ဧရာဝတီ | စက်တင်ဘာ ၁၇၊ ၂၀၀၈
မြန်မာနိုင်ငံ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသည့် နိုင်ငံများအား လက်နက်ရောင်းဝယ်နေသော ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများကို ဆက်လက် ရောင်းဝယ်ခြင်းမပြုဘဲ ရပ်နားကြရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) အနေဖြင့် မကြာသေးမီက ဖိအားပေး တောင်းဆိုလိုက်သည်။
“ကမ္ဘာနဲ့အဝန်း ရောင်းဝယ်နေတဲ့ ပေါင်ချိန် သန်းပေါင်းများစွာသော လက်နက်တွေကြောင့် ကြောက်စရာကောင်းတဲ့ လူ့အခွင့်အရေး ထိပါးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်” ဟု လက်ရှိထွက်ပေါ်လာသည် အေအိုင် အစီအရင်ခံစာတွင် ပါရှိသည်။
၎င်းအစီအရင်ခံစာတွင် မြန်မာပြည်သို့ တင်သွင်းနေဆဲဖြစ်သည့် လက်နက်ပမာဏ အမြောက်အများကြောင့် မြန်မာပြည်သူလူထု ဖိနှိပ်ခံနေရခြင်းဖြစ်သည်ဟု ရေးသားထားသည်။
တရုတ်၊ ဆားဗီးယား၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က လက်နက်များကို အမြောက်အများ ရောင်းချနေခြင်း ဖြစ်ပြီး လက်တလောတွင် အိန္ဒိယနိုင်ငံက လက်နက်များစွာ မှာယူထားကြောင်း အစီအရင်ခံစာအရ သိရသည်။
လာမည့် အောက်တိုဘာတွင် ကျင်းပမည်ဖြစ်သော ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ နိုင်ငံကြီးများ အစည်းအဝေးတွင်လည်း လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးကို အပြင်းအထန် ဆွေးနွေးသွားမည်ဖြစ်သည်။
“အခုအချိန်က လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းရေးစာချုပ် ချုပ်ဆိုရမယ့်အချိန်ပဲ” ဟု အေအိုင်၏ ဒါရိုက်တာ တဦးဖြစ်သူ ကိတ်အလန်က ပြောသည်။
မြန်မာပြည်ကို အပြည်ပြည်ဆိုင်ရာက လက်နက်ရောင်းချမှု ရပ်ဆိုင်းရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် တောင်းဆိုထားသော်လည်း တရုတ်နှင့် ရုရှားတို့က ဆက်လက် ရောင်းချနေဆဲဖြစ်သည်ဟု အေအိုင်၏ လက်နက်ထိန်းချုပ်ရေး သုတေသနမှူး ဟယ်လင်ဟျူးခ်ျက ပြောသည်။
“မြန်မာပြည်ကို တရားမဝင်လက်နက် ကုန်သွယ်တဲ့ကိစ္စကို တားဆီးနိုင်ဖို့ ဒီအပြည်ပြည်ဆိုင်ရာ သဘောတူညီမှု စာချုပ်က သက်ရောက်မှုရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီစာချုပ်က မြန်မာပြည်အတွက် အထူးသဖြင့် လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့စစ်တပ်တွင်း အင်အားကို ခေတ်မီလက်နက်တွေသုံးပြီး ၂ ဆ တိုးမြှင့်ဖို့ ကြိုးစားနေလို့ပါပဲ” ဟု ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ သုတေသန တာဝန်ခံ ဦးဌေးအောင်က ပြောသည်။
တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူတဦးဖြစ်သည့် ဦးအောင်ကျော်ဇောကလည်း ယခုကဲ့သို့ လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို တကမ္ဘာ လုံးအတိုင်းအတာနှင့် ပြုလုပ်ခြင်းက မြန်မာပြည်သူလူထုအတွက် အလွန်ကောင်းမွန်သည်ဟု ဆိုသည်။ စစ်အစိုးရအနေနှင့် လက်နက်များကို တင်သွင်းကာ ၎င်းတို့၏ အာဏာကို ကျယ်ပြန့်အောင်လုပ်ရင်း ပြည်သူလူထုအပေါ် ညှဉ်းပမ်းနှိပ်စက်နေသည်ဟု သူက ဆက်ပြောသည်။
“တရုတ်ကတော့ ဒီလိုလက်နက် တင်သွင်းနေတာရဲ့ အဓိကတရားခံပဲ။ မြန်မာစစ်အစိုးရကို ၉၀ ရာခိုင်နှုန်းလောက် ထောက်ပံ့ကူညီနေတာ သူတို့ပါပဲ” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment