၊ ဒီမိုကရေစီအခြေခံပြီး ရေးဆွဲထားတာလဲ မဟုတ်ဘူး၊ တိုင်းရင်းသားတွေရဲ့အကျိုးကိုဖော်ဆောင်ပေးမယ့် အခြေခံ ဥပဒေလည်းမဟုတ်ဘူး၊ ပြီးခဲ့တဲ့ ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲဟာလည်း လူထုရဲ့လိုလိုလားလား ဆန္ဒပေးနိုင်တဲ့အခွင်အရေးမရှိသလို အတင်းအကျပ် လုပ်ခဲ့ တာတွေလည်းရှိတယ်၊ ဒါကြောင်မို့လို ဒီဖွဲ့စည်းပုံဟာ စီအာပီပီအဖွဲ့ဝင်တွေ အနေနဲ့လည်း လက်မခံ ဘူး၊ တရားမ၀င်ပါဘူး၊ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အားလုံး ပါဝင်ဆောင်ရွက်မှရမှာပါ”ဟု ဧရာဝတီသို့ပြောသည်။
ယမန်နေ့က (၁၀)နှစ်ပြည့် မိတ်ဆုံစားပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ ရာ လက်ရှိ အဖွဲ့ဝင် ၁၃ ဦး အနက်အဖွဲ့ဝင် ၁၁ ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(စီအာပီပီ)ကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသား ပြည်သူတရပ်လုံးဆန္ဒဖြင့် ရွေးချယ်တင်မြောက်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ၅၀ရာခိုင်နှုန်း ကျော်က ပြည်သူ့လွှတ်တော် ကိုယ်စားတရားဝင် ဆုံးဖြတ်လုပ်နိုင်ခွင့် အာဏာကို ပေးအပ်ခြင်းခံထားရသည့် တရားဝင် အဖွဲ့အစည်း တရပ်ဖြစ်သည်။
တချိန်တည်းတွင် စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲကိုကန့်ကွက်ရန် စီအာပီပီအား တိုက်တွန်းထားသော ကြေညာချက်တစောင်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(အန်စီယူဘီ)က ထုတ်ပြန်ခဲ့ သည်။
ယင်းကြေညာချက်တွင် စစ်အစိုးရနှင့် ပြည်သူလူထုအကြား စီအာပီပီ၏ ရပ်တည်မှုနှင့်ပတ်သက်၍ ခိုင်မာပြီး တိကျသေချာသည့် ရပ်တည်ချက်ကိုချမှတ်ရန်၊ မြန်မာလူထုအတွက် သမိုင်းပေးတာဝန်ကို စီအာပီပီ အနေ ဖြင့် ကျေပြွန်စွာထမ်းဆောင်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် တွေ့ဆုံဆွေးနွေး စကားဝိုင်းကို အမြန်ဆုံး အကောင်ထည် ဖော်ဆောင်သွားရန်လည်း တိုက်တွန်းထားသည်။
ထို့အတူ ဆာ့ခါရော့ဆု (Sakharov prize) ကိုဆွတ်ခူးရရှိခဲ့သူအဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အဖွဲ့ကလည်း ယင်းဆု ရရှိခဲ့ဖူးသောဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို အလျင်အမြန် လွှတ်ပေးရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် ယခင်ကထက် နှစ်ဆပိုမိုကြိုးပမ်း အားထုတ်သွားရန် သမဂ္ဂမှတာဝန်ရှိသူအားလုံးနှင့် အထူးသဖြင့် ယခုလက်ရှိ ဥက္ကဌရာထူးကို ရယူထားသော ပြင်သစ်နိုင်ငံကို ယမန်နေ့က တောင်းဆိုလိုက်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment