ကိုထွေး | စက်တင်ဘာ ၂၅၊ ၂၀၀၈
နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လို)ရုံးသို့ သွားရောက်ခဲ့သည့် အစ်မဖြစ်သူနှင့် တွေ့ခွင့်မပေး သောကြောင့် အဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက အကျဉ်းထောင်မှ ပေးသည့် အစား အသောက်များကို လက်မခံကြောင်း သိရသည်။
ယမန်နေ့က ညီမဖြစ်သူမစုစုနွေးနှင့် တွေ့ဆုံရန် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ရာ ထောင်အရာရှိတဦးက အိုင်အယ်လ်အို ရုံးသို့ သွားရောက်ခဲ့သည့်အတွက် ၎င်းအား တွေ့ခွင်မပြုနိုင်ကြောင်းပြောကြားသည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က ဧရာဝတီသို့ပြောသည်။
မဌေးဌေးကြည်က “ကျမ မနေ့ကလည်း ညီမလေးနဲ့ မတွေခဲ့ရဘူး၊ အဲဒါနဲ့ ကျမလည်းစိတ်ထဲမှာ ထင်တဲ့ အတိုင်း အိုင်အယ်လ်အိုရုံးကို သွားလို့ပေးမတွေ့တာလားလို့ အရာရှိတယောက်ကိုမေးလိုက်တော့ သူကဟုတ် တယ်လို့ ပြောတယ်၊ အိုင်အယ်လ်အိုက ညီမလေး အမှုတွဲကိုကူးခိုင်းတယ်၊ သူတို့လိုချင်လို့တဲ့၊ ညီမလေးက လည်း သွားခိုင်းလို့သွားတာ၊ အဲဒါ အက်စ်ဘီ က ကျမကို တွေ့တယ်လိုပြောတာပဲ”ဟု ပြောသည်။
ယခုအခါ မစုစုနွေးသည် ထောင်မှပေးသော အစားအစာများကို လက်မခံဘဲ အိမ်ကပေးပို့သည့် အစားအစာ များကိုသာ စားသောက်လျှက်ရှိကြောင်း ၊ အစ်မဖြစ်သူနှင့် တွေ့ခွင့်မပေးသဖြင့် ကျန်မိသားစုဝင်များကိုလည်း အတွေ့မခံကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ယင်းသို့ မစုစုနွေး ထောင်အစားအစာများကို လက်မခံသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ယခင်က မစုစုနွေးကို တပတ်လျှင် တနင်္လာနှင့် အဂါင်္နေ့များတွင် ပုံမှန်တွေ့ခွင့်ရသော်လည်း ယခုတွေ့ခွင့် မရ သည်မှာ ၂လ ခန့်ရှိပြီဖြစ်ကြောင်း၊ တွေခွင့်ရရေးနှင့် ပတ်သက်၍ ယခုအချိန်အထိ ဘာတခုမျှမသိရှိရ ကြောင်း၊ မစုစုနွေး၏ ကျန်းမာရေးမှာ သွေးအနည်းငယ် တိုးနေကြောင်းနှင့် လာမည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့ တွင် ရုံးထုတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုအဖွဲ ဆက်ဆံရေးဌာနမှ အရာရှိတဦးဖြစ်သော စတိဗ်မာရှယ်က မစုစုနွေး အမှုတွဲကို အစ်မဖြစ်သူထံမှ တောင်းဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သော်လည်း၊ မစုစုနွေး၏ဖြစ်စဉ် နှင့် ပတ်သက်၍ အိုင်အယ်လ်အို ရုံးတွင် ပြန်လည် သုံးသပ်သွားရန်ရှိကြောင်း၊ မစုစုနွေးအပါအ၀င် တခြား သော နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရရန် အတွက်လည်း အာဏာပိုင်များနှင့် ဆွေးနွေးနေ ကြောင်း ပြောသည်။
မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။
၎င်းမှာ၂၀၀၇ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီး မှုကြောင့် ရှောင်တိမ်း နေခဲ့ရဖူးသည်။
မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။
၂၀၀၇ ခု ရွေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် မစုစုနွေးသည် လွမ်းသူ့ပန်းခြင်းချခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
၂၀၀၇ ခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာသည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရသည်။
မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေးလွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့ဖူးသည်။
အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment