ရန်ကုန်သား တာတေ | စက်တင်ဘာ ၁၇၊ ၂၀၀၈
ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့သည် ညောင်ပင်အောက်တွင်ထိုင်ကာ ပြက္ခဒိန်တခုနှင့် အလုပ်ရှုပ်နေလေ၏။ ၎င်းတို့သည် ၂၀၀၈ ပြက္ခဒိန်၏ စက်တင်ဘာစာမျက်နှာရှိ ရက်စွဲတချို့ကို ရေးမှတ်လျက် ရှိသည်။
ရုက္ခစိုး။ ။ နှစ်တနှစ်ရဲ့လတွေထဲမှာ စက်တင်ဘာလကတော့ ငါတို့မြန်မာပြည်သားတွေအတွက် တကယ့်ကို အမှတ်တရဖြစ်စေတဲ့နေ့တွေ တနှစ်ထက်တနှစ် များများလာတယ်ကွ။
ကြွက်စုတ်။ ။ ဟုတ်တာပေါ့ ဦးရုက္ခစိုးရဲ့ လဆန်းရက်တွေကနေစတွက်ကြည့်ရင် ပခုက္ကူ ဘုန်းကြီးတွေကို ရိုက်တဲ့နေ့၊ ရန်ကုန်မှာ ဘုန်းကြီးတွေစထွက်တဲ့နေ့၊ တနိုင်ငံလုံးက ဘုန်းကြီးတွေဆန္ဒပြတဲ့နေ့၊ စီအာပီပီ ဖွဲ့တဲ့နေ့၊ ၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ဖြစ်တဲ့နေ့၊ ကိုးလေးလုံးနေ့၊ န၀တ အာဏာသိမ်းတဲ့နေ့၊ ဘုန်းကြီးတွေကို ရိုက်တဲ့နေ့၊ ပစ်တဲ့နေ့ …. အားပါး … များလိုက်တဲ့ အထိမ်းအမှတ်နေ့တွေဗျာ။
ဖိုးရှုပ်။ ။ အဲဒိလောက်အထိ အထိမ်းအမှတ်နေ့တွေများနေမှတော့ ဒီမိုကရေစီရတဲ့အခါကျရင် စက်တင်ဘာတလလုံးကို မြန်မာနိုင်ငံရဲ့မော်ကွန်းဝင်လအဖြစ်နဲ့ တလလုံးရုံးပိတ်ရက်သတ်မှတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရေးစွဲရမှာဗျ။
ရုက္ခစိုး။ ။ အရေးထဲ ဒီငပျင်းက ငပျင်းကျင့်၊ ငပျင်းကြံ နဲ့ … ဒီမိုကရေစီရတဲ့အထိမစောင့်တော့ဘဲ မင်းတို့ရုံးမှာ အခုကစပြီး ပိတ်ကြည့်ပါလား။
ဖိုးရှုပ်။ ။ ကျနော်တို့ဘက်ကတော့ အဲဒီအကြံကို လက်ခံဖို့အသင့်ပါ … ဒါပေမယ့် ကျန်တဲ့ရုံးတွေလည်း လိုက်ပါဆောင်ရွက်ကြမယ်ဆိုရင် ပိုအားကောင်းတာပေါ့ဗျာ။
ရုက္ခစိုး။ ။ မင်းပြောပုံအရဆို ငါ့နတ်ကွန်းတောင် စက်တင်ဘာတလ ပိတ်ထားရမလို ဖြစ်နေပြီ။
ကြွက်စုတ်။ ။ အေးဗျာ … ဘာလိုလိုနဲ့ စစ်တပ်ကအာဏာသိမ်းတာ မနက်ဖြန်ဆို အနှစ် ၂၀ ပြည့်ပြီနော် …။ ဒီကောင်တွေ အခုအချိန်အထိ စစ်တန်းလျားပြန်မယ့် အရိပ်အယောင် မတွေ့ရသေးဘူး။
ဖိုးရှုပ်။ ။ လမ်းမမှတ်မိတော့လို့ပါကွ … ဟားဟား။ တနေ့တနေ့ သတင်းစာကနေ နိုင်ငံတော် အကြီးအကဲ .. ဘာညာပြောနေမှတော့ စစ်တန်းလျား ပြန်ပါ့မလားကွ။
ဦးရုက္ခစိုးက မြန်မာတော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းများမှ သရုပ်ဆောင်လေသံဖြင့် …
ရုက္ခစိုး။ ။ ဒီကောင်တွေ စစ်တန်းလျားပြန်ဖို့ဆိုတာ မင်းတို့၊ ငါတို့လိုလူတွေ .. အဲ … လူ၊ နတ်၊ ဗြဟ္မာတွေရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်မှရမှာ။
ဖိုးရှုပ်။ ။ အရေးထဲ သူကပဲ နိစ္စဓူဝ ဒုက္ခခံနေရတဲ့လူတွေထက်ပိုပြီး တက်ကြွပြနေသေးတယ်။ မြန်မာ့အရေး ကျွမ်းကျင်တဲ့ဘိုတွေလို အိုးကမပူ စလောင်းကပူ ဆိုတာမျိုး ဖြစ်နေမယ်နော် … အပြောအဆိုဆင်ခြင်မှပေါ့။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ … ရုက္ခစိုးတောင် အဲဒီလောက်တိုင်းပြည်ကိုချစ်နေတယ်ဆိုရင် စစ်တပ်က ရှေးကထက် ပိုချစ်ပြတော့မှာပေါ့။ ဒီနေ့မြန်မာ့အလင်းမှာ ဆောင်းပါးရှင်က ပေါတာကြီးကို နိုင်ငံပြုသုခမိန် (statesman) သယောင်ရေးထားပြီး နောက်မျိုးဆက်အတွက်ပါကြည့်တဲ့ ပုဂ္ဂိုလ်မြတ်ကြီးပေါ့ဗျာ … ဖားထားတယ်ဗျ။
ဒီနေ့အဖို့တော့ ရုက္ခစိုးကြီး ခံနေရပြီ။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ၎င်းအား အကြိတ်အနယ် တွယ်နေကြ၏။
ရုက္ခစိုး။ ။ မင်းတို့ကောင်တွေနဲ့ ပြောရတာလည်းကွာ စကားတခွန်းတောင်အမှားမခံဘူး။ တောင်ပြုံးက ၃၇ မင်းလိုပါပဲလား။ အမှားကို မခံဘူး။
ကြွက်စုတ်။ ။ မမှားသင့်တာ မမှားရလေအောင် ပြောတာပါ၊ နောက်ဆို ဆင်ခြင်လို့ ရတာပေါ့။
ဦးရုက္ခစိုးက လိမ်မာပါးနပ်စွာပင် ပြောနေသည့်စကားလမ်းကြောင်း ပြောင်းလေ၏။
ရုက္ခစိုး။ ။ ပြည်တွင်းသတင်းထူးလေးဘာလေး မရှိကြဘူးလား။ ထူးခြားသတင်းတွေမကြားရတာ ကြာလှပေါ့။
ကြွက်စုတ်။ ။ ရန်ကုန်က မိတ်ဆွေတချို့ဆီကကြားတာတော့ … ဖိုးရှုတ်တို့ ဧရာဝတီကို ရဲအရာရှိကြီးတွေ အမြဲ စောင့်ဖတ်ကြတယ်ဆိုပဲ။
ကြွက်စုတ်၏စကာကြောင့် ဖိုးရှုပ်နှင့် ဦးရုက္ခစိုးမှာ ခေါင်းမွေးများပင် ထောင်ကုန်၏။
ရုက္ခစိုး။ ။ မင်းသတင်း တယ်ထူးခြားပါလားကွ။ ရဲကတောင် ဧရာဝတီကို စောင့်ဖတ်တယ်ဆိုတော့ ဒီမိုကရေစီရဖို့ သိပ်မဝေးတော့ဘူးပေါ့။
ကြွက်စုတ်။ ။ အဲ … ဒါပေမယ့် စောင့်ဖတ်တာ အကြောင်းတော့ ရှိတယ်ဗျ။
ရုက္ခစိုး။ ။ ပြောစမ်းပါဦး။
ကြွက်စုတ်။ ။ သူတို့သတင်းဌာနက အခုနောက်ပိုင်း တရားခံမပေါ်တဲ့ မှုခင်းသတင်းတွေရေးလွန်းတော့ ကြွက်ချုပ် (ရဲချုပ်) ခင်ရီက အောက်ခြေအဆင့်ဆင့်ကို ခေါ်ဆူလွန်းလို့ သဲလွန်စရှာတဲ့သဘောနဲ့ စောင့်ဖတ်ကြတာပါ။
ဖိုးရှုပ်။ ။ အမှန် ကြွက်က (ရဲ) တရားခံမဖော်ထုတ်နိုင်လို့ အမှုမပေါ်တာမဟုတ်ဘူး။ တရားစီရင်ရေးစနစ်ရဲ့ အားနည်းချက်တွေကြောင့် ဖမ်းလဲမထူးပါဘူးဆိုပြီး လွှတ်ပေးတဲ့ သဘောမှာရှိတယ်။
ကြွက်စုတ်။ ။ ပြောစမ်းပါဦး … တရားစီရင်ရေး အကြောင်းလေး …။
ဖိုးရှုပ်။ ။ ဒီလိုလေ ရဲကတော့ တာဝန်အရ ဖမ်းလိုက်ပေမယ့် တရားခံက ဟိုအကောင်နဲ့ပတ်သက်၊ ဒီလူကြီးနဲ့ နီးစပ်ဆိုတော့ ဖမ်းသင့်၊ မဖမ်းသင့်ကို စဉ်စားရတာပေါ့။
ရုက္ခစိုး။ ။ တရားစီရင်တင်ဘယ်ကမလဲ ထောက်လှမ်းရေးစနစ်တွေကလည်း အထင်ကြီးစရာ မရှိပါဘူးကွာ။ လူတွေကို သေလုမြောပါးရိုက်နှက်စစ်ဆေးနေမှတော့ အနာမခံနိုင်တဲ့အဆုံး ကိုယ်လုပ်လုပ်၊ မလုပ်လုပ် ခေါင်းညိတ်လိုက်ကြတာက ခပ်များများရယ်။
ဖိုးရှုပ်။ ။ အေးဗျာ … ကြုံတုန်း တရားခွင်က အလွဲလေးတခုကို ပြောပြဦးမယ်။
ကြွက်စုတ်။ ။ ရယ်သောသူ အသက်ရှည်၏တဲ့ … လုပ်ပါဦး အသက်ရှည်ဆေးလေး။
ဖိုးရှုပ်။ ။ ပြီးခဲ့တဲ့အပတ်က လူရွှင်တော် ဇာဂနာကို ရုံးထုတ်တုန်းက တရားရုံးက သူ့ကိုစွဲချက်တင်တဲ့ ကိစ္စလေးတခုပါ … စွပ်စွဲချက်ကဘာလဲဆိုတော့ သီးလေးသီး အငြိမ့်အဖွဲ့ နိုင်ငံခြားကိုထွက်ခွာတုန်းက မြ၀တီမြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ကိုဇာဂနာက အကူအညီ ပေးခဲ့တယ်လို့ စွဲချက်တင်တယ်လေ။
ဖိုးရှုပ်၏စကားကြောင့် ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ တဟားဟားဖြစ်နေပုံမှာ မျက်ရည်များပင်ထွက်ကြလေ၏။ အဘယ့်ကြောင့်ဆိုသော် သီလေးသီး အငြိမ့်အဖွဲ့တဖွဲ့လုံးသည် စစ်အစိုးရ၏ နိုင်ငံကူးလက်မှတ်ရုံးက ထုတ်ပေးလိုက်သည့် ပတ်စ်ပို့များဖြင့် ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းမှ တရားဝင်ထွက်ခွာခဲ့ခြင်းကြောင့်ပင်။
ကြွက်စုတ်။ ။ မမှားသောထောက်လှမ်းရေး မသေသော တပ်ချုပ် ဆိုတဲ့ စကားပုံလိုပေါ့ကွာ … မှားတဲ့အခါလည်း မှားပေမပေါ့။
ရုက္ခစိုး။ ။ မမှားသောရှေ့နေ မသေသော ဆေးသမားပါကွ။
ကြွက်စုတ်။ ။ မသေသော ဆေးသမားမဟုတ်တော့ဘူး။ ကျနော်ကိုယ်တိုင် အဲဒီစကားပုံကို မော်ဒီဖိုင်း (ဆန်းသစ်) လုပ်ထားတာ။ ဘာလို့လဲဆိုတော့ တပ်ချုပ်ကြီးက ဘ၀ပြောင်းတယ်ဆိုပြီး ကောလာဟလတွေသာ ထွက်ထွက်လာပြီး လက်တွေ့မှာ ပစ်လိုက်တိုင်းထောင်လို တထောင်ထောင် ဖြစ်နေလို့ဗျ။
ကြွက်စုတ် မော်ဒီဖိုင်းထားသည့် စကားပုံက အဆန်းပင်။ လက်ရှိတပ်ချုပ် အမှန်အကန် ဘ၀ပြောင်းပါက မြန်မာပြည်သူတို့ ဆုတောင်းပြည့်သည်ဟု ဆိုရမည်ပင်။ သို့သော် နောက်ထပ်တက်လာမည့် တပ်ချုပ်ကကော … ဦးရုက္ခစိုးက တကိုယ်တည်း အသံတိတ် စဉ်းစားနေသော်လည်း အဖြေကထွက်မလာ။ အာရုံတွေသာ တဖြည်းဖြည်းေ၀၀ါး၍ နေပါတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment