ကိုစိုး | စက်တင်ဘာ ၁၇၊ ၂၀၀၈
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရပြီးနောက်ပိုင်း ကျဆင်းနေသော ငါးလုပ်ငန်းကို ပြည်ပတင်ပို့မှုဖြင့် ပြန်လည် နာလန်ထူနိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဈေးကွက်များ ရှာဖွေလုပ်ကိုင်နေကြောင်း သိရသည်။
ကူဝိတ်နိုင်ငံ၊ အီရတ်နိုင်ငံ စသည့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တလ လျှင် ရေချိုငါး တန် ၂၀၀ ခန့် ကို ကူဝိတ် နိုင်ငံမှတဆင့် တင်ပို့ နေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ သိရသည်။
“ကူဝိတ်နိုင်ငံက မြန်မာ့ငါးလုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံဖို့လည်း ရှိပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန် ရှိသူတဦး က ပြောဆိုသည်။
တချိန်တည်းတွင်ပင် မြန်မာစစ်အစိုးရက ကူဝိတ်နိုင်ငံနှင့် ကန်ထရိုက် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ရန် သဘော တူ ထားပြီး ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း ပြောသည်။
“မြန်မာနဲ့ စီးပွားရေး လုပ်ကိုင်ဖို့ ကူဝိတ်အစိုးရနဲ့ မြန်မာအစိုးရတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးကြတယ်” ဟု ၎င်းက ပြောပြသည်။
သြဂုတ်လ အစောပိုင်းက ကူဝိတ် ၀န်ကြီးချုပ် ရှိတ်နာဆာ အယ်လ်မိုဟာမက် အယ်လ်အာမက် အယ်လ်ဂျာဘား အယ်လ်ဆာဘား ဦးဆောင်သည့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် ၀န်ကြီးအဖွဲ့ဝင်များ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ယင်းနားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ထိုး ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ကူဝိတ်ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်သို့သွားရောက်၍ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ကူဝိတ်-မြန်မာ သဘောတူညီမှုတွင် ဆီအုန်း စိုက်ပျိုးရေးအတွက် ကူဝိတ်အစိုးရက ဓာတ်မြေသြဇာ အကူအညီ ပေးမည်ဟု ပါရှိကြောင်းလည်း သိရသည်။
ယခု မြန်မာနှင့် ကူဝိတ်တို့၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရှိရပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကိုမူ အသေးစိတ် မသိရှိရပေ။
ပြည်ပတွင်ရောက်ရှိနေသော စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦးက မြန်မာနိုင်ငံ၏ သဘာဝအရင်း အမြစ်များနှင့် ပတ်သက်၍ မည်သည့် ပြည်ပနိုင်ငံများနှင့် သဘောတူလုပ်ကိုင်သည်ဖြစ်စေ စစ်အစိုးရသာလျှင် အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး ပြည်သူလူထုက ရရှိမည်မဟုတ်ကြောင်း ပြောဆိုသည်။
ယခု သဘောတူညီချက်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ တချို့ အကျိုးအမြတ် ရရှိနိုင်သော်လည်း မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနှင့်သင်တန်းကျောင်းများ အမှန်တကယ် လိုအပ် ကြောင်း၊ လယ်ယာလုပ်ကိုင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေထောက်ပံ့မှုမှာ နည်းပါးသေးကြောင်းတို့ကို လည်း ၎င်းက ပြောသည်။
“လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးဖို့အတွက် အဲဒီလို အစီအစဉ်တွေ မလုပ်ဘဲ လွယ်လွယ်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး”ဟု အထက်ပါ အငြိမ်းစား စီးပွားရေး ပါမောက္ခ က ဆိုသည်။
ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကလည်း“လယ်သမားတချိုကတော့ ၀င်ငွေပိုရရင် ရနိုင်မယ်၊ ဒါပေမယ့် အခုထက်ပို တိုးတက်ဖြစ်ထွန်းဖို့ အတွက်တော့ ငွေကြေးအင်အားနဲ့ နည်းပညာတွေ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment