ကိုသက် | စက်တင်ဘာ ၂၅၊ ၂၀၀၈
ရှမ်းပြည်နယ် လားရှိုးထောင် အထူးတိုက်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှ နိုင်ငံရေးဆက်လုပ်သွားမည်ဟု ဧရာဝတီကို ယနေ့ပြောဆိုသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်က လားရှိုးမှ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိနေအိမ်သို့ ပြန်လည်ရောက်ရှိလာသည့် ဦးခင်မောင်ဆွေက “တွေ့ဆုံဆွေးနွေးရေးဟာ ၂၁ ရာစုမှာရှိနေတဲ့ နိုင်ငံရေးသံတမန်နည်းလမ်းတခုလို့ ယုံကြည်တယ်၊ စကားပြောပွဲတွေ ဆက်သွားနေသမျှကာလပတ်လုံး မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေး အခက်အခဲတွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
“တွေ့ဆုံဆွေးနွေးမှုကတဆင့် အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နိုင်ရင် နိုင်ငံရေးပြဿနာအားလုံးကလည်း ပြေလည်သွားနိုင်စရာရှိပါတယ်၊ အဲဒီအထိ မျှော်လင့်ထားဆဲပါပဲ။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ပြက်ရယ်ပြုချင်တဲ့သူတွေ ရှိမယ်ဆိုရင်လည်း မလုပ်ကြပါနဲ့လို့ အနူးအညွတ် ပန်ကြားချင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆက်ပြောသည်။
ဦးခင်မောင်ဆွေကို စစ်အစိုးရက ၁၉၉၁ ခုနှစ်တွင်တကြိမ်ဖမ်းဆီးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် ဖမ်းဆီးထောင်ချခဲ့သည်။ အဖမ်းခံရသည့် ၂ ကြိမ်အတွင်း ထောင်တွင်း၌ ၁၆ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသည်။
ဦးခင်မောင်ဆွေသည် အကျဉ်းကျနေစဉ် နှလုံးသွေးကြောကျဉ်းရောဂါကိုရရှိခဲ့ပြီး ယခုအချိန်အထိ ဆေးဝါးကုသမှု ခံယူနေရသည်။
ဦးခင်မောင်ဆွေက ၎င်း၏ ထောင်တွင်းရပ်တည်ချက်နှင့်ပတ်သက်၍ “ယုံကြည်ချက်တခုပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး အချိန်တန်လို့ရှိရင် ဒီယုံကြည်ချက် ပြည့်မီမှာပဲ .. ဇွဲကောင်းကောင်းနဲ့ နေဖို့လိုတယ် .. ယုံကြည်ချက်ကြောင့် မိသားစုဘ၀ကို စွန့်လွှတ်ခဲ့ပြီးမှတော့ .. ယုံကြည်ချက်ကိုဖက်တွယ်ပြီးနေမှသာလျှင် ထောင်ထဲမှာ နေလို့ရမယ်” ဟု ပြောသည်။
စစ်အစိုးရက နိုင်ငံတော်သစ်တည်ရာတွင် ပြစ်ဒဏ်ကျအကျဉ်းသားများအား နိုင်ငံအကျိုးပြုနိုင်ငံသားများအဖြစ်သို့ ပြောင်းလဲ ပေးရန်ရည်ရွယ်ချက်ဖြင့် အကျဉ်းသား ၉၀၀၂ ဦးကို ယခုလ ၂၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ ပြန်လွှတ်ပေးသူများ တွင် နိုင်ငံရေးအကျဉ်းသား ၇ ဦးသာ ပါဝင်သည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက် ၇၉ နှစ်ရှိ ထင်ရှားသည့် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာ မေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးဖြစ်သည့် ဦးဝင်းထိန်၊ အန်အယ်လ်ဒီ ပါတီဝင် ဦးသန်းနိုင်တို့ ဖြစ်ကြသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သည့် ဦးဝင်းထိန်ကို စစ်ကိုင်းတိုင်းရှိ ကသာထောင်မှ လွှတ်ပေးလိုက်ပြီးမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်ကြောင်း အန်အယ်လ်ဒီသတင်းရပ်ကွက်က ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment