ကိုသက် | စက်တင်ဘာ ၂၄၊ ၂၀၀၈
ယမန်နေ့က ပြန်လည်လွတ်မြောက်လာကြသည့် အန်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လိုအပ်ကြောင်း ဧရာဝတီကို ပြောဆိုကြသည်။
စစ်အစိုးရက နိုင်ငံတော်သစ်တည်ရာတွင် ပြစ်ဒဏ်ကျအကျဉ်းသားများအား နိုင်ငံအကျိုးပြု နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်ရည်ရွယ်ချက်ဖြင့် အကျဉ်းသား ၉၀၀၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။ အဆိုပါ ပြန်လွှတ်ပေးသူများတွင် နိုင်ငံရေးအကျဉ်းသား ၇ ဦးသာ ပါဝင်သည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက် ၇၉ နှစ်ရှိ ထင်ရှားသည့် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၉၀ ရွှေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးဖြစ်သည့် ဦးဝင်းထိန်၊ အန်အယ်လ်ဒီ ပါတီဝင် ဦးသန်းနိုင်တို့ ဖြစ်ကြသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်စိုးမြင့်က “ဦးဝင်းတင်လိုပုဂ္ဂိုလ်၊ ဒေါ်မေ၀င်းမြင့်၊ ဆရာသန်းငြိမ်းတို့လွတ်လာတာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။ သို့သော် ကျနော်တို့က လွတ်တဲ့လူတွေအပေါ်မှ ကျေနပ်နေရုံနဲ့ မပြီးသေးဘူး .. အကြောင်းအမျိုးမျိုးနဲ့ လက်ရှိထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်ပါသေးတယ် .. ကျနော်တို့က သူတို့အတွက် ၀ိုင်းဝန်းစဉ်းစားပေးဖို့ လိုပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်းက “ကျနော်တို့ကို လွှတ်ရုံနဲ့တင်တော့ ဘယ်ဟုတ်မလဲ .. နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမှာပေါ့” ဟု ပြောသည်။
ဒေါ်က်တာသန်းငြိမ်းက ထောင်တွင်းဖြတ်သန်းမှုနှင့်ပတ်သက်၍ “နေရေး၊ ထိုင်ရေးက ရောက်ခါစတော့ အခက်အခဲရှိတာပေါ့ .. နောက်တော့အဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ပဲ အခက်အခဲ ရှိတယ်” ဟု ပြောသည်။
ဒေါက်တာ သန်းငြိမ်းနှင့် ဒေါက်တာ မေ၀င်းမြင့်တို့သည် ၂၀၀၄ ခုနှစ်တွင် ချုပ်ရက် ၇ နှစ် ပြည့်မြောက်ခဲ့သော်လည်း အာဏာပိုင်တို့က ပြန်မလွှတ်ဘဲ ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက်ဖမ်းဆီးထားခဲ့သည်။
“ဘာကြောင့်ဆက်ဖမ်းတယ်ဆိုတာတော့ သူ့တို့ပဲ (အာဏာပိုင်) သိမှာဗျ .. ကျနော်တို့က မဟုတ်တာမှ မလုပ်တာကိုး၊ ပထမ ၇ နှစ် ချတာလည်း ဘာလို့ချလည်းဆိုတာ နားမလည်ဘူးပေါ့ဗျာ။ ကျနော်တို့က တရားဝင်ပါတီလည်း ဖြစ်တယ်။ ပါတီမှာတာဝန်ရှိရှိနဲ့ လုပ်နေသူတွေလည်း ဖြစ်တယ်” ဟု ဒေါက်တာ သန်းငြိမ်းက ပြောသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သည့် ဦးဝင်းထိန်ကို စစ်ကိုင်းတိုင်းရှိ ကသာထောင်မှ ယမန်နေ့က လွှတ်ပေးလိုက်ပြီးမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်ကြောင်း အန်အယ်လ်ဒီသတင်းရပ်ကွက်က ပြောဆိုသော်လည်း အတည်မပြုနိုင်သေးပေ။
ဦးဝင်းထိန်၏ မိခင်က ဦးဝင်းထိန်နှင့် ယမန်နေ့က အဆက်အသွယ်ရရှိခဲ့သော်လည်း ယနေ့ အဆက်အသွယ် မရတော့သဖြင့် မိသားစုဝင်တဦး ကသာမြို့သို့လိုက်သွားသည်ဟု ဧရာဝတီကို ပြောသည်။
ဦးဝင်းထိန်အား ပြန်လည်ဖမ်းဆီးခြင်း ဟုတ် မဟုတ်ကို ဧရာဝတီက ကသာအကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းရာ “ကျနော်တို့မသိဘူး” ဟု ဖြေဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment